ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်အားပြင်း ဆိုင်ကလုန်း မိုခါ ရခိုင်ပြည်နယ်ထဲ မေ ၁၄ ရက်မှာ ဝင်နိုင်
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (Mocha)ဟာ ဘင်္ဂလားပင်လယ်အော်မှာ အားအလွန်ကောင်းနေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားကာ လာမယ့် မေလ ၁၄ ရက် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမြို့ နဲ့ ကျောက်ဖြူမြို့တို့ အကြား၊ စစ်တွေမြို့အနီးကနေ ကုန်းတွင်းကို ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။
မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒီနေ့ မေလ ၁၂ ရက်နေ့ ညနေကနေ မေလ ၁၄ ရက်အကြား ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက် လေပြင်းတွေ ကျရောက်နိုင်ပြီး မုန်တိုင်းကျစဉ် လေတိုက်နှုန်းက တနာရီကို မိုင် ၉၀ ကနေ မိုင် ၁၁၀ အထိ တိုက်ခတ်နိုင်တဲ့အပြင် ရခိုင် ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းတွေက ၁၄ ပေ ကနေ ၁၈ ပေ အထိ ကြီးနိုင် တယ်လို့ မိုးဇလ ရဲ့ မေလ ၁၂ ရက် ညနေ ၄ နာရီအချိန်လောက်မှာ ထုတ်ပြန်တဲ့ ကြေညာချက် အရ သိရပါတယ်။
ရခိုင်ဘက်ကို ဆိုင်ကလုန်း မုန်တိုင်းအဝင်မှာ ဖျက်ဆီးနိုင်အားနဲ့ ပတ်သက်လို့ “ (လေတိုက်နှုန်း တနာရီ) မိုင် ၉၀ နဲ့ ၁၁၀ ကြားဆိုရင် အိမ်အမိုးတွေ ကျွတ်ထွက်သွားနိုင်တယ်။ မခိုင်တဲ့ အိမ်တွေဆို လွင့် ထွက်သွားတာမျိုး၊ သစ်ပင်တွေ လဲသွားတာမျိုးအထိ ဖြစ်နိုင်တယ်။ ပြင်းအား အတော်ကောင်းတာ” လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကို ပြော ပါတယ်။
ဒီနေ့ မေလ ၁၂ ရက်၊ သောကြာနေ့ မွန်းလွဲပိုင်းမှာ အားအလွန်ကောင်းတဲ့ မုန်တိုင်း မိုခါဟာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းကို ရောက်ရှိနေပြီး ကိုကိုးကျွန်းရဲ့ အနောက်ဘက် ရေမိုင် ၂၉၅ မိုင်၊ ဟိုင်းကြီးကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်၊ စစ်တွေမြို့ရဲ့ အနောက်တောက်ဘက် ရေမိုင် ၄၅၀ အကွာတို့မှာ ရှိတဲ့ ပင်လယ်ပြင်မှာ ဗဟိုပြုနေပါတယ်။
ဒီ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) မိုခါ ဟာ အရှေ့ မြောက် ဘက်ကို ရွေ့လျားလာနိုင်ကာ အထက်မှာ ပြောခဲ့သလို ဘင်္ဂလား ဒေ့ရှ် နယ်စပ်နဲ့ ရခိုင်ပြည်နယ်က နေရာဒေသတွေဆီကို မုန်တိုင်းက ဦးတည်လာနေ တာပါ။
စစ်တွေဘက်မှာ ပြည်သူတွေ ပြင်ဆင်နေမှု
စစ်တွေက လမ်းတွေ၊ စျေးတွေမှာ ပြည်သူတွေ သွားလာ လုပ်ကိုင် ရောင်းဝယ်နေကြဆဲပါ။
“ပြည်သူတွေကို လုံခြုံတဲ့နေရာကို ရွှေ့ကြပါ”လို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လိုက်လံနှိုးဆော်နေကြတယ်၊ လူတချို့လည်း ကုန်းမြင့်ပိုင်းကို ရွှေ့နေကြတာတွေ ရှိတယ် လို့ စစ်တွေမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
မုန်တိုင်းဟာ လေတိုက်နှုန်း မိုင် ၁၁၀ အထိ ပြင်းနိုင်တာမို့ အားအလွန်ပြင်းတဲ့ မုန်တိုင်း ဖြစ်တဲ့အပြင် ဒီထက်လည်း ပိုပြင်းထန်နိုင်မယ်ဆိုတာကို ထည့်တွက်ကြပါတယ်။
လေတိုက်နှုန်း မိုင် ၁၁၀ ထက်ကျော်ရင် နာဂစ်မုန်တိုင်းလိုမျိုး ပြင်းမှာ ဖြစ်တဲ့အတွက် လူအများအပြားဟာ စိုးရိမ်နေကြပါတယ်။
စိုးရိမ်ကြတာကြောင့် စစ်တွေက တချို့လူတွေ အထူးသဖြင့် ကလေးငယ်တွေ၊ အသက် အရွယ်ကြီးသူတွေ၊ အမျိုးသမီးတွေဟာ ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့ အတွင်းပိုင်း နည်းနည်းကျတဲ့ မြို့တွေဘက်ကို ရွှေ့နေကြပါတယ်။
မုန်တိုင်း ကုန်းပေါ်ကို ဖြတ်ကျော်တဲ့အချိန်မှာ မုန်တိုင်းဒီရေဟာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့မှာ ရှိတဲ့ မြစ်ဝနဲ့ မြစ်လက်တက်တွေမှာ ၁၂ ပေကနေ ၁၆ ပေအထိ မြင့်တက်လာနိုင်သလို၊ ကျောက်ဖြူခရိုင်က မြစ်ဝနဲ့ မြစ်လက်တက်တွေမှာလည်း ၉ ပေကနေ ၁၂ ပေအထိ မြင့်တက်နိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထားပါတယ်။
ဆိုင်ကလုန်း မုန်တိုင်း ကြောက်ရွံ့မှုနဲ့ ဧရာဝတီ
မိုခါ မုန်တိုင်းရဲ့ အရှိန်ကြောင့် ဧရာဝတီတိုင်းမှာ လေတိုက်နှုန်းက တနာရီကို မိုင် ၄၀ ကနေ မိုင် ၆၀ အထိရှိမယ်၊ ကမ်းရိုးတန်းမှာ လှိုင်းအမြင့်က ၁၈ ပေလောက်အထိ မြင့်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပေမဲ့ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ဒဏ်ကို ခံထားဖူးခဲ့တဲ့ ဧရာဝတီတိုင်းက ပြည်သူတွေအဖို့ စိုးရိမ်မှုက အလွန် ကြီးမား ဆဲပါ။
နာဂစ်မှာ လူအသေအပျောက်များခဲ့တဲ့ မြို့နယ်တွေထဲက တမြို့နယ်ဖြစ်တဲ့ လပွတ္တာ မှာ ပင်လယ်နဲ့နီးတဲ့ ကျေးရွာအုပ်စု ဆယ်ချီကျော်ဟာ လပွတ္တာမြို့ပေါ်ကို ပြောင်းရွှေ့ နေထိုင် နေကြပါတယ်။
မြို့ပေါ်က ဘုန်းကြီးကျောင်းတွေနဲ့ စာသင်တိုက်တွေမှာမှာ သူတို့ထဲက အများစုက ခိုလှုံနေကြပြီး မုန်တိုင်းရှောင်နေကြပါတယ်။
အဲဒီနယ်က တချို့ကျေးရွာတွေမှာ မုန်တိုင်းဒဏ်ခံ ခိုလှုံစရာ အဆောက်အဦတွေ နာဂစ် ဘေးကြီးနောက်ပိုင်းမှာ ဆောက်ထားပြီး ဖြစ်ပေမဲ့ “တချို့က ပျက်ဆီးနေတာ၊ တချို့ကလည်း လူ ၇၀၀ ကျော် ရှိတဲ့ ရွာမှာ အဆောက်အဦက လူ ၅၀၀ လောက်ပဲ ဆံ့တာတွေကြောင့် မြို့ဘက်ကို လာရောက် ခိုလှုံကြတာ” လို့ အကူအညီပေးနေသူ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။
သူ့ရဲ့ ခန့်မှန်းချက်အရ ရွာတွေဘက်က လူ ၁၀,၀၀၀ လောက် လပွတ္တာမြို့ပေါ် ရွှေ့ပြောင်း ခိုလှုံနေကြတယ်လို့ သိရပါတယ်။
နိုင်ငံအနှံ့က စိုးရိမ်နေမှုတွေ
ဒီနေ့ သောကြာနေ့ကနေ တနင်္ဂနွေနေ့ အထိ မြန်မာနိုင်ငံ တောင်ပိုင်း မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ နဲ့ ၄၅ မိုင်ကြား တိုက်ခတ်နိုင်ပြီး လှိုင်းက ၁၂ ပေ အထိ မြင့်နိုင်တယ်လို့ မိုးဇလက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းတွေမှာ တိုင်းနဲ့ပြည်နယ် နေရာအနှံ့အပြား မှာ မိုးထစ်ချုန်းရွာတာတွေ မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန် ထားသလို ရခိုင်ပြည်နယ် နဲ့ ဧရာဝတီတိုင်းအပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ချင်းပြည်နယ်တို့မှာလည်း မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် လေတိုက်နှုန်းက တနာရီ ကို မိုင် ၄၀ ကနေ မိုင် ၆၀ အထိ တိုက်ခတ်နို င်တယ်လို့ ခန့်မှန်းထားတာကြောင့် စိုးရိမ်မှုတွေက နိုင်ငံအနှံ့မှာ ရှိနေပါတယ်။
ရခိုင်ပြည်နယ်နဲ့ ကပ်နေတဲ့ မကွေးတိုင်းထဲက မင်းဘူး၊ ကံမ နဲ့ မင်းတုန်းမြို့နယ် တွေမှာ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်မှာ၊ မိုးကြီးလာနိုင်တဲ့အတွက် “စိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ မျိုးစေ့တွေ နဲ့ တိရိစ္ဆာန်အစာတွေ မပျက်စီးရအောင် ကြိုတင် သိမ်းဆည်းတာတွေလုပ်နေကြရတယ်” လို့ ဒေသခံတွေက ပြောပါတယ်။