ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟားမတ်စ် အစ္စရေးအပစ်ရပ်ရေး နီးလာ-နိုဝင်ဘာလ ၂၁ ရက် ညပိုင်း နိုင်ငံတကာသတင်းများ
ဂါဇာဒေသမှာ တိုက်ပွဲတွေ သီတင်း ၆ ပတ်ကျော် ဖြစ်ပွားခဲ့အပြီး ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယေက သူ့ရဲ့ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးအကြား အပစ်အခတ်ရပ်စဲရေး သဘောတူချက်တစ်ခုရဖို့ နီးလာနေပြီလို့ ပြောပါတယ်။
ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးနေတဲ့ ကာတာအစိုးရထံ ဟားမတ်စ်အဖွဲ့က တုံ့ပြန်စာတစ်ခု ပို့ထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အစ္စရေးအစိုးရကတော့ ဒါနဲ့ ပတ်သက်လို့ ပြောကြားတာမျိုး မရှိသေးပါဘူး။
ဒီသဘောတူချက်အရ အစ္စရေးကနေ ဂါဇာထဲ ဖမ်းဆီးခေါ်ဆောင်သွားသူ ဓားစာခံတချို့ကို ပြန်လွှတ်ပေးဖို့ ရှိပြီး အပြန်အလှန်အားဖြင့် အစ္စရေးဘက်က တိုက်ပွဲတွေ ဆိုင်းငံ့ထားပြီး ပါလက်စတိုင်းအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖွယ် ရှိပါတယ်။
မစ္စတာ ဟာနီယေဟာ ကာတာနိုင်ငံမှာ အခြေချနေထိုင်နေပြီး အဲဒီကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ သွားရောက်နေတဲ့အတွက် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ရဖို့ နီးလာနေပြီဆိုတဲ့ ထင်ကြေးပေးပြောဆိုမှုတွေ ထွက်ပေါ်လာနေပါတယ်။
ဒီအတောအတွင်းမှာပဲ အစ္စရေး စစ်တပ်က ဂါဇာဒေသမြောက်ပိုင်းက ဂျာဘာလီယာမြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားမှု အပြီးသွားပြီ ဖြစ်ကြောင်းနဲ့ သေနတ်သမား အများအပြားကို သုတ်သင်ချေမှုန်းနိုင်ခဲ့ပြီး ဟားမတ်စ်အဖွဲ့ရဲ့ မြေအောက် အခြေခံအဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောပါတယ်။
ပါလက်စတိုင်းတွေဘက်က တင့်ကားပစ် မစ်ဆိုင်းဒုံးတွေ၊ ဖောက်ခွဲပစ္စည်းတွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားဆေးရုံနားတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အဲဒီဆေးရုံကို အစ္စရေးစစ်တပ်က စီးနင်းဝင်ရောက်ဖို့ လုပ်နေတယ်လို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက စွပ်စွဲနေပါတယ်။
တောင်ဘက်စွန်းကျတဲ့ နူဆေရက်မြို့မှာလည်း အစ္စရေး လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း လူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း သတင်းအေဂျင်စီက ပြောပါတယ်။
ပါလက်စတိုင်းတွေဘက်ကလည်း အစ္စရေးနိုင်ငံအတွင်းကို ရော့ကက်ဒုံးတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။
အစိုးရငွေ အလွဲသုံးစားလုပ်တဲ့ ယူကရိန်း စစ်တပ်ရင်းကို အရေးယူမှုတွေ စလုပ်နေ
ယူကရိန်းနိုင်ငံမှာ အစိုးရရဲ့ ရန်ပုံငွေ ဒေါ်လာ တစ်သန်းကို စစ်တပ် တပ်ရင်းတစ်ခုက အလွဲသုံးစားလုပ်ခဲ့ကြောင်း စာရင်းစစ်အဖွဲ့က တွေ့ရှိခဲ့အပြီးမှာ ရာဇဝတ်ကြောင်းအရ စစ်ဆေးအရေးယူတွေ စလုပ်နေပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
နိုင်ငံမြောက်ပိုင်း ချာနီဟစ်ဗ်မြို့ အပြင်ဘက်မှာ စခန်းချ တပ်စွဲထားတဲ့ အဲဒီတပ်ရင်းရဲ့ အကြီးမားဆုံး ငွေအလွဲသုံးစားမှုက မနှစ်တုန်းက ဝယ်ယူခဲ့တဲ့ မီးစက်တွေရဲ့ တန်ဖိုးကို ပိုဖော်ပြခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲကာလအတွင်း မီးစက်တွေ အကြီးအကျယ် လိုအပ်ခဲ့တာ ဖြစ်ပေမဲ့ သိုလှောင်ရုံတွေထဲမှာပဲ ပုံနေခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
မဟာမိတ် အနောက်အုပ်စုနိုင်ငံတွေဆီကနေ စစ်ပွဲ အထောက်အပံ့တွေ စိတ်ချလက်ချ ပေးပို့လာရေး ကြိုးပမ်းတဲ့အနေနဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးက လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်း အဂတိလိုက်စားမှုတွေကို အမြတ်ဖြတ် နှိမ်နင်းဆောင်ရွက်နေတယ်ဆိုတာကို ပြချင်နေတာ ဖြစ်ပါတယ်။
သြဂုတ်လတုန်းက သမ္မတ ဇလန်းစကီးက စစ်သားစုဆောင်းရေးဌာနကို ကြီးကြပ်နေတဲ့ ဒေသန္တရ တာဝန်ရှိသူတွေအားလုံးကို အလုပ်ထုတ်ပစ်ခဲ့သလို နောက်တစ်လအကြာမှာလည်း အဂတိလိုက်စားမှု အရှုပ်တော်ပုံ သတင်းတွေ ထွက်ပေါ်လာချိန်မှာ ကာကွယ်ရေးဝန်ကြီးကို အလုပ်ကနေ ထုတ်ပစ်ခဲ့ပါတယ်။
လိင်တူချင်း လက်ထပ်တာကို ခွင့်ပြုတဲ့ ဥပဒေကြမ်း ထိုင်းကက်ဘိနက်ဝန်ကြီးအဖွဲ့ အတည်ပြု
ထိုင်းနိုင်ငံမှာ လိင်တူချင်း လက်ထပ်တာကို ခွင့်ပြုတဲ့ အဆိုပြုချက် ဥပဒေကြမ်းတစ်ခုကို ကက်ဘိနက် ဝန်ကြီးအဖွဲ့က အတည်ပြုလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းကို လာမယ့်လကျရင် ပါလီမန်ကို တင်ပြမယ်လို့ မျှော်လင့်ရပါတယ်။
တကယ်လို့ ပါလီမန်က အတည်ပြုမယ်ဆိုရင် ထိုင်ဝမ်နဲ့ နီပေါ ပြီးရင် ထိုင်းနိုင်ငံဟာ အာရှမှာ လိင်တူချင်း လက်ထပ်တာကိုခွင့်ပြုတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါလိမ့်မယ်။
ထိုင်းနိုင်ငံမှာ ယောက်ျားစိတ်ပေါက်နေသူ၊ မိန်းမစိတ်ပေါက်နေသူ၊ လိင်စိတ်နှစ်ခွရှိသူ၊ လိင်ပြောင်းထားသူတွေရဲ့ အသိုင်းအဝိုင်းတွေကို ပွင့်ပွင့်လင်းလင်း တွေ့မြင်နိုင်ပါတယ်။
ဒါပေမဲ့ ဒီလိုလူမှုရေးစံနှုန်းတွေကို ထင်ဟပ်ပြနိုင်တဲ့ ဥပဒေမျိုး မရှိသေးပါဘူး။
လိင်တူချင်း လက်ထပ်တာကို လက်ခံအတည်ပြုဖို့ အဆိုပြုချက်ဥပဒေကြမ်းတွေကို မနှစ်က အချေအတင် ဆွေးနွေးခဲ့ကြပေမဲ့ ပါလီမန်ညီလာခံ အဆုံးမသတ်ခင် အတည်မပြုနိုင်ခဲ့ပါဘူး။
မြေအောက်မှာ ပိတ်မိနေတဲ့ အိန္ဒိယအလုပ်သမားတွေကို ကင်မရာကနေတဆင့် ပထမဆုံးအကြိမ် တွေ့ရ
အိန္ဒိယနိုင်ငံ ဟိမဝန္တာ တောင်ခြေမှာ ဆောက်လုပ်ဆဲ လိုဏ်ဂူလမ်း တစ်ခု ပြိုကျခဲ့ပြီး ၁၀ ရက်ကြာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေး အလုပ်သမား ၄၁ ယောက်ကို ကယ်ဆယ်ရေးသမားတွေ ပထမဆုံးအကြိမ် မျက်မြင်စတွေ့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အချင်း ၁၅ စင်တီမီတာရှိတဲ့ ပိုက်လိုင်းတစ်ခုထဲကနေ ကင်မရာတစ်ခုကို အဲဒီအလုပ်သမားတွေဆီရောက်အောင် သွင်းထည့်နိုင်ခဲ့ပါတယ်။
မုတ်ဆိတ်ပါးသိုင်းမွေးတွေ ထူလပျစ်နဲ့ မောပန်းနွမ်းနယ်နေပုံရတဲ့ အလုပ်သမားတွေက ကင်မရာကို လက်ဝှေ့ယမ်းပြနေပုံတွေကို တွေ့ရပါတယ်။
တချို့က သွေးဝမ်းတွေ သွားနေတယ်လို့ အစောပိုင်းက ပြောပါတယ်။ လိုဏ်ခေါင်းပြိုကျခဲ့ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အလုပ်သမားတွေဆီကို ပူပူနွေးနွေး အစားသောက်တွေ ဒီပိုက်လိုင်းသစ်နဲ့ပဲ ပို့ပေးနိုင်ခဲ့ပါတယ်။
လောလောဆယ် အချိန်အထိတော့ အောက်ဆီဂျင်တွေနဲ့ အစားအစာအခြောက်အခြမ်းတွေကို ပိုက်လိုင်းအသေးလေးတစ်ခုနဲ့ ပို့ပေးနေပါတယ်။
ပိတ်မိနေသူတွေဆီ အရောက်သွားနိုင်ဖို့ အခုအခါ ကယ်ဆယ်ရေး လုပ်သားတွေက နေရာ ၅ ခုမှာ တူးဖောက်နေကြပါတယ်။