ဇူလိုင် ၁၉ ရက် ထိပ်တန်းသတင်းများ - မော်လမြိုင်မှာ ရေကြီးမှုကြောင့် ကလေးငယ် သုံးဦး ရေနစ်သေဆုံး

မော်လမြိုင်မြေနိမ့်ပိုင်းရပ်ကွက်ကနေအိမ်တချို့

ဓာတ်ပုံ ရင်းမြစ်, BoBoWin

ဓာတ်ပုံ ပုံစာ, မော်လမြိုင်မြေနိမ့်ပိုင်းရပ်ကွက်ကနေအိမ်တချို့
ရေးသားခဲ့သည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စံချိန်တင်မိုးရွာသွန်းခဲ့ပြီးတဲ့နောက် တောင်ကျရေလျှံပြီး ရေကြီးရေလျှံမှုတွေအတွင်း ရေနစ်သေဆုံးသူ ကလေးငယ် ၃ ဦးရှိအထိရှိတယ်လို့ မြို့ခံကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘီဘီစီကိုပြောပါတယ်။

သေဆုံးတဲ့ကလေးငယ်တွေဟာ သီရိမြိုင်ရပ်ကွက်၊ ၈ လမ်းထဲက အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ် ၁ ဦးဟာ အဖိုးအဖွားနေတဲ့ရှိနေချိန် ဆော့ကစားရင်း ရေနစ်ပျောက်ဆုံးခဲ့တာဖြစ်ပြီး နောက်ထပ်သေဆုံးခဲ့တဲ့ အသက် ၁၂ နှစ်အရွယ်ကလေး ၂ ဦးကတော့ ရေထဲမှာဆော့ရင်း နစ်မြုပ်ပျောက်ဆုံးခဲ့တာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘီဘီစီကိုပြောပါတယ်။

အခုတော့ ဒီကလေးငယ်တွေရဲ့ရုပ်အလောင်းတွေကိုတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြန်တွေ့ပြီလို့ သိရပါတယ်။

စံချိန်တင်ရွာသွန်းခဲ့တဲ့မိုးကြောင့် မော်လမြိုင်မြို့က သီရိမြိုင်၊ ဇေယျာမြိုင်၊ တောင်ဝိုင်း၊ ဇေယျာရပ်ကွက် ၁၊ ရပ်ကွက် ၂ နဲ့ ဇေယျာရပ်ကွက် ၃ တို့မှာ မနေ့နေ့လယ်ပိုင်းကတည်း ရေကြီးရေလျှံမှုတွေ ဖြစ်နေတာပါ။

မော်လမြိုင်အခြေစိုက်ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မြေနိမ့်ပိုင်း နေနစ်မြုပ်အိမ်တွေမှာနေထိုင်တဲ့ ရာနဲ့ချီတဲ့ဒေသခံတွေကို မြေအမြင့်ပိုင်းက ဘုန်းကြီးကျောင်း ဓမ္မာရုံတွေမှာ ပြောင်းရွှေ့နေရာချထား ပေးတယ်လို့ သိရပါတယ်။

‘‘အထပ်မြင့်အိမ်တွေက ရေပြန်ကျမယ်ထင်ပြီး နေကြတဲ့အခါ ရေပြန်မကျဘဲ ပိုများလာလို့ အပြင်လည်း ထွက်မရတဲ့ အခြေအနေနဲ့ကြုံနေရတယ်၊ ချက်ပြုတ်ရေး စားသောက်ရေး အခက်အခဲကြောင့် ထမင်းထုပ်ထောင်ချီ ဝေငှထားရတယ်’’လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

မော်လမြိုင်မြို့မှာ နှစ်ပေါင်း ၇၁ နှစ်အတွင်း မိုးရေချိန် စံချိန်သစ် ရောက်ခဲ့ပြီး အရင်စံချိန်ထက် ၂ ဆနီးပါး မိုးများတဲ့ မိုးရေချိန် ၂၂ လက်မကျော်အထိရှိခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနကပြောပါတယ်။

နမ့်ဖက်ကာရွာအနီးတိုက်ပွဲ အရပ်သားလူငယ်တစ်ဦးသေဆုံး

ဒဏ်ရာရကလေးငယ်

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီးမြေ

ဓာတ်ပုံ ပုံစာ, ဒဏ်ရာရကလေးငယ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အနီးက နမ့်ဖတ်ကာကျေးရွာအနီးမှာ မနေ့ ညနေပိုင်းက စစ်ကောင်စီဘက်ကပစ်တဲ့လက်နက်ကြီးထိလို့ ဇီးဒဘန်ရွာက အသက် ၁၅ နှစ်အရွယ် ဒေသခံ ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့မြေပြင် အခြေအနေသိရှိသူ ဒေသခံတစ်ဦးကပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မနေ့ ဇူလိုင် ၁၈ ရက် ညနေပိုင်းကစပြီး နမ့်ဖတ်ကာရွာတဝိုက်မှာ စစ်ကောင်စီ နဲ့ KIA တို့ တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပြီး ညသန်းခေါင်အထိ ပစ်ခတ်မှုတွေ ဆက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဇူလိုင် ၁၉ ရက် မှာတော့ တိုက်ပွဲခဏငြိမ်နေပေမဲ့ တိုက်ပွဲဖြစ်ပွားရာ နမ့်ဖတ်ကာရွာရှိတဲ့ လားရှိုး - မူဆယ် လမ်းမကြီးတစ်လျှောက်မှာ စစ်တပ်က စစ်ဆေးတာနဲ့ တပ်အင်အားဖြန့်တာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

'' နမ့်ဖတ်ကာကျောင်းဘေးမှာ တပ်စွဲထားတဲ့ စစ်တပ်က လှမ်းပစ်တာ၊ သူတို့ကတော့ ဇီးဒဘန်ရွာကို ပစ်တာမဟုတ်ဘူး။ အဲဒီဘက်က တောင်ကုန်းမှာ ကေအိုင်အေရှိတယ်ထင်ပြီး ပစ်တာ၊ ဒါပေမဲ့ အိမ်ပေါ်ကိုလက်နက်ကြီးကျပြီး အဲဒီအိမ်က မိသားစုအကုန်ရယ်၊ နောက် ကျောင်းဆရာမတစ်ယောက်ရယ် ကို ထိသွားတာပါ'' လို့ ဒေသခံက ရှင်းပြပါတယ်။

သေဆုံးတဲ့ အသက် ၁၅နှစ် ကလေးငယ်ဟာ ဒဏ်ရာပြင်းထန်ခဲ့လို့ နမ့်ဖတ်ကာဆေးရုံကနေ ကွတ်ခိုင်ဆေးရုံ ကိုပြောင်းရွှေ့ကုသပေးခဲ့ပေမဲ့ ‌သေဆုံးခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့ဒဏ်ရာရရှိတဲ့ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၄ ဦးကတော့ နမ့်ဖတ်ကာဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၆ ရက်ကလည်း နမ့်ဖတ်ကာ-မူဆယ်ကြား ခိုမုန်းရွာ အရှေ့ဘက် ကောင်းရာရွာမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ခဆန်နဲ့ ခဖောက်ရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး နွား ၄ ကောင် ထိမှန်ခဲ့သလို အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

ဒီရက်ပိုင်းအတွင်း လားရှိုး-မူဆယ် လမ်းမ တစ်ကြော စစ်ကောင်စီနဲ့ KIA တို့အကြား နေ့စဥ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဒေသခံတွေကပြောပါတယ်။

၇၆ နှစ်မြောက် အာဇာနည်နေ့ - ကျေးလက်နဲ့မြို့ပြက အာဇာနည်နေ့ သပိတ်တွေ

အညာက အာဏာနည်နေ့ ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, အညာက အာဏာနည်နေ့ ဆန္ဒပြပွဲ

နိုင်ငံတဝန်း စစ်ကိုင်း ၊ကချင် ၊ ရန်ကုန် အပါအဝင် ဒေသ အချို့မှာ ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သပိတ်တွေပြုနေကြပါတယ်။

ရန်ကုန်မှာတော့ အာဇာနည်ကုန်းရှိရာ ဗဟန်းမြို့နယ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရတဲ့ ဗိုလ်တထောင် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးတဝိုက်၊ အနော်ရထာလမ်းတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးရေးတင်းကြပ်တာတွေရှိနေတယ်လို့ မြို့ခံအချို့ကပြောပါတယ်။

စစ်အာဏာသိမ်းမှုအစောပိုင်းကာလ ဆန္ဒပြပွဲတွေ အင်အားသုံးဖြိုခွင်းခံရချိန် သေဆုံးခဲ့သူတွေကို အောက်မေ့ပြီး အာဏာနည် ၉ ဦးမကရှိခဲ့တယ်ဆိုတဲ့လှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုအစောပိုင်းကာလ ဆန္ဒပြပွဲတွေ အင်အားသုံးဖြိုခွင်းခံရချိန် သေဆုံးခဲ့သူတွေကို အောက်မေ့ပြီး အာဏာနည် ၉ ဦးမကရှိခဲ့တယ်ဆိုတဲ့လှုပ်ရှားမှု

ဒီကနေ့ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါးလရှီးလက ဦးဆောင်ကျင်းပခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ NUCC ၊တော်လှန်ရေး အင်အားစုတွေနဲ့ အာဇာနည်မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူကင်မ်အဲရစ်တက်ရောက်ခဲ့တာတွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မပြီးပြတ်ခဲ့တဲ့ အာဏာရှင်စနစ် ပျက်သုဉ်းရေးလုပ်ငန်းစဉ်တွေကို တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေး အင်အားစုများအားလုံးက တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ စည်းလုံးညီညွတ်စွာ ဆက်လက်အကောင်အထည် ဖော်ဖို့ တိုက်တွန်းတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အာဇာနည်နေ့ သဝဏ်လွှာမှာဖော်ပြပါတယ်။

၇၆ နှစ်မြောက် အာဇာနည်နေ့ - ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်မရ

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရဘဲ ဦးအောင်ဆန်းဦး သာ တက်ရောက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရဘဲ ဦးအောင်ဆန်းဦး သာ တက်ရောက်လာခဲ့ပါတယ်။

စစ်ကောင်စီက အာဇာနည်နေ့ကို အခမ်းအနားကို ကိုယ်စားလှယ်အဆင့်နှိမ့်စေလွှတ်

၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဒီကနေ့ကျင်းပခဲ့ပြီး အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရဘဲ သားဖြစ်သူ ဦးအောင်ဆန်းဦး သာ တက်ရောက်လာခဲ့ပါတယ်။

နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းအနားကို သုံးနှစ်ဆက်တိုက် တက်ရောက်ခွင့်မရတာလည်းဖြစ်ပါတယ်။

သူဟာ ယခင်စစ်အစိုးရလက်ထက်က ရန်ကုန်မြို့မှာ နေအိမ်အကျယ်ချုပ်ချခံနေရစဉ်ကတောင် အာဇာနည်နေ့အခမ်းနားတချို့ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ လည်း အာဇာနည်နေ့အခမ်းနားကို ဒုတိယဝန်ကြီးချုပ်၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်တက်ရောက်ခဲ့တာတွေ့ရပါတယ်။

သူနဲ့အတူ စစ်ကောင်စီဝင် မန်းငြိမ်းမောင် နဲ့ ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို နဲ့ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေး တို့ တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်က အာဇာနည်နေ့အခမ်းအနားကို စစ်ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ခဲ့တာဖြစ်လို့ ဒီနှစ်အခမ်းအနားကို စစ်ကောင်စီက ကိုယ်စားလှယ် အဆင့်နှိမ့်စေလွှတ်တာလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်သုံးသပ်နေကြပါတယ်။