စစ်ကိုင်းနဲ့ကချင်အစပ် စစ်ရေးအချက်အချာ ဒေသတွေရဲ့ အခြေအနေ

တုံးကောက်ရွာနှင့် စီသောင်ရွာမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးမှု

ဓာတ်ပုံ ရင်းမြစ်, People Defense Force - ShweGu

ဓာတ်ပုံ ပုံစာ, တုံးကောက်ရွာနှင့် စီသောင်ရွာမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးမှု
ရေးသားခဲ့သည်။

စစ်ကောင်စီရဲ့ ဧပြီလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာပါတဲ့ ဧရာဝတီအရှေ့ဘက်အခြမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အရှေ့ဘက် ဌာနချုပ်အဖြစ် အခြေပြုရန်ကြိုးပမ်းနေတယ်ဆိုပြီး ပါရှိပါတယ်။

ဒါအပြင် မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနဲ့ နမ့်လန် ကျေးရွာတွေကို မတ်လ ၂၃ ရက်နေ့က နေ ဧပြီလ ၈ ရက်နေ့အထိ စစ်ကောင်စီက တိုက်ခိုက်ခဲ့တာဟာ အဲဒီဒေသတွေမှာ ကေအိုင်အေနဲ့ PDF အဖွဲ့တွေ ရွာအတွင်း လှုပ်ရှားမှုတွေ ရှိတဲ့အတွက်ကြောင့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာပါတဲ့ အဲဒီရွာတွေဟာ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက ကျေးရွာတွေဖြစ်ပြီး အဲဒီဒေသတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ သုံးခု ဆုံရာ တြိဂံပုံစံနယ်နိမိတ်ချင်းထိစပ်နေပြီး စစ်ရေးနဲ့ လုံခြုံရေးအရ နယ်မြေစိုးမိုးရေးမှာ အချက်အချာကျတဲ့ဒေသတွေ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အဲဒီနေရာတွေတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

စစ်ကောင်စီက အဲဒီနေရာကို စစ်ဆင်ရေးဆောင်ရွက်ရာမှာ ကေအိုင်အေ PDF အဖွဲ့တွေရဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်ရမိခဲ့တဲ့အပြင် လူနေအိမ်တွေမှာလည်း ဘန်ကာတွေ၊ ပစ်ကျင်းတွေ မိုင်းအတားအဆီးတွေကို တွေ့ရှိရတယ်ဆိုတဲ့အချက်အလက်တွေကို ထည့်သွင်းဖော်ပြ ထုတ်ပြန်ထားပါတယ်။

အခုလို စစ်ကောင်စီက နေရာဒေသတွေနဲ့တကွ ထုတ်ပြန်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ နေရာတွေဟာ စစ်ကောင်စီကနေပြီး ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကစလို့ နှစ်ပတ်အကြာ ကုန်းကြောင်း သာမက လေကြောင်းလိုင်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်။

ကျင်းတွေ၊မြောင်းတွေထဲမှာ နေထိုင်ကြတဲ့ ဒေသခံတွေ

အိမ်ထဲပျက်စီးကုန်တာကြောင့် နေအိမ်တွေမှာ ပြန်နေကြဖို့ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, People Defense Force - ShweGu

ဓာတ်ပုံ ပုံစာ, ရွာတွေပျက်စီးကုန်တာကြောင့် အိမ်တွေမှာ ပြန်နေကြဖို့ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေပြော

စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက်ခဲ့တဲ့ထဲမှာ မန်ဝိန်းနဲ့စီသောင်ကတော့ ရွာပျက်စီးမှုဟာ အဆိုးဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဲဒီက ဒေသခံတွေဟာ နေရေးထိုင်ရေးလည်း ဒုက္ခတွေ့နေရပြီး ရွာထဲလည်းပြန်မဝင်ရဲသလို စားဝတ်နေရေးလည်းအလွန်ခက်ခဲနေကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“ရွာကတွေကတော့ရွာထဲကို မဝင်ရဲကြတော့ဘူး တဲတွေမှာ နေထိုင်တယ်။ ကျွန်တော်တို့ မိသားစု နှစ်စုသုံးစုလောက်ပဲ အခု ရွာထဲ ပြန်ဝင်နေတာ။ မန်ဝိန်းက တော်တော်အခြေအနေဆိုးတယ်။ စားဝတ်နေရေး အခက်အခဲကလည်း တအားခက်ခဲတယ်။ အခုစားနေရတာက ပြည်သူထဲက ပြည်သူ ဝေမျှပေးတာလေးတွေနဲ့ စားသောက်နေကြတယ်။ လောလောဆယ်ဆယ်လေးပေါ့။ အဖွဲ့အစည်းတွေကတော့ မလာသေးဘူး။ အဓိက အခက်ခဲဆုံးကတော့ ရေ။ ရေကတော့ ခက်ခဲတယ် “လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

လေကြောင်းနဲ့ ၆ ရက်ဆက်တိုက် ဗုံးကျဲ ခံထားရတဲ့ စီသောင်နဲ့ မန်ဝိန်းက ဒေသခံတွေကတော့ တခြားဒေသကို ထွက်သွားဖို့လည်း အဆင်မပြေတာကြောင့် လေကြောင်းတိုက်ခိုက်မှုထပ်လာမှာကို စိုးရိမ်ပေမဲ့ မြောင်း တွေ၊ ကျင်းတွေ စတဲ့လေကြောင်းရန်ကို ကာကွယ်လို့ရနိုင်တဲ့ နေရာတွေမှာ ရွေးချယ်နေထိုင်နေရတယ်လို့ ဆိုပါတယ်။

မတ်လ ၂၃ ရက်နေ့ကနေ ဧပြီ ၈ ရက်နေ့ အထိ တိုက်ခိုက်ခံထားရတဲ့ မန်ဝိန်းရွာဟာ အိမ်ခြေ ၁၈၀ ကျော် ရှိတဲ့ထဲမှာ အိမ်ခြေ ၃၀ လောက်တာကျန်ခဲ့တာဖြစ်ပြီး ကျန်ရှိခဲ့တဲ့အိမ်တွေကလည်း နေထိုင်လို့မရဘဲ လက်နက်ကြီးတွေ ထိမှန်ခံထားရတဲ့ အိမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

အများအားဖြင့်မန်ဝန်းဒေသခံတွေကတော့ တောတောင်ထဲမှာသာ ဆက်လက်နေထိုင်နေကြတာဖြစ်ပြီး ရွာထဲကို တော့ ရဲရဲတင်းတင်းမနေထိုင်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တကယ်လို့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်လာရင်လည်း ပြည်သူတွေအနေနဲ့တော့ ဘာမှမတတ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

“လေကြောင်းတိုက်ခိုက်မှုကတော့သူတို့က လူစုတာများတယ်။ လူစည်တယ်ဆိုရင် လုပ်မှာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် လာခဲ့ရင်လည်း ပြေးရင်၊ ပုန်းရင်ကလွဲလို့ ဘာတတ်နိုင်မှာမှ မဟုတ်တာ။

သူတို့ကလည်း လူများတာကိုပဲ လုပ်တာလေ။ အမှားအမှန် အကြောင်းအကျိုး အတိမ်အနက်ကို ဝေဖန်တော့တာ မဟုတ်ဘူး။ အကုန်မီးရှို့ ဗုံးနဲ့ချ ဆိုတော့ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့ ။

စိုးရိမ်ရင်လည်း စားစရာမရှိ၊ သွားစရာမရှိဆိုတော့ စိုးရိမ်တာကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး” လို့ မန်ဝိန်းဒေသခံတစ်ယောက်က သူရဲ့စိုးရိမ်မှုကို ပြောပါတယ်။

“အသည်းကို အပ်နဲ့ဆွတာထက် နာကျင်ခံစားနေရတယ်”

ရွာ အပျက်အစီး

ဓာတ်ပုံ ရင်းမြစ်, People Defense Force - ShweGu

ဧပြီလ ၁၁ ရက်ကလည်း ပဇီကြီးရွာအပြင်ဘက်မှာ NUG ရဲ့ အုပ်ချုပ်ရေးရုံးဖွင့်ပွဲကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ပြီးလေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဝန်ခံထားတဲ့ စစ်ကောင်စီဟာ အခု ဒီဒေသက ကျေးရွာတွေကိုလည်း ဆက်ပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ ယူဆချက်နဲ့ ဒေသခံတွေကြား စိုးရိမ်နေကြပါတယ်။

“သူတို့ကတော့(စစ်ကောင်စီ)လေကြောင်းတိုက်ခိုက်မှုတွေကတော့ သူတို့ပြောချင်ရာတွေ ပြောပြီး လုပ်ချင်ရာတွေလုပ်နေကြတာ။ သူတို့ပါးစပ်မှာပဲရှိတာကို။ ကျွန်တော်တို့က လက်တွေ့ကျကျ ခံစားရတာ။

သူတို့တွေက(စစ်ကောင်စီ) စစ်တိုက်တာမှ မဟုတ်တာဗျ။ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်စီးတာ အဲလိုစိတ်ဓာတ်မျိုးနဲ့လုပ်တာ။ တကယ်ဆို စစ်တိုက်တာဗျာ၊ စစ်ပဲတိုက်ပေါ့ ဘာဖြစ်လို့ပြည်သူတွေကို ထည့်ပြီးသတ်ဖြတ်တာလဲ။ ကျွန်တော်တို့ ပြည်သူရင်ထဲမှာတော့ ဘယ်လိုမှကို မခံမရပ်နိုင် အသည်းကို အပ်နဲ့ဆွတာထက် နာကျင်ခံစားနေရတယ်” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဒါအပြင် လက်ရှိ တဲတွေ၊ တောတောင်တွေမှာ ပုန်းခိုနေထိုင်သူတွေဟာ စားဝတ်နေရေးကို အချင်းအချင်း မျှဝေစားသောက်ပြီး နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

“စစ်ဖြစ်နေတဲ့ အတောအတွင်း အရင်ပြေးရတဲ့သူတွေက ရိက္ခာတွေမသယ်နိုင်ပေမဲ့ နောက်ပြေးရတဲ့သူတွေ သယ်ခဲ့တဲ့ ဆန်တွေ၊ စားစရာတွေကို မျှတစားသောက်နေတယ်။

အခုစားနပ်ရိက္ခာလဲအခက်အခဲဖြစ်တယ်။ရေလဲ အခက်အခဲဖြစ်တယ် ။နေရေးထိုင်ရေးကလည်း ဘယ်လိုခက်ခဲလဲဆိုတော့ သူတို့က ဗုံးကျဲတာလဲ ကျဲတဲ့နေရာပဲ ပျက်စီးဆုံးရှုံးမှာကို။ အခုက ရှိသမျှ မြေလှန်သလို လုပ်တဲ့ခါကျတော့ မီးတွေ၊ အိမ်တွေ အကုန်ပျက်စီးတော့ ရေက အခက်အခဲဖြစ်တယ်” လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

ရွှေကူမြို့နယ်ထဲမှာပါတဲ့ မန်ဝိန်း၊ စီသာ ၊မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊တုံး ကောက်၊ ရွာသစ်ကုန်းနဲ့ နမ့်လန်စတဲ့ရွာတွေထဲမှာ မန်ဝိန်းကတော့ ရွာပြန်လည်တည်ဆောက်ဖို့ အချိန်ယူရမယ့် အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွာထဲကို ပြန်ပြီး ပြာပုံတွေရှင်းချိန်မှာလဲ လေယာဉ်သံကြားတာနဲ့ ပြေးပုန်းနေရကြောင်းနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကလဲ ၄ မိုင်အကွာလောက်မှာရှိသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေကူမြို့ဘက်ကို တိမ်းရှောင်သူတွေကိုလည်း ရဲစစ်တပ်နဲ့ထွေအုပ်တွေက အဝင်မခံတာမျိုးတွေလည်း ရှိတာကြောင့် ရှောင်တိမ်းရတာလဲ သွားစရာမြေမရှိဘူးလို့ ဆိုပါတယ်။

လေကြောင်းရန်ကာကွယ်ရေး ဘယ်လိုပြင်ဆင်ထားလဲ

စီသာတိုက်နယ်ဆေးရုံ ပျက်စီးမှု

ဓာတ်ပုံ ရင်းမြစ်, People Defense Force - ShweGu

ဓာတ်ပုံ ပုံစာ, စီသာတိုက်နယ်ဆေးရုံ ပျက်စီးမှု

ဧပြီ ၂၁ ရက်နေ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာပါတဲ့ ဧရာဝတီအရှေ့ဘက်အခြမ်းမှာ “NUG အကြမ်းဖက် အဖွဲ့ရဲ့ အရှေ့ဘက် ဌာနချုပ်အဖြစ် အခြေပြုရန်ကြိုးပမ်းနေတယ်”ဆိုတဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြမှုနဲ့ပတ်သက်ပြီး ဌာနချုပ်လုပ်ဖို့ကြိုးပမ်းနေတယ်ဆိုတာမဟုတ်ဘူးလို့ ရွှေကူ ပီဒီအက်ဖ် ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“မြို့နဲ့အရမ်းနီးကပ်ပြီး လက်နက်ကြီးတွေနဲ့တောင် ပစ်ခတ်မီနိုင်တဲ့နေရာမျိုးမှာ ဌာန်ချုပ်တည်ဆောက်တာတွေ လုပ်လို့မရသလို တပ်ရင်းအနေနဲ့လည်း ဌာနချုပ်လုပ်ဖို့အထိ မဖြစ်နိုင်သေးဘူး။ တပ်ရင်းက ဌာနချုပ်လုပ်လို့မရတာ ကျွန်တော်တို့က ပြောက်ကျားစနစ်နဲ့ပဲ လှုပ်ရှားနေတာပါ။”

မတ်လ ၂၃ ရက်နေ့ကနေ ဧပြီ ၈ ရက်နေ့အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ပီဒီအက်ဖ် အနေနဲ့ အကျအဆုံးမရှိဘဲ ပူးပေါင်းအဖွဲ့တွေဘက်က ကေအိုင်အေဘက်က ၃ ယောက်နဲ့ ဒေသကာကွယ်ရေးတပ်က ၃ယောက် စုစုပေါင်း ၆ ယောက် ကျခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ကန့်ဘလူမြိုနယ်၊ ပဇီကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း လူ ၁၇၀ ကျော်သေဆုံးခဲ့တဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ဖူးပါတယ်။

ဒါကြောင့် ရွှေကူမြို့နယ်ထဲက မံဝန်းနဲ့ စီသောင်ကိုလည်း စစ်ကောင်စီက အရင်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ဖူးတာကြောင့် နောက်တစ်ခါ ထပ်ပြီးလေကြောင်းလာနိုင်ပေမဲ့ ဒီအချိန်အတွက် ပြင်ဆင်ထားနိုင်တဲ့အနေအထားမှာတော့ မရှိသေးဘူးလို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"လေကြောင်းကို ပြန်လည်တုံ့ပြန်နိုင်တဲ့ အနေအထားတော့ မရှိသေးဘူး။ ရဲဘော်တွေကတော့ သူဟာနဲ့သူကတော့ အခြေခံစစ်ပညာမှာ ဘယ်လိုလက်နက်မျိုးနဲ့ ကြုံလာရင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို အသိပညာ ရှိပြီးသားဖြ စ်တယ်။ ပြည်သူအနေနဲ့ကျတော့ ဗုံးခိုကျင်းတွေနဲ့ လေကြောင်းလာတာနဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိပြီးသားပဲ။ ဒါပေမဲ့ ပဇီကြီးလိုမျိုး ဖြစ်လာမယ်ဆိုရင်တော့ စိုးရိမ်ရတဲ့အနေအထားဖြစ်တယ်” လို့ သူက ပြောပါတယ်။