ရုရှားနဲ့ပေါင်းမပေါင်း ဆန္ဒခံယူပွဲတွေကို ဘာ့ကြောင့်လုပ်ဖို့ကြေညာလိုက်သလဲ

ခရိုင်းမီးယားကိုရုရှားနဲ့ပေေါင်းခဲ့သလိုမျိုး အခုနယ်မြေ ၄ ခုကိုပေါင်းနိုင်ဖို့ မစ္စတာပူတင်မျှော်လင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံအတွင်းက ရုရှားကျောထောက်နောက်ခံပေးထားရာနေရာတွေမှာ ရုရှားနဲ့ပေါင်းမပေါင်း ဆန္ဒခံယူပွဲလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

 ခရိုင်းမီးယားကိုအဲသလိုနည်းနဲ့ပဲ ရုရှားနိုင်ငံထဲပူးပေါင်းခဲ့ဖူးပါတယ်။ အခုဖြစ်စဉ်ဟာ ခရိုင်းမီးယားဖြစ်စဉ်ရဲ့ ပဲ့တင်သံဖြစ်ပါတယ်။ ဒါပေမဲ့ ခရိုင်းမီးယားအခြေအနေနဲ့ မတူတာတွေရှိနေပါတယ်။ အခု မဲဆန္ဒခံယူပွဲလုပ်မယ်ဆိုတဲ့ နယ်မြေ ၄ ခု ဟာ စစ်ပွဲဖြစ်နေတာပါ။ ခရိုင်းမီးယားတုန်းက ရုရှားဟာ သေနတ်တချက်မှမဖောက်ဘဲ သိမ်းသွင်းလိုက်နိုင်တာဖြစ်ပါတယ်။

 ဘာ့ကြောင့်အခုအချိန်မှာလုပ်ချင်သလဲ

 အခုစစ်ပွဲ ၇ လကြာပြီးနောက် ရုရှားစစ်တပ်တွေဟာ ခံစစ်အနေအထားကိုရောက်သွားပါတယ်။ ယူကရိန်းဟာ တန်ပြန်ထိုးစစ်ဆင်နွှဲပြီး နယ်မြေတချို့ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 အခုအခါ သမ္မတပူတင်ဟာ သဘောထားတင်းမာပြတ်သားသူတွေရဲ့ ဖိအားပေးတာကိုခံနေရပါတယ်။ ခရိုင်းမီးယားပုံစံ ဆန္ဒခံယူပွဲဟာ အဲဒီဖိအားတွေကို အဖြေပေးတာဖြစ်ပါတယ်။ ရုရှားမီဒီယာတွေဟာ မဲဆန္ဒခန့်မှန်းချက်တွေကို အခုကတည်းကကောက်ခံနေရာမှာ ရုရှားနဲ့ပူးပေါင်းလိုသူက များနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ပွဲဖြစ်ပွားနေချိန်မှာလုပ်တဲ့ မဲဆန္ဒဟာ အများပြည်သူရဲ့ဆန္ဒကို ဘယ်လောက်ထင်ဟပ်နိုင်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

 ၂၀၁၄ ခုနှစ်တုန်းက ခရိုင်းမီးယားမှာလုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲကိုလည်း အတုအယောင်မဲပေးပွဲဆိုပြီး အနောက်နိုင်ငံတွေက ပယ်ချခဲ့ပါတယ်။ အခုလုပ်မဲ့ဆန္ဒခံယူပွဲကိုလည်း ပြင်သစ်၊ ဂျာမနီခေါင်းဆောင်တွေက အပြစ်တင်ရှုတ်ချကြပြီးဖြစ်ပါတယ်။

 ဒါပေမဲ့သိမ်းပိုက်ထားပြီးသားနယ်မြေတွေကို ရုရှားပိုင်နယ်မြေအဖြစ် ကြေညာလိုက်နိုင်ရင် စစ်ပွဲအခြေအနေကို ပြောင်းလဲနိုင်လိမ့်မယ်လို့ သမ္မတပူတင်က ယူဆပုံရပါတယ်။ အနောက်နိုင်ငံတွေကိုလည်း ယူကရိန်းကို လက်နက်ဆက်လက်မထောက်ပံ့ဖို့ ဟန့်တားနိုင်ခွင့်ရှိသွားမယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။ အထူးသဖြင့် အမေရိကန် ဟိုင်းမားစ်မစ်ဇိုင်းလောင်ချာတွေဟာ ရုရှားစစ်တပ်အတွက် အထိနာစေပါတယ်။

 ရုရှားဟာ သူတို့နယ်မြေလို့ယူဆတဲ့နေရာတွေကို ရဖို့တိုက်နေတာပဲလို့ အနောက်နိုင်ငံတွေကထင်မြင်လာမယ်လို့ ရုရှားအနေနဲ့မျှော်လင့်ပုံရကြောင်း ရုရှားရေးရာသုံးသပ်သူ အလက်ဇန္ဒားဘောင်းနော့ဗ်ကဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘာ့ကြောင့် အတုအယောင်ဆန္ဒခံယူပွဲဖြစ်မှာလဲ

 အစိတ်အပိုင်းတော်တော်များ သို့မဟုတ် အားလုံးနီးပါး သိမ်းပိုက်ထားပြီး ဖြစ်တဲ့ နယ်မြေ ၄ ခုကို စက်တင်ဘာလ ၂၃ ရက်ကနေ ၂၇ ရက်အထိ ၅ ရက်တိတိမဲပေးပြီး ဆန္ဒခံယူပွဲလုပ်မယ်လို့ ဆိုထားပါတယ်။ မဲပေးတဲ့အခါ လူကိုယ်တိုင်ဖြစ်စေ၊ အဝေးရောက်မဲဖြစ်စေပေးနိုင်ပါတယ်။

 ရုရှားကခန့်ထားတဲ့ တောင်ပိုင်း ခါဆွန်ဒေသရဲ့ အကြီးအကဲ ဗလာဒီမီယာဆာလ်ဒိုကတော့ ရုရှားနဲ့ပေါင်းခြင်းဟာ “နယ်မြေအတွက်လုံခြုံစိတ်ချမှုရစေနိုင်သလို သမိုင်းမှာရှိခဲ့တဲ့အတိုင်း တရားမျှတမှုကို ပြန်လည်တည်ဆောက်နိုင်တာ” လည်း ဖြစ်ပါလိမ့်မယ်လို့ဆိုပါတယ်။

 ဒါပေမဲ့ အခုအချိန်မှာတော့ ခါဆွန်ဒေသမြို့တော်ဖြစ်တဲ့ ခါဆွန်မြို့ဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေ မဟုတ်ပါဘူး။ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ကြောင့် ရုရှားတပ်ဖွဲ့တွေ ပြန်မဆုတ်ခွာရအောင် ကြိုးစားနေကြရပါတယ်။ မြို့တော်အုပ်ချုပ်ရေးရုံးကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ မစ်ဇိုင်းဒုံးနဲ့ အကြိမ်ကြိမ်ပစ်ခတ်တာခံခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အန္တရာယ်ကင်းကင်းနဲ့မဲပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

 ဇပိုရီးချားပြည်နယ်ရဲ့မြို့တော်ဟာလည်း ယူကရိန်းလက်အောက်မှာပဲရှိနေပါသေးတယ်။ အဲသလိုနေရာမျိုးမှာ ဆန္ဒမဲပေးတာဟာလည်း သိပ်အဆင်မပြေနိုင်ပါဘူး။

 အရှေ့ပိုင်း ဒွန်းညက်ဒေသဟာလည်း ရုရှားလက်အောက်မှာ ၆၀ ရာခိုင်နှုန်းသာကျရောက်ပြီး အချက်အချာနေရာအများစုဟာ စစ်ဖြစ်နေဆဲပါ။ အရှေ့မြောက် လူးဟန့်စ်နယ်မြေအများစုကို ရုရှားက ထိန်းချုပ်ထားနိုင်ပေမဲ့ နယ်မြေတချို့စတင်ပြီး ယူကရိန်းလက်အောက်ပြန်ရောက်နေတာတွေရှိပါတယ်။

 ဒါ့အပြင် စစ်မဖြစ်ခင်က အဲဒီမှာနေထိုင်သူအများအပြားဟာ အခုအခါ အိုးအိမ်စွန့်ခွာထွက်ပြေးကြပါပြီ။ ရုရှားလိုလားသူ ဒွန်းညက်အကြီးအကဲ ဒဲနစ်ပူရှီလင်ကရုရှားကျူးကျော်မှုမစခင်ကတည်းက လူတွေကို နေရပ်ကစွန့်ခွာကြဖို့ ညွှန်ကြားထားခဲ့ပါတယ်။

 ရုရှားလိုလားသူခေါင်းဆောင်တွေက ဆန္ဒခံယူပွဲကိုလိုလားနေခဲ့ကြတာ လပေါင်းအတန်ကြာပါပြီ။ ဒါပေမဲ့ အခုတော့ ဆန္ဒခံယူပွဲဆုံးဖြတ်ချက်ကို ရက်အနည်းငယ်မျှသာကြိုတင်ကြေညာလိုက်ပါတယ်။

 ရုရှားဟာစစ်ပွဲကိုစတင်ခဲ့တယ်။ ကျူးကျော်ခဲ့တဲ့။ ဗုံးကြဲခဲ့တယ်။ လူတွေကို ထွက်ပြေးအောင်လုပ်တယ်။ ခုကျမှ အဲဒီနေရာမှာ ဆန္ဒခံယူပွဲလုပ်မယ်လို့ကြေညာနေတာပဲ လို့ပြင်သစ်သမ္မတအီမန်နျူယယ်လ် မက်ခရွန်းက ဆိုပါတယ်။

 လူအများစုဟာယူကရိန်းအောက်မှာနေချင်ကြပါတယ်။ အဲဒါကြောင့်ပြောက်ကျားစစ်နဲ့ခုခံတိုက်ခိုက်မှုတွေ တွေ့နေရတာပေါ့။ အဲဒီတော့ ဆန္ဒခံယူပွဲဆိုတာ လုပ်ပြီးနေပြီလို့တောင် ဆိုနိုင်ပါတယ် လို့ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကြံပေးယူရီဆတ်က ဘီဘီစီကိုပြောပါတယ်။

 

ဒွန်းညက်ဒေသမှာ မစ်ဇိုင်းဒုံးပစ်လွှတ်နေတဲ့ပုံကို ရုရှားက အင်္ဂါနေမှာတင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ရုရှားနဲ့ပေါင်းပြီးရင် ဘာဖြစ်မလဲ

 ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားနဲ့ ရုရှားပေါင်းခဲ့တာမျိုးနဲ့တော့ ကွာခြားပါလိမ့်မယ်။ ရုရှားရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့အချက်အပေါ်မှာ ကျွန်တော်တို့သံသယမရှိပါဘူး လို့ ရုရှားလိုလားတဲ့ ဒွန်းညက်ခေါင်းဆောင်က ဆိုပါတယ်။

 နယ်မြေ ၄ ခုကို ရုရှားနဲ့ပူးပေါင်းကြောင်း ကြေညာဖို့များပါတယ်။ ဒါပေမဲ့ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်က ဆက်လက်ရှိနေဦးမှာ ဖြစ်တဲ့အတွက် ဘာမှ သိပ်ထူးခြားမှာ မဟုတ်ပါဘူး။

 နေတိုးနိုင်ငံတွေအနေနဲ့ ယူကရိန်းကို လက်နက်ထောက်ပံ့နေတာ ရပ်တန့်ဖို့ ရုရှားက တောင်းဆိုကောင်းတောင်းဆိုပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူကမှ အခုဆန္ဒခံယူပွဲတွေကို လက်ခံမှာ မဟုတ်ပါဘူး။ “ယူကရိန်းဟာ ခရိုင်းမီးယားမှာရှိတဲ့ ရုရှားစစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုတောင် တိုက်ခိုက်နေပါပြီ။ ရုရှားဘက်က မတုံ့ပြန်နိုင်သေးပါဘူး” လို့စစ်ရေးလေ့လာမှု အင်စတီကျုက ထောက်ပြပါတယ်။

 

စစ်ပွဲအပြည့်ဆင်နွှဲပေါ်ပေါက်လာမလား

 

ရုရှားဟာအခုထိစစ်မကြေညာသေးပါဘူး။ အထူးစစ်ဆင်ရေးလှုပ်ရှားမှုလို့သာ ပြောဆိုနေပါသေးတယ်။ ဒီပြောဆိုချက်ဟာ ဘက်စုံအပြည့်အဝဆင်နွှဲတဲ့ စစ်ပွဲကြီးအဖြစ်ရှေ့တိုးဖို့ ခက်နေပါတယ်။ ဒါပေမဲ့ စစ်ပွဲ ရှေ့တဆင့်တိုးဖြစ်ပေါ်လာနိုင်တယ်လို့ ပြောဆိုသုံးသပ်မှုတွေရှိနေပါတယ်။

 နယ်မြေ ၄ ခုမှာ အတုအယောင်မဲပေးပွဲလုပ်မယ်လို့ ကြေညာနေချိန်နဲ့ တပြိုင်တည်းမှာပဲ ရုရှားအောက်လွှတ်တော်မှာတော့ စစ်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို တက်သုက်ရိုက်ပြင်ဆင်ဖို့ လုပ်နေကြပါတယ်။ စစ်ပွဲအပြည့်ဆင်နွှဲနိုင်ရေးဟာ အခုအခါဥပဒေရေးသားပြင်ဆင်ပြီးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ချက်ချင်းတော့ပေါ်ပေါက်လာမှာ မဟုတ်သေးပါဘူး။

 မစ္စတာပူတင်က သူ့နေနဲ့ စစ်ပွဲအဆုံးသတ်ဖို့ ကြိုးစားနေကြောင်း သူ့မဟာမိတ်တွေကို အချက်ပေးအရိပ်ပြနေပါတယ်။ သူ့အနေနဲ့ စစ်ပွဲကို မြန်နိုင်သမျှမြန်မြန်အဆုံးသတ်ဖို့ကြိုးစားနေတယ်လို့တောင် သမ္မတပူတင်ကပြောကြောင်း တူရကီသမ္မတအာဒိုဝမ်ကဆိုပါတယ်။

 ဒါပေမဲ့အနောက်နိုင်ငံတွေကတော့ အဲဒီပြောဆိုချက်ကို မယုံကြည်ပါဘူး။ သူကစစ်ရပ်ချင်နေပါတယ်လို့ပြောပြီးနောက် တခြားလူတွေအပေါ်အပြစ်ပုံချပြီး သူ့ရဲ့ကျူးကျော်စစ်ကို ဆက်ဆင်နွှဲမှာပါပဲ။ ကျူးကျော်စစ်ကို ခုခံစစ်လို့ပြောင်းလဲပြောဆိုပါလိမ့်မယ်လို့ ရုရှားအရေးသုံးသပ်သူ အလက်ဇန္ဒားဘောင်းနော့ဗ်က ဆိုပါတယ်။

အဲသလိုဆင်ခြေပြနိုင်ရင် ရုရှားဟာ သာမန်ရုရှားပြည်သူတွေကို ကာကွယ်ဖို့အတွက် စစ်တိုက်ရပါတယ်လို့ အကြောင်းပြပြီး စစ်ပွဲဆက်လက်ဆင်နွှဲဖို့ စစ်ပွဲကို တရားဝင်ဆင်နွှဲဖို့လွယ်ကူသွားမယ်လို့ မျှော်လင့်ထားပုံရပါတယ်။

 

နျူးကလီးယားစစ်ပွဲအန္တရာယ်

 

ရုရှားဝါဒဖြန့်ချိရေးသမားတွေဟာ နျူးကလီးယား စစ်ပွဲရဲ့အန္တရာယ်ကို မကြာခဏပြောဆိုခြိမ်းခြောက်လေ့ ရှိပါတယ်။ အထူးသဖြင့် ယူကရိန်းရှိ သူတို့တပ်ဖွဲ့တွေ ရှုံးနိမ့်နေတဲ့နေရာတွေမှာ နျူးကလီးယားလက်နက်တွေ ရှိတယ်ဆိုပြီးပြောဆိုခြိမ်းခြောက်လေ့ရှိပါတယ်။

 ယူကရိန်းစစ်ပွဲဟာ နေတိုးက လူစားထိုးတိုက်ခိုက်တဲ့စစ်ပွဲလို့လည်း မကြာခဏပြောဆိုလေ့ရှိပါတယ်။ အနောက်နိုင်ငံခေါင်းဆောင်တွေက တိုက်ရိုက်ပဋိပက္ခဖြစ်ပွားမှာကို သတိထားရှောင်ရှားနေကြပေမဲ့ အဲသလို မကြာခဏစွပ်စွဲပြောဆိုတတ်ပါတယ်။

 ရုရှားလုံခြုံရေးကောင်စီရဲ့ လက်ထောက်အကြီးအကဲ ဒမစ်ထရီမက်ဗီယေးဒက်က နယ်မြေ ၄ ခုကိုရုရှားနဲ့ ပူးပေါင်းပြီးရင် ရုရှားပိုင်နက်နယ်မြေဖြစ်သွားပြီးဖြစ်တဲ့အတွက် ကာကွယ်ရေးအလို့ငှာ တပ်အားလုံးကို မိမိကိုယ်ကိုယ် ခုခံရေးအတွက်အသုံးပြုလို့ရသွားပြီလို့ အင်္ဂါနေ့မှာပြောဆိုပြီး ခပ်ပါးပါး ခြိမ်းခြောက်သွားပါတယ်။

 ရုရှားရုပ်မြင်သံကြားအစီစဉ်ကြေညာသူ မာဂရီတာဆိုင်မွန်ယန်းက ပိုလို့တောင်ပြောဆိုပါသေးတယ်။ ရုရှားပိုင်နက်ကို အတိုက်ခိုက်ခံရတယ်ဆိုရင် ရုရှားကိုချုပ်နှောင်ထားတဲ့နှောင်ကြိုးတွေအားလုံးကို ထည့်တွက်စရာမလိုတော့ဘဲ ယူကရိန်း၊ နေတိုးတို့နဲ့ ဘက်စုံစစ်ပွဲဆင်နွှဲနိုင်တော့မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

မကြာခင်က ကိယက်ဗ်ကိုရောက်ခဲ့တဲ့ ဗြိတိန်ကွန်ဆာဗေးတစ်အမတ် ဘော့ဘ်ဆီလီကတော့ နျူးကလီးယားခြိမ်းခြောက်မှုဟာ ယူကရိန်းကို လက်နက်ထောက်ပံ့ပေးနေတဲ့ အနောက်နိုင်ငံတွေကို ရပ်တန့်သွားအောင် ခြိမ်းခြောက်တဲ့လုပ်ရပ်လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ကိုယ့်တွက်ကိန်းနဲ့ကိုယ်တွက်ချက်ပြီး နျူးကလီးယားလက်နက်အသုံးပြုတာမျိုးဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့တော့ သူကသတိပေးပါတယ်။

နည်းဗျူဟာ အဆင့်နျူးကလီးယားလက်နက်ငယ်တွေကိုအသုံးပြုတာဟာ ကျိုးကြောင်းဆီလျော်တယ်လို့ ရုရှားက တချိန်မှာ သူတို့ဘာသာအကဲဖြတ်ပြီး အသုံးပြုတာမျိုးဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ တခြားဘယ်သူကမှ ကျိုးကြောင်းဆီလျော်တယ်လို့ မယူဆသည့်တိုင်အောင် သူတို့ကသူတို့ဘာသာဆုံးဖြတ်ယူဆပြီး အသုံးပြုလိုက်တဲ့ အန္တရာယ်မျိုးတော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။