တူရကီက မအောင်မြင်တဲ့အာဏာသိမ်းမှု - ၁၀ နှစ်အတွင်း အာဒိုဝမ် ဘာတွေပြောင်းလဲခဲ့လဲ

    • ရေးသားသူ, ဘီဘီစီသတင်း တူရကီ ဘာသာစကားဌာန
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၈

လမ်းမတွေပေါ်က ထွက်လာတဲ့သေနတ်သံတွေ၊ လမ်းမပေါ်က တင့်ကားတွေ၊ အစိုးရအဆောက် အအုံတွေအပေါ် နိမ့်နိမ့်ပျံနေတဲ့ဂျက် တိုက်လေယာဉ်တွေအပြင် လွှတ်တော်တိုက်ခိုက်ခံရတဲ့မြင်ကွင်းတွေစတဲ့ ဒီအဖြစ်အပျက်အားလုံးကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပြချက်ကနေ မြင်နေရပါတယ်။

အာဏာသိမ်းတာ သုံးကြိမ်၊ စစ်တပ်က နိုင်ငံရေးထဲ ဝင်ရောက်စွက်ဖက်တာ နှစ်ကြိမ်ကြုံဖူးတဲ့ တူရကီနိုင်ငံအတွက်တောင် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၅ ရက်ညက မကြုံဖူးတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။

အရင်တုန်းက တူရကီလွှတ်တော်တိုက်ခိုက်ခံရတာမျိုး မရှိခဲ့ဖူးသလို၊ အစ္စတန်ဘူလ်မြို့က အခုတော့ "ဇူလိုင် ၁၅ အာဇာနည်တံတား" လို့ ခေါ်တဲ့ ဘာဖရာစ် တံတားပေါ်မှာလည်း ဒီလောက် သွေးထွက်သံယို ဖြစ်ခဲ့တာ မရှိခဲ့ဖူးပါဘူး။ သမ္မတ ရီကပ် တာယစ် အာဒိုဝမ်က အာဏာသိမ်းဖို့ ကြိုးစားသူတွေကို ဆန့်ကျင်ကြဖို့ဆိုပြီး လူထုကို တိုက်တွန်းလိုက်တဲ့အခါ အရပ်သားတွေက လမ်းပေါ် ထွက်လာပြီး ခုခံတားဆီးကြရာကနေ ဒီသွေးထွက်သံယိုမှုတွေဖြစ်ပွားခဲ့တာပါ။

သမ္မတ အာဒို၀မ်က ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ မဖော်ပြဘဲ မိုဘိုင်းဖုန်းကနေ ရုပ်သံတင်ဆက်သူနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ကိုထောက်ခံတဲ့ပြည်သူတွေကို အဲဒီညပဲ လမ်းပေါ်ထွက်ပြီး အာဏာသိမ်းဖို့ ကြိုးစားနေသူတွေကို ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတဝန်းက ဗလီတွေကလည်း သူ့ သတင်းစကားကို အသံချဲ့စက်တွေကနေတဆင့် ထပ်လွှင့်ခဲ့ပါတယ်။

အာဏာသိမ်းဖို့ကြိုးပမ်းမှုဟာ နောက်နေ့ မနက်ရောက်တဲ့အခါ မအောင်မမြင် ဖြစ်သွားခဲ့ပါပြီ။ အဲဒီဖြစ်ရပ်မှာ စုစုပေါင်း လူ ၂၅၃ ဦး သေဆုံးခဲ့ပြီး အရပ်သား ၁၈၄ ဦး ပါဝင်တယ်။ ဒါအပြင် အာဏာသိမ်းဖို့ ကြံစည်သူလို့ စွပ်စွဲခံထားရတဲ့ လူ ၃၄ ဦးလည်း သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းမှုက နာရီအနည်းငယ်လောက်ပဲ ကြာခဲ့ပေမဲ့ အဲဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေက ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း တူရကီနိုင်ငံရေးကို အများကြီး ပြောင်းလဲသွားစေခဲ့ပါတယ်။ နိုင်ငံအတွင်း အာဏာချိန်ခွင်လျှာလည်း ပြောင်းသွားသလို နိုင်ငံခြားနဲ့ ဆက်ဆံရေးပုံစံကိုလည်း အသစ်ပုံစံဖြစ်ထွန်းခဲ့ပါတယ်။

ကြီးမားတဲ့ဖြုတ်ထုတ်ဖယ်ရှားမှု

အမေရိကန်မှာနေထိုင်နေတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဖာသူလာ ဂူလေ (Fethullah Gulen) ရဲ့ကွန်ရက်ဟာ ဒီအာဏာသိမ်းဖို့ကြိုးပမ်းမှုကို နောက်ကွယ်က စီစဉ်ခဲ့တာလို့ တူရကီ အစိုးရက စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ ဂူလေကတော့ ၂၀၂၄ ခုနှစ်မှာ ကွယ်လွန်သွားတဲ့အချိန်အထိ ဒီဖြစ်ရပ်နဲ့သူ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုပါတယ်။

အာဏာသိမ်းဖို့ ကြံစည်မှုဖြစ်ပွားပြီး ရက်အနည်းငယ်အကြာမှာ တူရကီမှာ နိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ဟာ ၂၀၁၈ ခုနှစ်အထိ အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ပါတယ်။ စုစုပေါင်း ၇ ကြိမ်အထိ သက်တမ်းတိုးခဲ့တာပါ။

အဲဒီကာလအတွင်း အာဏာပိုင်တွေဟာ ခေတ်သစ် တူရကီသမိုင်းမှာ အကြီးမားဆုံး ဖြတ်ထုတ်ဖယ်ရှားမှုကြီးကို စတင်ခဲ့ပါတယ်။ အစိုးရဘက်ကတော့ ဂူလေရဲ့ကွန်ရက်ကို ဖြိုဖျက်ဖို့ လိုအပ်လို့လုပ်ရတာဆိုပြီး ပြောပါတယ်။

တစ်ချိန်က သမ္မတ အာဒိုဂမ်နဲ့ အတော်လေးနီးကပ်တဲ့ မဟာမိတ်ဖြစ်ခဲ့သူ ဂူလေရဲ့ဘာသာရေးလှုပ်ရှားမှုအဖွဲ့ဟာ တူရကီအစိုးရနဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်မှာ အရေးပါတဲ့ ရာထူးတွေ ယူထားတာ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပါတယ်။

အာဏာသိမ်းဖို့ကြိုးပမ်းမှုဖြစ်ပြီးနောက် တူရကီစစ်တပ် အရာရှိကြီးတွေနဲ့ ထိပ်တန်း ဗိုလ်ချုပ်တွေ အပါအဝင် စစ်သားသောင်းချီ၊ တရားသူကြီးတွေ၊ အစိုးရရှေ့နေတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ တက္ကသိုလ်ဆရာတွေ၊ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ အလုပ်ထုတ်တာ၊ တာဝန်ကနေ ယာယီရပ်ဆိုင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဂူလေကွန်ရက်နဲ့ ဆက်နွှယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ပုဂ္ဂလိက ကျောင်းတွေနဲ့ ပညာရေးအဖွဲ့အစည်း ရာနဲ့ချီကိုလည်း ပိတ်သိမ်းခဲ့ပြီး အဲဒီထဲမှာ တက္ကသိုလ်အတော်များများလည်း ပါဝင်ပါတယ်။

အကဲခတ်တွေကတော့ ဒီနှိမ်နင်းမှုဟာ အာဏာသိမ်းဖို့ကြိုးပမ်းသူတွေနဲ့ ဂူလေ လှုပ်ရှားမှုကို ထောက်ခံသူတွေကိုပဲ ရည်ရွယ်ခဲ့တာ မဟုတ်ဘဲ အစိုးရကို ဆန့်ကျင်ဝေဖန်တဲ့အခြားသူတွေကိုပါ ပစ်မှတ်ထားခဲ့တယ်လို့ ဝေဖန်ပါတယ်။

အတိုက်အခံနိုင်ငံရေးသမားတွေကတော့ ဒီလိုဖြုတ်ထုတ် ဖယ်ရှားမှုတွေ လုပ်ပြီးနောက်ပိုင်းမှာ နိုင်ငံ့အင်စတီကျူးရှင်းတွေမှာ တခြားဘာသာရေးအသိုင်းအဝိုင်းတွေ လွှမ်းမိုးမှု ပိုရလာတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ အစိုးရတာဝန်ရှိသူတွေကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အာဒိုဝမ် တစ်ဦးတည်းမှာ အာဏာစုစည်းခြင်း

တူရကီမှာ မအောင်မြင်တဲ့စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုရဲ့နောက်ဆက်တွဲ နိုင်ငံရေးအကျိုးဆက်မှာ သိသာလွန်းတာကတော့ သမ္မတ အာဒိုဝမ်ဆီမှာ အာဏာတွေ စုစည်းသွားတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ တူရကီ မဲဆန္ဒရှင်တွေက လွှတ်တော်စနစ်အစား သမ္မတကို အာဏာပိုပေးတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မဲအနည်းငယ်အသာနဲ့ အတည်ပြုပေးခဲ့ကြပါတယ်။ ဒီပြင်ဆင်ချက်တွေက နောက်တစ်နှစ်မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံးဆိုတဲ့နေရာ မရှိတော့တာကြောင့် သမ္မတရဲ့အာဏာလည်း ပိုပြီးကျယ်ပြန့်လာပါတယ်။

ထောက်ခံသူတွေကတော့ ဒီစနစ်သစ်ကြောင့် နိုင်ငံရေးတည်ငြိမ်မှု ပိုရလာတယ်၊ ဆုံးဖြတ်ချက်တွေ မြန်မြန်ချနိုင်လာတယ်၊ နိုင်ငံအုပ်ချုပ်မှုလည်း ပိုထိရောက်လာတယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ အကဲခတ်တွေကတော့ ဒီစနစ်ဟာ သမ္မတမှာ အာဏာကို စုစည်းသွားစေခဲ့ပြီး အထူးသဖြင့် လူတစ်ဦးတည်းရဲ့လက်ထဲမှာ အာဏာအလွန်အကျွံ စုပြုံသွားစေတယ်လို့ ထောက်ပြကြတယ်။

အမေရိကန်အခြေစိုက် Freedom House သုတေသနအဖွဲ့ကတော့ လက်ရှိ တူရကီရဲ့သမ္မတစနစ်အောက်မှာ လွှတ်တော်အမတ်တွေရဲ့မူဝါဒ ချမှတ်နိုင်စွမ်းဟာ သိသိသာသာ လျော့ကျသွားခဲ့တယ်လို့ သုံးသပ်ပါတယ်။

"အာဒိုဝမ်ဟာ သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ဝန်ကြီးဌာနတွေ ဒါမှမဟုတ် လွတ်လပ်တဲ့အစိုးရအဖွဲ့အစည်းတွေကို မကြာခဏ ဝင်ရောက်စွက်ဖက်လေ့ရှိတယ်" လို့ Freedom House က သူတို့ရဲ့နောက်ဆုံးထုတ် တူရကီနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ပြောပါတယ်။

အစ္စတန်ဘူလ် တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒိုဂန် ချက်တင်ကာယာကလည်း ဒီအမြင်ကို သဘောတူပါတယ်။

တစ်ဦးတည်းမှာ အာဏာစုစည်းခြင်းနဲ့ စိုးရိမ်ချက်

တူရကီအစိုးရဟာ လူ့အခွင့်အရေးနဲ့ အရပ်ဘက်လွတ်လပ်ခွင့်ဆိုင်ရာကိစ္စတွေကြောင့် ဝေဖန်ခံနေရတာ နှစ်ပေါင်းများစွာကြာနေပါပြီ။ ဒါပေမဲ့ မအောင်မြင်တဲ့စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်ထွက်ပေါ်လာတဲ့ဖြုတ်ထုတ်ဖယ်ရှားမှုတွေ တိုးလာတဲ့အပေါ် စိုးရိမ်မှုတွေရှိနေကြပါတယ်။

ဂူလေ လှုပ်ရှားမှုနဲ့ဆက်နွှယ်နေတယ်လို့ စွပ်စွဲခံရတဲ့တရားသူကြီးတွေနဲ့ အစိုးရရှေ့နေ ထောင်ချီကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့နောက်မှာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဥရောပက အဖွဲ့အစည်းတွေက တရားစီရင်ရေးရဲ့လွတ်လပ်မှုအပေါ် စိုးရိမ်မှုတွေ ထုတ်ဖော်ပြောဆိုလာကြပါတယ်။

"ဇူလိုင် ၁၅ ရက်နောက်ပိုင်းမှာ တူရကီရဲ့နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးယန္တရားထဲက အဖွဲ့အစည်းတွေဟာ တဖြည်းဖြည်းအားနည်းသွားခဲ့ပြီး ကိုယ်ပိုင်လွတ်လပ်စွာလုပ်ကိုင်နိုင်တဲ့အခြေအနေကိုလည်း ဆုံးရှုံးသွားခဲ့တယ်"လို့ ပါမောက္ခ ချက်တင်ကာယာက ပြောပါတယ်။

"တရားရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဟာ တကယ့်အာဏာသက်ရောက်မှုရှိတဲ့အဖွဲ့အစည်းတွေအဖြစ် ဆက်ပြီး မရပ်တည်နိုင်တော့ဘူး" လို့လည်း သူက ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ လူထုဆန္ဒပြပွဲတွေ ပြုလုပ်ဖို့လည်း တူရကီနိုင်ငံမှာ တဖြည်းဖြည်း ပိုခက်ခဲလာခဲ့တယ်။ အာဏာပိုင်တွေက လူစုလူဝေးပွဲတွေကို ကန့်သတ်တာတွေ မကြာခဏ လုပ်လာသလို လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားကိုလည်း နေရာအနှံ့ ချထားလေ့ရှိလာပါတယ်။

အစိုးရက မီဒီယာပိုင်ဆိုင်မှုတွေအပေါ် ဩဇာပိုမိုလွှမ်းမိုးလာတာ၊ ထင်ရှားတဲ့သတင်းထောက်တွေကို တရားစွဲဆိုမှုတွေ တိုးလာတာကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်လည်း ကျဆင်းလာပါတယ်။

လက်ရှိမှာ တူရကီနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders)ရဲ့ ၂၀၂၆ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၆၃ နေရာမှာ ရှိနေပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကလည်း အငြင်းပွားဖွယ်ရာကိစ္စတစ်ခုအဖြစ် ဆက်ရှိနေဆဲပါ။ လူကြိုက်များတဲ့ လက်တန်း ဟာသပညာရှင်တစ်ဦးကို သမ္မတကို စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကြာသေးခင်တုန်းက ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါကြောင့် သူဟာ စုံစမ်းစစ်ဆေးခံနေရတဲ့ သတင်းထောက်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ထင်ရှားသူတွေစာရင်းထဲကို ထပ်ရောက် လာသူ တစ်ဦး ဖြစ်သွားပါတယ်။

Freedom House အဖွဲ့ကတော့ "ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း တူရကီနိုင်ငံဟာ ပိုပိုပြီး အာဏာရှင်ဆန်လာခဲ့တယ်'' လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲမှုတွေကနေတဆင့် အာဏာကို ပိုမိုစုစည်းခဲ့ပြီး နိုင်ငံရေးအတိုက်အခံတွေ၊ လွတ်လပ်တဲ့သတင်းထောက်တွေ၊ အရပ်ဘက်အဖွဲ့အစည်းဝင်တွေကို အကျဉ်းချတာတွေ လုပ်ခဲ့တယ်" လို့ အကဲဖြတ်ပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လမှာတော့ အစ္စတန်ဘူလ် မြို့တော်ဝန် အက်ကရမ် အီမာမိုလူဟာ မြို့တော်စည်ပင်အရာရှိဒါဇင်နဲ့ချီနဲ့အတူ အဂတိလိုက်စားမှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အီမာမိုလူဟာ အနာဂတ် သမ္မတရွေးကောက်ပွဲမှာ အာဒို၀မ်ကို စိန်ခေါ်နိုင်ဆုံးသူလို့ အများက ယူဆထားကြသူပါ။ ဒါပေမဲ့ သူနဲ့အခြားစွပ်စွဲခံရသူတွေကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ သူဟာ လက်ရှိမှာ အမှုအတွက် ဆက်လက်စစ်ဆေးခံနေရဆဲဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်၊ မေလမှာတော့ သူ့ရဲ့ပါတီရဲ့ခေါင်းဆောင်မှုနေရာပိုင်းကို ကြားဝင်စွက်ဖက်တဲ့ တရားရုံးအမိန့်တစ်ရပ် ထွက်လာပါတယ်။ သူ့ပါတီ CHP ဟာ တူရကီမှာ အဓိကအတိုက်အခံ ဖြစ်ပါတယ်။ အဲဒီအမိန့်အရ ပါတီခေါင်းဆောင်နေရာကို အရင်ခေါင်းဆောင်ဟောင်း တစ်ဦးနဲ့ အစားထိုးခဲ့တာဖြစ်ပြီး ဒါဟာ တရားရေးနဲ့ အာဏာသိမ်းတဲ့လုပ်ရပ်လို့ အတိုက်အခံတွေက ဆိုပါတယ်။

ဒါပေမဲ့ အစိုးရဘက်ကတော့ တူရကီရဲ့ဒီမိုကရေစီ နောက်ပြန်ဆုတ်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။

အာဏာသိမ်းကြိုးပမ်းမှု ဖြစ်ရပ်နောက်ပိုင်း ဖယ်ထုတ် ရှင်းလင်းမှုတွေနဲ့ အပြောင်းအလဲတွေကြောင့် နိုင်ငံရေးတည်ငြိမ်မှု၊ အမျိုးသားလုံခြုံရေးနဲ့ ဒီမိုကရေစီ ပိုခိုင်မာစေခဲ့တယ်လို့ အစိုးရဘက်က ပြန်လည်တုံ့ပြန်ပါတယ်။

ယာဒါရမ် ဘေယာဇု တက္ကသိုလ်က တွဲဖက်ပါမောက္ခ နူရီ ဆာလစ်ကလည်း "လက်ရှိအခြေတည်တဲ့စနစ်ကို ကျွန်တော်မြင်တာကတော့ မအောင်မြင်တဲ့အာဏာသိမ်းမှုကနေ မြင်လိုက်ရတဲ့အန္တရာယ်တွေကို ကျော်လွှားဖို့ နိုင်ငံတော်က တည်ဆောက်ထားလိုက်တဲ့ စနစ်မျိုး'' လို့ ပြောပါတယ်။

"ဒါကို အာဏာရှင်စနစ်ဆီ ဦးတည်တဲ့လုပ်ရပ်တစ်ခုလို့ပဲ မမြင်ဘဲ နိုင်ငံတော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထိန်းသိမ်းလိုတဲ့သဘာဝကြောင့် ဖြစ်လာတာလို့ မြင်ပါတယ်" ဆိုပြီး သူက ဆိုပါတယ်။

ကျဆင်းလာတဲ့တူရကီရဲ့ စစ်တပ် အခန်းကဏ္ဍ

တူရကီစစ်တပ်ဟာ မူစတာဖာ ကမယ်လ် အာတာတာ့ခ် တည်ထောင်ခဲ့တဲ့ အုပ်ချုပ်ရေးနဲ့ ဘာသာရေး မရောယှက်တဲ့နိုင်ငံတော် တည်ဆောက်ရေးမှာ တပ်စောင့်အဖြစ် သူတို့ကိုယ်သူတို့ ရှုမြင်ကြပါတယ်။ ဒါကြောင့် နိုင်ငံရေး မတည်ငြိမ်တဲ့အချိန်တွေမှာ စစ်တပ်က နိုင်ငံရေးထဲကို အကြိမ်ကြိမ် ဝင်ရောက်စွက်ဖက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ် အာဏာသိမ်းဖို့ကြိုးပမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာတော့ ဖွဲ့စည်းပုံနဲ့ စနစ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာ စစ်တပ်ကို အရပ်သားအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာ ပိုပြီး တင်းတင်းကျပ်ကျပ်ထားနိုင်ခဲ့ပါတယ်။

တူရီဟာ စစ်တပ်အတွက် လူသစ်စုဆောင်းတဲ့စနစ်နဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်တွေကို အသစ်ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ စစ်တက္ကသိုလ်တွေနဲ့ စစ်ဆေးရုံတွေကိုလည်း ပြန်လည်ဖွဲ့စည်းတာ ဒါမှမဟုတ် ပိတ်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီအပြင် စစ်တပ်ယူနစ်တချို့ကိုလည်း မြို့လယ်ပိုင်းတွေကနေ အခြားနေရာတွေကို ရွှေ့ပြောင်းထားခဲ့ပါတယ်။

လေ့လာသုံးသပ်သူအများစုကတော့ ဒီပြောင်းလဲမှုတွေကြောင့် တူရကီနိုင်ငံရေးထဲ စစ်တပ် ဝင်ရောက်စွက်ဖက်တဲ့ခေတ်က အဆုံးသတ်သွားပြီလို့ ယုံကြည်နေကြပါတယ်။

ပါမောက္ခ ဆာလစ်ကတော့ "စစ်တပ်ဟာ နိုင်ငံရေးအပေါ် အုပ်ထိန်းကြီးကြပ်တဲ့ ယန္တရားတစ်ခုလို အမြဲတမ်း ဖြစ်နေခဲ့တယ်" လို့ ပြောပါတယ်။

"ခေတ်သစ် တူရကီသမိုင်းမှာ ဇူလိုင် ၁၅ ရက်က လူထုက စစ်တပ်ရဲ့ဝင်ရောက်စွက်ဖက်မှုကို ပထမဆုံးအကြိမ် တက်တက်ကြွကြွ ဆန့်ကျင်တားဆီးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအဓိပ္ပာယ်နဲ့ ပြောရရင် ဒါဟာ အရေးကြီးတဲ့အလှည့်အပြောင်း မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။

သူ့အမြင်အရတော့ အခုချိန်မှာ စစ်တပ်ဟာ တူရကီနိုင်ငံရေးကို လွှမ်းမိုးပုံဖော်နိုင်တဲ့စွမ်းရည် "လုံးဝဆုံးရှုံးသွားပြီ" လို့ ပြောပါတယ်။

"ဒါဟာ အကြီးမားဆုံး အပြောင်းအလဲပဲ" လို့ သူက ဖြည့်စွက်ပြောပါတယ်။

လုံခြုံရေးပိုကဲတဲ့မူဝါဒများ

အာဏာသိမ်းဖို့ ကြိုးပမ်းမှုဖြစ်ပြီးနောက်ပိုင်း တူရကီရဲ့နိုင်ငံခြားရေးမူဝါဒလည်း အရေးကြီးတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

မအောင်မြင်တဲ့စစ်အာဏာသိမ်းမှုနောက်ပိုင်း လတွေ နှစ်တွေမှာ အန်ကာရာအစိုးရဟာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးကြီး ၃ ခု လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးတွေမှာ အိုင်အက်စ်(Islamic State) အဖွဲ့ကို သာမက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

တူရကီအစိုးရကတော့ YPG အဖွဲ့ဟာ ကာ့ဒ်အလုပ်သမားပါတီ (PKK) နဲ့ ဆက်နွှယ်နေတယ်လို့ ယူဆထားပါတယ်။ PKK ကို တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ(EU) တို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ PKK နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုတွေ ပေါ်ထွက်လာခဲ့ပေမဲ့ ဘယ်လောက်အထိ အောင်မြင်မယ်ဆိုတာတော့ မသေချာသေးပါဘူး။

ပါမောက္ခ ဆာလစ်ကတော့ မအောင်မြင်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုကြောင့် တူရကီနိုင်ငံအတွင်း လုံခြုံရေးကို ဦးစားပေးတဲ့အမြင်နဲ့ မူဝါဒတွေ ပိုပြီးအားကောင်းလာခဲ့တယ်လို့ ပြောပါတယ်။

"နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရေးဟာ အရာအားလုံးထက် ပိုအရေးကြီးတဲ့ ဦးစားပေးကိစ္စ ဖြစ်လာခဲ့တယ်" လို့ သူက ဆိုပါတယ်။

တူရကီဟာ နေတိုး(NATO)အဖွဲ့အဖြစ် အရေးပါတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်ရှိနေသေးပေမဲ့ တစ်ဖက်မှာလည်း ရုရှားနဲ့ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လာပြီး နိုင်ငံခြားရေးမူဝါဒကို ခွဲဖြာကျင့်သုံးမှု ပြုလုပ်လာပါတယ်။

ရုရှားလုပ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူခဲ့တာကြောင့် အမေရိကန်နဲ့ ဆက်ဆံရေးမှာ အက်ကြောင်းပေါ်ခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်က တူရကီအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့သလို F-35 တိုက်လေယာဉ်အစီအစဉ်ထဲကနေလည်း တူရကီကို ဖယ်ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ F-35 လေယာဉ် ရောင်းချရေးကိစ္စကိုလည်း ပြန်လည်သုံးသပ်ဖို့ ဆန္ဒရှိကြောင်း အရိပ်အမြွက်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ဆုံးဖြတ်ချက်မျိုးကို အမေရိကန်လွှတ်တော်အတွင်းကနေ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေ ကြုံရနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက မြင်ကြပါတယ်။

တစ်ချိန်တည်းမှာပဲ တူရကီရဲ့ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကတော့ နှစ်ပေါင်းများစွာကြာပေမဲ့ တိုးတက်မှုမရှိဘဲ ရပ်တန့်နေဆဲဖြစ်ပါတယ်။ EU အဖွဲ့ဝင်ဖြစ်ရေး ညှိနှိုင်းဆွေးနွေးမှုတွေဟာ ၂၀၁၈ ခုနှစ်ကတည်းက ရပ်ဆိုင်းထားတဲ့အခြေအနေမှာပဲ ရှိနေပါတယ်။