ပါကစ္စတန်က ဗလီပေါက်ကွဲမှု - သေဆုံးသူ ၈၇ ဦးအထိ မြင့်တက်လာ

သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ဆိုနေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ဆိုနေ
ရေးသားခဲ့သည်။

ပါကစ္စတန်နိုင်ငံ၊ ပတ်ရှ်ဝါမြို့က ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ ဗလီတစ်ခုမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူ ၈၇ ဦးအထိ မြင့်တက်လာပါတယ်။

အဲဒီဗလီဟာ လုံခြုံရေးမြင့်တဲ့ရဲတပ်ဖွဲ့ရုံးချုပ်ရှိရာနေရာမှာရှိပြီး ဗုံးခွဲသူဟာ အဲဒီနေရာကို ဘယ်လိုဝင်ရောက်နိုင်ခဲ့တယ်ဆိုတာကို စုံစမ်းမှု စတင်နေပြီဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အဆိုးရွားဆုံးဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ပါကစ္စတန်ဝန်ကြီးချုပ်ရော၊ အခြားခေါင်းဆောင်တွေကပါ ရှုတ်ချပြောဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်တာလီဘန် လက်ချက်ဖြစ်တယ်ဆိုတဲ့ အဖွဲ့ဝင်တပ်မှူးတစ်ဦးရဲ့ပြောဆိုချက်ကိုတော့ ပါကစ္စတန် တာလီဘန်အဖွဲ့က ငြင်းဆိုထားပါတယ်။

''အကြမ်းဖက်သမားတွေဟာ ပါကစ္စတန်နိုင်ငံကို ကာကွယ်ပေးနေတဲ့တာဝန်ယူထားသူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားဖန်တီးချင်နေကြတယ်'' လို့ ဝန်ကြီးချုပ် ရှဘက်ဇ် ရှရစ်ဖ်က ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကတော့ အပျက်အစီးတွေအောက်ရောက်နေတဲ့ ဝတ်ပြုဆုတောင်းသူတွေကို ပြန်ကယ်ထုတ်ဖို့ ဒီနေ့အထိ ကြိုးစားနေဆဲဖြစ်သလို ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ နောက်ထပ် ၃ နာရီအထိ ကြာနိုင်သေးတယ်လို့ ဘီဘီစီ အူရဒူဘာသာစကားဌာနကို ပြောထားပါတယ်။

 ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters

''ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတာ အခုဆိုရင် ၁၈ နာရီကျော် ကြာခဲ့ပြီးဖြစ်ပါတယ်'' လို့ ပတ်ရှ်ဝါမြို့ ဒုတိယရဲမင်းကြီး ရှာဖူလာခန်းကပြောပါတယ်။

''လက်ရှိမှာ နောက်ထပ် အလောင်း ၂၀ လောက်ကို ပြန်ရှာတွေ့ထားပါတယ်။ အပျက်အစီးတွေအောက်မှာ နောက်ထပ်အလောင်းတွေ ရှိနေသေးတဲ့အခြေအနေရှိတယ်'' လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိတယ်လို့ ကုသမှုပေးနေတဲ့ လေဒီရီဒင်ဆေးရုံ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်ရဲ့ စျာပနအခမ်းအနားတွေကို ကျင်းပနေပြီဖြစ်ပြီး ခေါင်းတလားတွေကိုတော့ ပါကစ္စတန်နိုင်ငံတော်အလံ ရစ်ပတ်လွှမ်းခြုံပေးထားပါတယ်။

ပတ်ရှ်ဝါမြို့ ရဲတပ်ဖွဲ့အရာရှိ မဟာမက် အီဂျက်ဇ်ခန်ကတော့ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အဲဒီနေရာမှာ ရဲတပ်ဖွဲ့ဝင် အယောက် ၃၀၀ ကနေ ၄၀၀ ကြားရှိနေခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေကို ပြောထားပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပေါက်ကွဲမှုဟာ နိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ ပတ်ရှ်ဝါမြို့မှာ မနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်း ဝတ်ပြုချိန်ဖြစ်တဲ့ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဘီဘီစီက အတည်ပြုထားနိုင်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ ဗလီ အဆောက်အဦရဲ့ နံရံတစ်ခုဟာ ပြိုကျသွားတာတွေ့ရပြီး လူတွေက အဲဒီအပြိုအပျက်တွေပေါ် တွယ်တက်ကာ လွတ်မြောက်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့ဗလီဟာ မြို့တွင်းမှာ လုံခြုံရေးတင်းကြပ်ထားတဲ့နေရာတွေထဲကတစ်နေရာမှာရှိပြီး အဲဒီအရပ်ဟာ ရဲဌာနချုပ်၊ ထောက်လှမ်းရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗျူရိုအဖွဲ့တွေရှိတဲ့နေရာလည်းဖြစ်ပါတယ်။

ပါကစ္စတန် တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အစိုးရအဖွဲ့ကနေ ခွဲထွက်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အပစ်အခတ်ရပ်စဲတာကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အဆုံးသတ်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက ပါကစ္စတန်နိုင်ငံထဲမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အခြေအနေ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ တုန်းကလည်း ပတ်ရှ်ဝါမြို့က ရှီယာမွတ်စလင် တစ်ခုမှာ ဗုံးကွဲမှုတစ်ခုကြောင့် ဒါဇင်နဲ့ချီတဲ့လူတွေ သေဆုံးမှုဖြစ်ပွားခဲ့ဖူးပါတယ်။

မြို့တော် အစ္စလာမာဘတ် ရဲတပ်ဖွဲ့ကတော့ လုံခြုံရေးသတိပေးချက် အမြင့်ဆုံးတပ်လှန့်ထားပြီး မြို့အဝင် အထွက်နေရာတွေ အားလုံးမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။