ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်နယ်ထရမ့် လာစစ်ဆေးခံမယ့် မိုင်ယာမီတရားရုံးမှာ လုံခြုံရေး တင်းကျပ်-ဇွန်လ ၁၃ ရက် ညပိုင်း နိုင်ငံတကာသတင်းများ
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ နိုင်ငံတော် လျှို့ဝှက် စာရွက်စာတမ်းတွေကို ရယူသိမ်းဆည်းထားတယ်ဆိုတဲ့ စွဲချက်ပေါင်းများစွာအတွက် မိုင်ယာမီမြို့ ဖယ်ဒရယ်တရားရုံးမှာ ဒီကနေ့ လာရောက် တရားရင်ဆိုင်ရဖို့ ရှိပါတယ်။
ဒါဟာ အမေရိကန် သမ္မတဟောင်းတစ်ဦး ရာဇဝတ်မှုနဲ့ ပထမဆုံးအကြိမ် တရားစွဲခံရတာ ဖြစ်ပါတယ်။
ကြားနာစစ်ဆေးမှု ကျင်းပမယ့်နေရာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားပါတယ်။ ကြားနာစစ်ဆေးချိန်ကတော့ မိနစ်ပိုင်းလောက်ပဲ ကြာမယ်လို့ ယူဆရပါတယ်။
ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ကြဖို့ မစ္စတာထရမ့်က သူ့ကိုထောက်ခံအားပေးသူတွေကို တိုက်တွန်းထားပါတယ်။ Proud Boys ဆိုတဲ့ လက်ယာစွန်း အုပ်စုတစ်ခုကလည်း ဆန္ဒပြပွဲမှာ ဝင်ပါဖို့ စီစဉ်နေပါတယ်။
ဆန္ဒပြသူတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ မိုင်ယာမီ မြို့တော်ဝန်နဲ့ ရဲတွေက ပန်ကြားထားပါတယ်။
လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပါတီအတွက် ကိုယ်စားပြုဝင်ပြိုင်ဖို့ ထိပ်က ပြေးနေတဲ့ မစ္စတာ ထရမ့်က နျူကလီးယား လက်နက်တွေနဲ့ စစ်မြေပြင် ဗျူဟာတွေအကြောင်း အပါအဝင် နိုင်ငံတော် လျှို့ဝှက်စာရွက်စာမ်းတွေ အများအပြားကို သိမ်းဆည်းထားတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ယူကရိန်း ဆည်ကျိုးပေါက်အပြီး ကမ္ဘာတဝန်း စားနပ်ရိက္ခာ လုံလောက်ရေးအပေါ် ရိုက်ခတ်လာနိုင်
ယူကရိန်းနိုင်ငံ ကာခေါ့ဗ်ကာ ဆည်ကြီး ထိခိုက်ပျက်စီးသွားခဲ့ရအပြီးနောက်ပိုင်း ကမ္ဘာတဝန်း စားနပ်ရိက္ခာ လုံလောက်မှု ရှိရေးအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှု ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂနဲ့ ယူကရိန်းအစိုးရက သတိပေးလိုက်ပါတယ်။
သီးနှံရိတ်သိမ်းမှုနဲ့ လာမယ့် နှစ်အတွက် သီးနှံစိုက်ပျိုးမှုတွေမှာ အရမ်းကို ကြီးမားတဲ့ ပြဿနာတွေ မလွဲမသွေ တွေ့လာရဖို့ ရှိနေပြီး စားနပ်ရိက္ခာ စျေးနှုန်းတွေလည်း တက်လာဖို့ ရှိတယ် လို့ ကုလသမဂ္ဂ ကယ်ဆယ်ရေး အကြီးအကဲ မာတင် ဂရစ်ဖစ်သ်က ပြောပါတယ်။
ယူကရိန်းဒုတိယဝန်ကြီး ကလည်း ဒီပြဿနာဟာ ခံနိုင်ရည်စွမ်း နည်းပါးတဲ့ တိုင်းပြည်တွေ အထူးသဖြင့် အာဖရိကဒေသက နိုင်ငံတွေအပေါ် ရိုက်ခတ်လာလိမ့်မယ်လို့ ဆိုပါတယ်။ မိုင်းတွေ ရှင်းလင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ရှင်းလင်းရတဲ့ မြေကို ပြန်ထူထောင်နိုင်ဖို့ လပေါင်း နှစ်ပေါင်းများစွာ ကြာလိမ့်မယ်လို့ သူတို့နှစ်ဦးစလုံးက ပြောပါတယ်။
ရုရှား ထိန်းချုပ်တဲ့ ဒနီပရိုမြစ်ဘက်ခြမ်းက ရေကြီးမှုတွေအတွင်း အနည်းဆုံးလူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တနင်္လာနေ့က ယူကရိန်းထိန်းချုပ်တဲ့ဘက်ခြမ်းမှာလည်း ရေကြီးမှုတွေအတွင်း နောက်ထပ် လူ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရကြောင်း ယူကရိန်းအစိုးရက ပြောပါတယ်။
အမေရိကန်မှာ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်း
အမေရိကန်နိုင်ငံမှာ ဝယ်ယူစားသုံးသူတွေအတွက် ကုန်ပစ္စည်း စျေးနှုန်းတွေ ၁၁ လမြောက် ဆက်တိုက် ကျဆင်းလာနေပါတယ်။
စားသုံးသူတွေရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဧပြီလက ၄ ဒဿမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာကနေ အခုအခါ မေလမှာ ၄ ရာခိုင်နှုန်းကို ကျဆင်းသွားပါတယ်။ ဒါဟာ စီးပွားရေးပညာရှင်တွေ ခန့်မှန်းထားတာထက် မဆိုစလောက် ပိုများနေပြီး ၂ နှစ်တာကာလအတွင်း အနိမ့်ဆုံး အဆင့် ဖြစ်ပါတယ်။
ဒီအတွက် အမေရိကန် ဖယ်ဒရယ် ဗဟိုဘဏ်အနေနဲ့ အခုသီတင်းပတ်မှာ ထုတ်ဖော်ကြေညာဖို့ရှိတဲ့ အတိုးနှုန်းတွေကို မတိုးမြှင့်ပဲ ဆိုင်းငံ့ထားခွင့် ရလာမှာ ဖြစ်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ဒီကိန်းဂဏန်းတွေ မထုတ်ပြန်ခင်မှာပဲ ဂျပန်နိုင်ငံက စတော့ရှယ်ယာစျေးကွက်မှာ ရှယ်ယာစျေးတွေ ၃၃ နှစ်အတွင်း အမြင့်ဆုံး ထိုးတက်လာခဲ့ပါတယ်။
အိန္ဒိယအမျိုးသမီး နပန်းသမားတွေရဲ့ ဆန္ဒပြမှုကို တုံ့ပြန်ပေးဖို့ ဝန်ကြီးချုပ်ကို တိုက်တွန်း
အိန္ဒိယနိုင်ငံမှာ အမျိုးသမီး နပန်းသမားတွေရဲ့ ဆန္ဒပြမှုတွေအပေါ် ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ဘာတုံ့ပြန်ချက်မျိုးမှ မရှိတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ၂၀၁၆ ခုနှစ် ရီယို ဒ ဂျနဲရိုးမြို့မှာ ကျင်းပတဲ့ အိုလံပစ်ပွဲမှာ ကြေးတံဆိပ်ဆု ရခဲ့တဲ့ အိန္ဒိယအမျိုးသမီး နပန်းသမား ရှက်ခ်ရှီ မာလစ်ခ်က ပြောပါတယ်။
အိန္ဒိယ နပန်းသမား ဖယ်ဒရေးရှင်းအဖွဲ့ ဥက္ကဋ္ဌ ဘရစ်ဂျ် ဘူရှန် ရှာရန် ဆင်းဟာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမျိုးသမီး နပန်းသမားအုပ်စုတစ်စုက ပြီးခဲ့တဲ့ ၅ လတာကာလပတ်လုံး ကန့်ကွက်ဆန္ဒပြနေခဲ့တာပါ။
မစ္စတာ ဆင်း ဟာ ဝန်ကြီးချုပ် မိုဒီရဲ့ BJP ပါတီမှာ အမတ်တစ်ဦး ဖြစ်ပါတယ်။
အောင်ပွဲဆင် ဆုတွေဆွတ်ခူးနိုင်ခဲ့တဲ့ အိန္ဒိယ အမျိုးသမီး နပန်းသမားတွေနဲ့ တွေ့ဆုံ နေ့လယ်စာစားခဲ့ပြီး သူတို့ကို သမီးအရင်းတွေလို ဖော်ညွှန်း ပြောဆိုထားခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီအနေနဲ့ သူတို့ရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကို အလေးထား တုံ့ပြန်ပေးဖို့ ရှက်ခ်ရှီ မာလစ်ခ်က ဘီဘီစီနဲ့ အင်တာဗျူး တစ်ခုမှာ တောင်းဆိုတိုက်တွန်းသွားခဲ့ပါတယ်။