ဒုံးလက်နက် အချက်အလက်တွေ  ဟက်ကာတွေ ခိုးယူရောင်းချခံရမှုကို နေတိုးစုံစမ်းစစ်ဆေး

ရေးသားခဲ့သည်။

ဂျိုးတိုင်ဒီနဲ့ ဘင်နီဒစ်ဂါမန်

MBDA Missile Systems ဟာ ကမ္ဘာ့အကြီးဆုံး လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တခု ဖြစ်

ဓာတ်ပုံ ရင်းမြစ်, MBDA MISSILE SYSTEMS

ဓာတ်ပုံ ပုံစာ, MBDA Missile Systems ဟာ ကမ္ဘာ့အကြီးဆုံး လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တခု ဖြစ်

အွန်လိုင်းပေါ်မှာ ဟက်ကာ အဖွဲ့တခုက စစ်ရေးဆိုင်အရာ အရေးကြီး အချက်အလက်တွေ ရောင်းချခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လောက်ထိခိုက်နစ်နာခဲ့သလဲ ဆိုတာကို နေတိုးက စုံစမ်းစစ်ဆေးနေပါတယ်။  

အဲဒီ ခိုးယူရောင်းချ ခံခဲ့ရတဲ့ အထဲမှာ နေတိုး မဟာမိတ်တွေနဲ့ ယူကရိန်း စစ်ပွဲမှာ သုံးစွဲနေတဲ့ လက်နက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါဝင်နေပါတယ်။ အွန်လိုင်းပေါ်မှာ အချက်အလက်တွေ ခိုးယူကြတဲ့ ဟက်ကာရာဇဝတ်ကောင်တွေက ဥရောပလက်နက်ကုမ္ပဏီကြီး တခုနဲ့ပတ်သက်နေတဲ့ အချက်အလက်တွေကို ခိုးယူပြီး ရောင်းချခဲ့ကြတာ ဖြစ်ပါတယ်။

MBDA Missile Systems မစ်ဆိုင်းထုတ်လုပ်ရေး ကတော့ အချက်အလက်တွေ အခိုးခံရပေမယ့် အရေးကြီးတဲ့ ဖိုင်တွေ ပါမသွားခဲ့ဘူးလို့  ပြောပါတယ်။

ဥရောပနိုင်ငံတွေ အများအပြားမှာ ရှိတဲ့ ဒီကုမ္ပဏီရဲ့ ဌာနချုပ်က ပြင်သစ်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အချက်အလက်တွေကို ပြင်ပ ကွန်ပျူတာ တခုကနေ ခိုးယူခံခဲ့ရတာ ဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ အီတလီက အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ပြောပါတယ်။  

လောလောဆယ်မှာ MBDA နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေထဲက တခုကို အဓိကထားပြီး စုံစမ်းနေကြပါတယ်။ နေတိုးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရသူက MBDA ကနေ အခိုးခံခဲ့ရတယ်ဆိုတဲ့ အချက်အလက်တွေကို လေ့လာစစ်ဆေးနေကြောင်း၊ နေတိုး ကွန်ရက်ထဲက ဘယ်မှာမှ ထွင်းဖောက်ခိုးယူခံရတဲ့ အဖြစ်မျိုးမရှိခဲ့ကြောင်း ပြောပါတယ်။

ဆိုက်ဘာရာဇဝတ်သားတွေဟာ ရုရှားနဲ့ အင်္ဂလိပ် ဖိုရမ်တွေမှာ လှုပ်ရှားတတ်ကြပြီး သူတို့ ခိုးယူရရှိထားတဲ့ အချက်အလက်တွေကို ဂစ်ဂါဘိုက် ၈၀ ကို ၁၅ ဘစ်ကွိုင် နဲ့ ရောင်းချကြပါတယ်။ အဲဒီ ၁၅ ဘစ်ကွိုင်ရဲ့ ကာလပေါက်စျေးက ပေါင်စတာလင် ၂၇၃,၀၀၀ နီးပါး ရှိပါတယ်။ လက်ရှိအချိန်အထိ အမည်မသိ ဝယ်လက် တဦးကို ရောင်းချပြီး ဖြစ်တယ်လို့ သိရပါတယ်။

အခိုးခံရတဲ့ အထဲက MBDA ရဲ့ စစ်ပစ္စည်း ပုံစံ၊ ကုမ္ပဏီဘက်က အရေးမကြီးတဲ့ အချက်အလက်တွေသာ ဖြစ်တယ်လို့ပြော

ဓာတ်ပုံ ရင်းမြစ်, MBDA MISSILE SYSTEMS

ဓာတ်ပုံ ပုံစာ, အခိုးခံရတဲ့ အထဲက MBDA ရဲ့ စစ်ပစ္စည်း ပုံစံ၊ ကုမ္ပဏီဘက်က အရေးမကြီးတဲ့ အချက်အလက်တွေသာ ဖြစ်တယ်လို့ပြော

ဟက်ကာတွေရဲ့ ကြော်ငြာထဲမှာ စစ်ရေးစီမံကိန်းတွေမှာ ပါတဲ့ ဒီဇိုင်းတွေ၊ တင်ပြမှုတွေ ဗီဒီယိုနဲ့ ဓာတ်ပုံတွေ၊ စာချုပ်စာတမ်းဆိုင်ရာနဲ့ တခြားဆက်စပ်ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ရတဲ့ ဝန်ထမ်းတွေရဲ့ အရေးကြီး အချက်အလက်တွေကို ရရှိထားကြောင်း ကြော်ငြာထားပါတယ်။  

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီကတွေ့ခဲ့ရတဲ့ မက်ဂါဘိုက် ၅၀၀ ရှိတဲ့ ကြော်ငြာမှာတော့ နေတိုးလျှို့ဝှက်၊ နေတိုးကန့်သတ် အချက်အလက် များအဖြစ် ခေါင်းစဉ်တပ်ထားတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။  

အဲဒါတွေအပြင် နေတိုး လျှို့ဝှက်ဆိုတဲ့ ခေါင်းစဉ်ပါတဲ့ စာရွက်စာတမ်း ၂ ခု အပါအဝင် အချက်အလက် အပိုတွေကိုပါ အီးမေးလ်နဲ့ ပို့ပေးပါတယ်။  

နေတိုးရဲ့ လျှို့ဝှက် ကန့်သတ်မှု အဆင့်တွေကတော့ -  

  • ပေါက်ကြားလျှင် နေတိုးအဖွဲ့အပေါ် အလွန်တရာ အန္တရာယ်ဖြစ်စေနိုင် 
  • ပေါက်ကြားလျှင် နေတိုးအဖွဲ့အပေါ် ကြီးစွာ ထိခိုက်နစ်နာနိုင်
  • ပေါက်ကြားလျှင် နေတိုးအဖွဲ့ရဲ့ အကျိုးစီးပွား ထိခိုက်နစ်နာနိုင် 
  • ပေါက်ကြားလျှင် နေတိုးအကျိုးစီးပွား ဆုတ်ယုတ်စေနိုင်  
  • အမေရိကန်ရဲ့ လုံခြုံရေး အဆင့်သတ်မှတ်ပေးထားတဲ့ အချက်အလက်တွေ- အဲဒီထဲမှာ အစိုးရတွေရဲ့ အချက်အလက်တွေပါဝင်ပြီး ထိန်းသိမ်းခြင်းနဲ့ပြန်လည့် ဖြန့်ဖြူးခြင်းတွေပြုလုပ်ရာမှာ အစိုးရရဲ့ ဥပဒေတွေနဲ့ အညီ ဖြစ်စေဖို့ လိုအပ်ပါတယ်။  

ဟက်ကာတွေက သူတို့ ရရှိထားတဲ့ အချက်အလက်တွေက တနေရာထဲက ရတာလား၊ အဲဒီထက် ပိုသလား ဆိုတာကို အတည်ပြု ပြောကြားတာမျိုး မရှိပါဘူး။ 

သူတို့ တင်ထားတဲ့ ဖိုင်ထဲမှာ အမေရိကန် လေတပ်က လေယာဉ်အုပ်တခု ၂၀၂၀ အကုန်ပိုင်းမှာ ဘောလ်တစ် ဒေသက အက်စ်တိုးနီးယား ပေါ်မှာ ပျံသန်းမှုအတွင်း ပြောဆို ဆက်သွယ်ခဲ့တဲ့ အချက်အလက်တွေ အသေးစိတ် ပါဝင်နေပေမယ့် ဘီဘီစီကတော့ ဒါကို သီးခြားအတည်မပြုနိုင်ပါဘူး။ 

 အဲဒီထဲမှာ ဆက်သွယ်တဲ့ အချိန်၊ နာမည်အပြည့်အစုံ၊ ဖုန်းနံပါတ်နဲ့ GPS တည်နေရာပြ စနစ်နဲ့ အဲဒီကိစ္စကို စီစဉ်သူ ဘယ်နေရာမှာ ရှိနေခဲ့တယ် ဆိုတာကအစ ပါဝင်ပါတယ်။  

အရင် နေတိုးအရာရှိ တယောက်ကတော့ နေတိုးထဲမှာ ကန့်သတ် အချက်အလက်တွေက အများကြီးရှိတယ်။ ဒါကလည်း လိုအပ်တဲ့ အတွက်ကြောင့် ဖြစ်တယ်၊ ဒါတွေကို စလုပ်သူကပဲသတ်မှတ်လေ့ ရှိသလို နေတိုးရဲ့ လျှို့ဝှက်ချက်ဆိုတာ ဘယ်တော့မှ ပေါ့ပေါ့တန်တန် ထားလေ့ မရှိဘူးလို့ ပြောပါတယ်။  

ဒီလို အချက်အလက်မျိုးတွေကို နေတိုးက လူသိရှင်ကြား အဖြစ်မခံလိုဘူးလို့ ဆိုပါတယ်။ ဆက်လက်ပြီး အခု ဖိုင်တွေရဲ့ အများစုဟာ ပြီးခဲ့တဲ့ ၂၀၁၇ ကနေ ၂၀၂၀ အကြားမှာ ရေးသွင်းခဲ့တာတွေ ဖြစ်လို့ ဒီဖိုင်တွေကို ကန့်သတ်အဆင့်တွေ လျှော့ချဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ သူက ပြောပါတယ်။  

နမူနာတင်ထားတဲ့ ဖိုင်တွေထဲမှာ Land Ceptor CAMM လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်လက်တွေလည်း ပါ၀င်ပါတယ်။ ဒီ ဒုံးကျည်တွေကို မကြာသေးခင်ကပဲ ယူကရိန်းမှာ အသုံးပြုဖို့ ပိုလန်ကို ပို့ထားခဲ့ပါတယ်။ Sky Sabre စနစ်ရဲ့ တစိတ်တပိုင်း ဖြစ်ပြီး စတင် သုံးစွဲနိုင်ပြီလို့ သိရပါတယ်။  

MBDA Missile Systems ကတော့ အချက်အလက်တွေ ပေါက်ကြားခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ ငြင်းဆိုထားမျိုး မရှိပါဘူး။ ဒါပေမယ့် ကုမ္ပဏီရဲ့  ကုမ္ပဏီတွင်း စမ်းစစ်မှုတွေအရ ဒီ အွန်လိုင်းပေါ် ရောက်နေတဲ့ အချက်အလက်တွေဟာ အရေးကြီး အဆင့် သတ်မှတ်ခံထားရတဲ့ အချက်အလက်မျိုးတွေ မဟုတ်ဘူးလို့ ပြောထားပါတယ်။  

ဒါပေမယ့် MBDA Missile Systems က အခိုးခံခဲ့ရတဲ့ အထဲမှာ ကုမ္ပဏီမှ အပ မည်သူမျှ ပြန်လည် ထုတ်လုပ် ရောင်းချခွင့် မပြု ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရွက်စာတမ်း တချို့လည်း ပါဝင်နေပါတယ်။

MBDA Missile Systems ကို ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ပြင်သစ်၊ အီတလီနဲ့ ယူကေက ဒုံးကျည်စနစ် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ပေါင်းစုဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။

Airbus၊ BAE Systems နဲ့ Leonardo ကုမ္ပဏီကြီးတွေ ဖက်စပ် တည်ထောင်ထားကြတာ ဖြစ်ပြီး ဝန်ထမ်းအင်အား ၁၃၀၀၀ ရှိပါတယ်။ သူတို့ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲ သူတွေထဲမှာ ယူကေ ကာကွယ်ရေး ဝန်ကြီးဌာန၊ အမေရိကန် စစ်ဘက်၊ ဥရောပ သမဂ္ဂနဲ့ နေတိုး အဖွဲ့လည်း ပါဝင်ကြပြီး  ပြီးခဲ့တဲ့နှစ်က ဝင်ငွေ ပေါင်စတာလင် ၃.၅ ဘီလျံ ရှိခဲ့ပါတယ်။