စက်တင်ဘာ ၂၃ ရက်ထိပ်တန်းသတင်းများ
ရန်ကုန်သမိုင်းလမ်းဆုံပေါက်ကွဲမှုမှာ ထိခိုက်မိတဲ့ပြည်သူ၂ ဦးရှိခဲ့တဲ့အပေါ် မြို့ပြပြောက်ကျားအဖွဲ့ တောင်းပန်

ဓာတ်ပုံ ရင်းမြစ်, CJ
တော်လှန်ရေးပြီးရင် ပြစ်ဒဏ်ခံယူမယ်လို့ ဆို
ရန်ကုန်၊ သမိုင်းလမ်းဆုံမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့ဘန်ကာစခန်းကို အဝေးထိန်းမိုင်းနဲ့ ဒီနေ့ စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းကတိုက်ခိုက်ရာမှာ ဘန်ကာအနီးရောက်လာတဲ့ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ထိခိုက်မိတဲ့ပြည်သူနှစ်ဦးအပါအ၀င် အများပြည်သူကိုတောင်းပန်ကြောင်း Freeland Attack Force (FLA) အဖွဲ့ရဲ့တာဝန်ခံလည်းဖြစ် ဒီမစ်ရှင်ကို တာဝန်ခံလုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်နေမျိုးနွယ် အမည်နဲ့ ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂၃ ရက်ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ နှစ်ထပ်ဘန်ကာကိုသာ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ပြည်သူကိုထိခိုက်စေဖို့မရည်ရွယ်ခဲ့ကြောင်းနဲ့ တော်လှန်ရေးပြီးရင် ထိုက်သင့်တဲ့အပြစ်ပေးမှုကို အယူခံဝင်ဖြေရှင်းသွားကာ ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုလည်း ခံယူမယ်လို့ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဒါ့အပြင် နောက်ထပ် မစ်ရှင်တွေမှာ ပြည်သူတွေမထိခိုက်စေဖို့ အထူးသတိထားဆောင်ရွက်မယ်လို့ ဆိုပါတယ်။ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်စွဲထားတဲ့ ဘန်ကာတွေ၊ စစ်ကောင်စီရုံးတွေနဲ့အုပ်ချုပ်ရေးမှူးရုံးတွေကိုတတ်နိုင်သမျှရှောင်ရှားသွားလာကြဖို့လည်း မေတ္တာရပ်ခံတယ်လို့ဆိုပါတယ်။
ဒီကနေ့ တိုက်ခိုက်မှုကိုတော့ မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးတွက်ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Emerald Girls Army (EGA) အဖွဲ့တို့က အဝေးထိန်းမိုင်းနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားကြပါတယ်။ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အလှမယ်ဟန်လေးဟာ အင်တာပိုလ်အလိုရှိစာရင်းထဲမှာမပါဝင်ကြောင်း အင်တာပိုလ် ပြောကြား

ဓာတ်ပုံ ရင်းမြစ်, social media
ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ထဲမှာ စက်တင်ဘာ ၂၁ ရက်နေ့တည်းက ထိန်းသိမ်းခံထားရတဲ့အလှမယ်ဟန်လေးဟာ နိုင်ငံတာရဲတပ်ဖွဲ့ အင်တာပိုလ်ရဲ့အလိုရှိစာရင်းထဲမှာမပါဝင်ကြောင်း အင်တာပိုလ်ရဲ့ သတင်းထုတ်ပြန်ရေးရုံးက ဘီဘီစီထံ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်အကြောင်းပြန်ကြားလာပါတယ်။
ဘီဘီစီက ထိုင်းနိုင်ငံမှာ ခရီးသွားစာရွက်စာတမ်းမပြည့်စုံမှု၊ အင်တာပိုလ်ရဲ့အနီရောင်အလိုရှိစာရင်းထဲမှာ ပါဝင်နေတယ်ဆိုပြီး ထိုင်းလဝက ဘက်က အကြောင်းပြပြီး ထိန်းသိမ်းခံထားရတဲ့ အလှမယ်ဟန်လေးနဲ့ပတ်သက်လို့ အင်တာပိုလ်ရုံးချုပ်ထံ အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းရာမှာ ခုလိုပြန်လည်ဖြေကြားလာတာဖြစ်ပါတယ်။
မနေ့ကထိ အလှမယ်ဟန်လေးကိုင်ဆောင်ထားတဲ့ပတ်စ်ပို့ကို ပျောက်ဆုံးအနေနဲ့ မြန်မာဘက်က အကြောင်းကြားထားတယ်လို့ဟန်လေးက ပြောကြားထားခဲ့ပြီး ဒီနေ့ စက်တင်ဘာ ၂၃ ရက်မှာတော့ သူ့ရဲ့ပတ်စ်ပို့်ကို ရုတ်သိမ်းလိုက်ပြီလို့ သိရကြောင်း ဟန်လေးက ဘီဘီစီကိုပြောပါတယ်။
ဒါကြောင့် ဟန်လေးအနေနဲ့ပတ်စ်ပို့အသစ်လျှောက်ထားရဖို့ရှိပေမဲ့လက်ရှိအခြေအနေမှာ အသစ်လျှောက်ထားဖို့ မလွယ်ကူတဲ့အခြေအနေဖြစ်နေတာကြောင့် သူ့ကိုကူညီနေတဲ့ UNHCR နဲ့ ဆက်လက်တိုင်ပင်သွားမယ်လို့ ဟန်လေးက ဆက်ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းအထိ ဟန်လေးဟာ ဘန်ကောက် က လေဆိပ်ထဲမှာ ဆက်လက်နေထိုင်နေရပါတယ်။
ရွှေကူ၊ မိုးစစ်ရွာမှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်ကို သင်္ဂြိုဟ်ပြီးစီး

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရွှေကူ၊ မိုးစစ်ရွာမှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်ကို သင်္ဂြိုဟ်ပြီးစီး
ဒဏ်ရာရတဲ့ ရွာသား ၈ယောက်ဆေးကုသမှုခံရနေဆဲ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းက မိုးစစ်ကျေးရွာနဲ့ ရေလဲကျေးရွာအနီးမှာ မနေ့စက်တင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကျေးရွာအတွင်းပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး ရွာသား ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွှေကူမြို့နယ် ကျွန်တော်ရွာဘက်ကနေ မိုးစစ်ကျေးရွာနဲ့ ရေလဲ ကျေးရွာဘက်ကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် နွားကျောင်းရာကပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် တတိယတန်းကျောင်းသား မောင်ဇွဲနိုင်မိုးဟာ လက်နက်ကြီးထိမှန်ပြီး နေရာမှာပဲသေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
‘’နွားကျောင်းရာကနေ နွားဆွဲပြီး အိမ်ဘက်ပြန်လာတာ၊ လက်နက်ကြီးထိပြီး နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားတာပါ။ ဒီနေ့နေ့လယ်မှာပဲ သင်္ဂြိုဟ်လိုက်ပါပြီ။ ကလေးက အသက် ၁၁ နှစ်အရွယ်ပါ။ မနေ့ကပုံထဲမှာပါတဲ့ ကလေးကိုဖက်ထားတာ သူ့ဖခင်ပါ’’ လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့ ဒေသခံက ဘီဘီစီကိုပြောပါတယ်။
ပစ်ခတ်မှုကြောင့် အခုလိုကလေးငယ်တစ်ဦးသေဆုံးတဲ့အပြင် ရွာသား ၈ ဦးထက်မနည်းဟာလည်း ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံနေရသလို နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးစစ်နဲ့ ရေလဲကျေးရွာအတွင်းမှာ အခုလို ပစ်ခတ်မှုဖြစ်တာ အခုတစ်ကြိမ်နဲ့ဆိုရင် ၅ကြိမ်မြောက်ရှိပြီဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ ရွာသားတွေသေဆုံးထိခိုက်မှုဖြစ်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ကတိုက်ပွဲနဲ့ပတ်သက်လို့တော့ မြို့လှ KPDF တပ်ရင်းနယ်မြေအတွင်း ရေကြောင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စက်လှေ ၃ စီးနစ်မြှပ်ခဲ့သလို ၂၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးတာနဲ့ အရပ်သားထိခိုက်တာတွေကိုလည်း မြို့လှ KPDF က ဆက်ပြီးသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ မနေ့က ရွှေကူမြို့နယ်အတွင်းကအခြေအနေတွေကို သတင်းထုတ်ပြန်လာတာမရှိပါဘူး။
သမိုင်းလမ်းဆုံက စစ်ကောင်စီအသစ်ဆောက်ထားတဲ့ နှစ်ထပ်ဘန်ကာစခန်း တိုက်ခိုက်ခံရပြန်

ဓာတ်ပုံ ရင်းမြစ်, Freeland Attack Force(FLA)
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ၂ရပ်ကွက်၊ သမိုင်းလမ်းဆုံမှာ စစ်ကောင်စီက အသစ်ဆောက်လုပ်ထားတဲ့ နှစ်ထပ်ဘန်ကာ လုံခြုံရေးကင်းစခန်းကို မြို့ပြပြောက်ကျားအဖွဲ့တွေက ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီဘန်ကာစခန်းဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သမိုင်းလမ်းဆုံ လမ်းဘေးစင်္ကြန်တစ်ဖက်မှာရှိတဲ့ ယာဥ်ထိန်းရဲကင်းက စစ်ကောင်စီတပ်ဖွဲ့တွေကို မြို့ပြပြောက်ကျားအဖွဲ့တွေဘက်က ၃ ကြိမ်ထက်မနည်း ဗုံးခွဲ တိုက်ခိုက်မှုလုပ်ခဲ့အပြီးမှာ စစ်ကောင်စီဟာ အခုပေါက်ကွဲမှုဖြစ်တဲ့ လုံခြုံရေး ဘန်ကာကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုဆောက်လုပ်အပြီးမှာပဲ စစ်ကောင်စီရဲ့ ဘန်ကာစခန်းအသစ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အခုတစ်ကြိမ်နဲ့ဆို ဘန်အသစ်ဆောက်ပြီးခါမှ နှစ်ကြိမ်မြောက်တိုက်ခိုက်ခံရတာပဲဖြစ်ပါတယ်။
ဒီကနေ့ တိုက်ခိုက်မှုကိုတော့ မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးတွက်ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Emerald Girls Army (EGA) အဖွဲ့တို့က အဝေးထိန်းမိုင်းနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားကြပါတယ်။
တိုက်ခိုက်မှုကြောင့် နှစ်ဦးထိခိုက်ခဲ့ပြီး ထိခိုက်သူတွေဟာ ဘယ်သူတွေလဲဆိုတာ့ စုံစမ်းနေဆဲဖြစ်တယ်လို့လည်း မြို့ပြပြောက်ကျားတွေက ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဖွဲ့တွေတပ်စွဲရာနေရာတွေနဲ့ ရှောင်ရှားဖို့ကိုလည်း သတိပေးထုတ်ပြန်တာတွေ့ရပါတယ်။ အခုဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
နိုင်ငံရေးပါတီအသစ်တွေ မှတ်ပုံတင်လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ပြော

ဓာတ်ပုံ ရင်းမြစ်, CJ
လာမယ့် ၂၀၂၃ ခုနှစ်အတွက် စစ်တပ်ကပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ပါတီသစ်တည်ထောင်လိုသူတွေအနေနဲ့ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားနိုင်တယ်လို့စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ရေးအဖွဲ့ကတစ်ဆင့် ပြောလာပါတယ်။
အရင်ရွေးကောက်ပွဲတွေရဲ့ အတွေ့အကြုံနဲ့ ပါတီစာရင်းတွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေပေါ် မူတည်ပြီးနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်း ဥပဒေတွေနဲ့ နည်းဥပဒေတွေကို အသစ်ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေပြီး ဒီဥပဒေတွေထွက်လာရင် ပါတီအသစ် တည်ထောင်တာတွေကို လျှောက်နိုင်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးဘက်က ထုတ်ပြန်လာပါတယ်။
လျှောက်ထားလာတဲ့ နိုင်ငံရေးပါတီတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲက ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ စိစစ်ခွင့်ပြုသွားမယ်လို့ ပြောဆိုလာတာပါ။
လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကနေ PR အချိုးကျစနစ် ရွေးကောက်ပွဲတစ်ခုကို ကျင်းပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ အတိုက်အခံတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေရှိနေတဲ့အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သတိပေးပြောထားပါတယ်။
မုံရွာမြို့ပတ်လမ်းမှာ လက်ကိုကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်းတွေ့

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
မုံရွာမြို့ပတ်လမ်းမှာ လက်ကိုကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်းတွေ့
လပိုင်းအတွင်း သေဆုံးရုပ်အလောင်းတွေ့ရှိမှု ၁၀ လောင်းကျော်ရှိလာ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက မြို့ပတ်လမ်းပေါ်မှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့က လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရတဲ့အနေအထားနဲ့ အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာက ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေရဲ့သတင်းပေးချက်အရသွားရောက်ကြည့်ရှုရာမှာ အသက် ၂၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးငယ်တစ်ဦးကို လက်ကိုကြိုးတုပ်ပြီး ပီနံအိတ်ထဲထည့်ကာ အပြင်ကနေမီးရှို့ထားတဲ့ အနေအထားကိုတွေ့ရတာဖြစ်တယ်လို့ အလောင်းကို သွားရောက်သယ်ဆောင် ကူညီပေးခဲ့တဲ့ မုံရွာလူမှုကယ်ဆယ်ရေးအသင်းကပြောပါတယ်။
“အလောင်းထည့်ထားတဲ့ အိတ်ကိုဓာတ်ဆီလောင်းပြီး မီးရှို့ထားတာ၊ ဓာတ်ဆီအနံတွေလည်းရနေတယ်။ မနေ့ညကမိုးရွာတော့ မီးရှို့တာအကုန်လောင်မသွားဘူးထင်တယ်။ မျက်နှာကလည်း မှတ်မိနိုင်တဲ့ အနေအထားမရှိတော့ဘူး။ အသက်ကတော့ ၂၀ ဝန်းကျင်လောက်ခန့်မှန်းမိတယ်။ ဒေသခံလား ဘယ်ကလည်းဆိုတာလည်း မသိရသေးဘူး’’ လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာက တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။
မုံရွာမြို့မှာ အခုလိုသတ်ဖြတ်ခံထားရတဲ့ အလောင်းတွေ တွေ့ရှိတာဆိုရင် ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာ အလောင်း ၁၅ လောင်းထက်မနည်းရှိနေပြီလို့ မုံရွာမြို့အတွင်းကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်ပေးနေတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာကပြောပါတယ်။
ဒါ့အပြင် မုံရွာမြို့အတွင်းမှာ ခိုးမှု၊ လုယက်မှုတွေလည်း အရင်ထက်ပိုဖြစ်လာတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ အလိမ်အညာသာဖြစ်မယ်လို့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သတိပေး

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၃ မှာ စစ်တပ်က ကျင်းပဖို့စီစဥ်နေတဲ့ ရွေးကောက်ပွဲဟာ အလိမ်အညာဖြစ်မှာမို့ တခြားနိုင်ငံတွေအနေနဲ့ ရွေးကောက်ပွဲကို ကူညီရင် စစ်ကောင်စီကို တရားဝင်ဖြစ်အောင်လုပ်ပေးသလိုဖြစ်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အမ်ဒရူးကပြောပါတယ်။
“ဒါက ရွေးကောက်ပွဲလို့ဖြစ်လာမှာမဟုတ်ဘူး။ အလိမ်အညာသာဖြစ်ပါတယ်။ ကမ္ဘာကြီးကို လှည့်စား ဖို့ကြိုးပမ်းမှုသာဖြစ်ပါတယ်။ အတိုက်အခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေလုပ်နေတဲ့ နေရာမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဆိုတာ လုပ်လို့မရပါဘူး’’ လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အမ်ဒရူးကပြောဆိုသွားတာပါ။
ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အလိမ်အညာရွေးကောက်ပွဲကို သွားပြီးအကူအညီပေးမိရင် ထောက်ချောက်ထဲရောက်သွားသလိုဖြစ်နိုင်သလို အဲဒီလိုလုပ်ရင် အခြေအနေပိုဆိုးမယ်လို့ ဂျနီဗာမှာ လုပ်တဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ ၅၁ ကြိမ်မြောက် ညီလာခံမှာ အခုလိုပြောသွားတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့အခြေအနေဟာ အဆိုးကနေ ပိုဆိုးတဲ့အခြေအနေဖြစ်လာရုံမက ကြောက်စရာကောင်းတဲ့အခြေအနေဖြစ်နေတာကြောင့် ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီအကျပ်အတည်းကိုတုံ့ပြန်ရာမှာ အပြောင်းအလဲလုပ်ဖို့လိုနေပြီး ဒီအတိုင်းဆက်သွားရင် မြန်မာပြည်သူတွေ ပိုဒုက္ခရောက်မယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ စစ်တပ်ရဲ့သတ်ဖြတ်မှုတွေ၊ ကျေးရွာနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေ ပိုများလာတဲ့အခြေအနေကိုလည်း ကုလလူ့အခွင့်အရေးကောင်စီမှာ မစ္စတာအမ်ဒရူးက တင်ပြသွားခဲ့ပါတယ်။
ဒီလိုကုလကိုယ်စားလှယ်ရဲ့ပြောကြားချက်တွေအပေါ် စစ်ကောင်စီဘက်က တုံ့ပြန်တာမရှိသေးပါဘူး။
ပြီးခဲ့တဲ့သြဂုတ်လအတွင်း လာရောက်ခဲ့တဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ စစ်ခေါင်းဆောင်တို့တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံအတွင်းကျေးရွာနဲ့လူထုနေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်တာနဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့စဥ် စစ်ခေါင်းဆောင်ကတော့ စစ်တပ်က ဒီလိုလုပ်ရပ်တွေမလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ငါန်းဇွန်နဲ့မြောင်မြို့နယ်က ဇာမဏီပြောက်ကျားအဖွဲ့ဝင် ၈ ဦးကိုဖမ်းဆီး၊ တစ်ဦးကိုပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, social media
မန္တလေးတိုင်းဒေသကြီးအတွင်း ငါန်းဇွန်မြို့နဲ့မြောင်မြို့နယ်အတွင်းက ဇာမဏီပြောက်ကျားအဖွဲ့ ဝင် ၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေက စက်တင်ဘာ ၂၂ မှာထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာအတွင်းမှာ ဇာမဏီပြောက်ကျားအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲဒီကတစ်ဆင့် ငါန်းဇွန်မြို့နယ် နတ်ကြီးကျေးရွာမှာ ရှိနေတဲ့ အဖွဲ့ဝင် ၅ ဦးကိုဆက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးချိန်မှာ ဇာမဏီပြောက်ကျားအဖွဲ့ဝင်တစ်ဦးကထွက်ပြေးဖို့ကြိုးစားတာကြောင့် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့ပြီးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ ဇာမဏီပြောက်ကျားအဖွဲ့ဝင်တွေဟာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီသတင်းပေးလို့သတ်မှတ်ခံရသူတွေကို ပစ်ခတ်သတ်ဖြတ်သူတွေ ဖြစ်တယ်လို့စွပ်စွဲထုတ်ပြန်ထားပါတယ်။
ဇာမဏီပြောက်ကျားအဖွဲ့တွေထုတ်ပြန်ချက်တွေမှာတော့ စစ်ကောင်စီယန္တယားတွေဖြစ်တဲ့ ရဲကင်းစခန်းတိုက်ခိုက်မှုတွေနဲ့ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ပြောက်ကျားတိုက်ခိုက်မှုတွေကိုသတင်းထုတ်ပြန်ထားပါတယ်။
ထီးချိုင့်၊ မြတောင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်တွေ ဖောက်ခွဲတိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးထိခိုက်မှုရှိ

ဓာတ်ပုံ ရင်းမြစ်, cj
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ထဲက ထီးချိုင့်-မြတောင်လမ်းဆုံက စစ်ဆေးရေးဂိတ်ကို ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့ က ဒေသကာကွယ်ရေးတပ်တွေက မိုင်းဖောက်ခွဲတိုက်ခိုက်တာလုပ်ခဲ့ပြီး စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကိုတော့ ထီးချိုင့်ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ Special.9-HPDF အဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး မိုင်းကို စစ်ဆေးရေးဂိတ်အတွင်းချထားတာဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း လူနာတင်ယာဥ်တချို့နဲ့ စစ်ကောင်စီတပ်သားတွေကိုသယ်ဆောင်သွားတာတွေကို တွေ့ရပြီး ထိခိုက်သေဆုံးမှုတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်းဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လထဲမှာလည်း ထီးချိုင့်မြို့အထွက်မှာရှိတဲ့ ကုက္ကိုကုန်းလမ်းဆုံစစ်ဆေးရေးဂိတ်ကိုဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့သေဆုံးတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။
ဒီကနေ့ မနက်ထီးချိုင့်မြတောင်စစ်ဆေးရေးဂိတ်ဖောက်ခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
အလှမယ်ဟန်လေး မြန်မာရဲနဲ့တွေ့ဖို့ငြင်းဆိုမှုကို ထိုင်းလဝက လက်ခံပြီး ဆက်လက်စောင့်ရှောက်ထား ထိုင်းလေဆိပ်မှာ ဆက်လက်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, social media
အလှမယ် ဟန်လေးကို မြန်မာရဲတပ်ဖွဲ့ဘက်က ဘန်ကောက်က လေဆိပ်မှာ စက်တင်ဘာ ၂၂ ရက် မြန်မာစံတော်ချိန်သန်းခေါင်ယံမှာ လာရောက်တွေ့ဆုံဖို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကတစ်ဆင့် ဆက်သွယ်လာခဲ့တာကို ဟန်လေးက ငြင်းဆိုခဲ့တဲ့နောက်လက်ရှိမှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာပဲ ဒီနေ့ စက်တင်ဘာ ၂၃ ရက်မနက်ထိ လုံလုံခြုံခြုံဆက်ရှိနေပါတယ်။
“ကျွန်မကို ညက ထိုင်းလဝကအရာရှိက ဖုန်းဆက်လာပြီး မြန်မာရဲတွေရောက်လာတယ်။ သူတို့နဲ့တွေ့ချင်လား။ တွေ့ချင်ရင် ငါတို့ဘက်က ထိုင်းရဲလည်းထည့်ပေးမယ်။ အစောင့်အရှောက်တွေလည်း ထည့်ပေးမယ်။ နင် တွေ့ချင်လားစကားပြောချင်လားပေ့ါနော်။ ကျွန်မက မတွေ့ချင်ဘူး။ စကားလည်းမပြောချင်ဘူးလို့ပြောလိုက်တော့ လဝက အရာရှိက အေးအေးဆေးဆေးပဲလက်ခံတယ်။ UNHCR ကလည်း ညီမကို ထွက်မတွေ့ဖို့ မှာထားတာလေ။ အခုဒီမနက်ထိ အေးအေးဆေးဆေးပဲ။ လေဆိပ်ထဲက ဟိုတယ်တစ်ခုမှာ ထားပေးထားတယ်။ အခု ညီမ ထိုင်းလဝက အရာရှိနဲ့ UNHCR က တာဝန်ရှိသူတစ်ဦး ညီမဆီလာနေတာကို စောင့်နေတာပါ” လို့ ဟန်လေးက ဘီဘီစီကိုပြောပါတယ်။
ဟန်လေးရဲ့ပတ်စ်ပို့ကို မြန်မာဘက်က ပျောက်ဆုံးအနေနဲ့ ဗီယက်နမ်ဘက်ကို လှမ်းအကြောင်းကြားထားကြောင်းနဲ့ ထိုင်းကို ပြန်လည်ဝင်ရောက်ချိန်မှာ သူ့ရဲ့ပတ်စ်ပို့ကိုစစ်ဆေးရာမှာ အင်တာပိုလ်စာရင်းထဲ ပါနေပြီး မြန်မာမှာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ပါရှိနေတာြဖစ်ပါတယ်။
ဟန်လေးကို မြန်မာစစ်ကောင်စီက ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲထားပြီးဖမ်းဝရမ်းထုတ်ထားပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ကယားမှာ စစ်ကောင်စီရဲ့ လက်နက်တိုက် မီးလောင်

ဓာတ်ပုံ ရင်းမြစ်, KNDF
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ မနေ့ စက်တင်ဘာ ၂၂ ရက်နေ့လယ်ပိုင်းကစစ်ကောင်စီတပ်တွေအခြေစိုက်တဲ့ ငွေတောင်အခြေစိုက် (၁၀၂) တပ်ရင်းက လက်နက်တိုက် မီးလောင်ပေါက်ကွဲမှုဖြစ်နေကြောင်း KNDF က ဗီဒီယိုမှတ်တမ်းတွေနဲ့ တကွထုတ်ပြန်လာပါတယ်။ မီးလောင်ပေါက်ကွဲမှုဖြစ်နေချိန် စစ်ကောင်စီတပ်တွေက မီးငြှိမ်းဖို့ကြိုးစားတာတွေလည်းရှိနေသလိုကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တွေကလည်း တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်မှုတွေထပ်လုပ်ခဲ့တာကြောင့် လက်နက်တိုက်မှာ အဆက်မပြတ်ပေါက်ကွဲပြီးညနေပိုင်းအထိ မီးလောင်ကျွမ်းနေတယ်လို့ လည်း KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ‘’ ပေါက်ကွဲသံတွေလည်းကြားတယ်၊ လောင်တာတော့ ဆက်တိုက်ပဲ။ ကျွန်တော်တို့ဘက်က ထုတဲ့လက်နက်ကြောင့်မဟုတ်ဘူး။ သူတို့ပါသူတို့ရှို့တာလားတော့မသိရဘူး။ လောင်ပြီးမှကျွန်တော်တို့ဘက်က လက်နက်ကြီးနဲ့ ထုတာတော့ရှိတယ်။စစ်ရေးကတော့ တင်းမာနေတဲ့အနေအထားမှာရှိတယ်။ ကွက်ကြားကွက်ကြားတိုက်ပွဲငယ်တွေလည်းဆက်ရှိနေတုန်းပဲ။မနေ့က ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံလူထုတချို့ကတော့ လေကြောင်းလာမှာကြောက်ပြီးကြီးကြီးမားမားမဟုတ်ပေမယ့် တချို့ ကြိုတင်တိမ်းရှောင်ကြတာတော့ ရှိတယ်’’ လို့ ဒီးမော့ဆိုကာကွယ်ရေးတပ်ဘက်က တာဝန်ရှိသူက ပြောပါတယ်။ လက်နက်တိုက်မီးလောင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ငွေတောင်အခြေစိုက် ၁၀၂ တပ်ရင်းဟာ ဒီးမော့ဆိုမြို့နယ်အတွင်းက ပြည်သူလူထုနေထိုင်ရာကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ဒီလက်နက်တိုက်ကို စစ်ကောင်စီတပ်သားတွေဘက်က မီးရှို့ခဲ့တာလို့ ယူဆကြောင်း KNDF က ထုတ်ပြန်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့တော့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေရဲ့ လက်နက်တိုက်မီးလောင်ရတဲ့ အကြောင်း နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို ဘီဘီစီကတည်းဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။








