နိုင်ငံခြားငွေစျေးကွက် မတည်ငြိမ်အောင် ကောလာဟလ သတင်းတွေလွှင့်ရင် အရေးယူမယ်လို့ ဗဟိုဘဏ် သတိပေး - မေလ ၂၆ ရက်နေ့ ထိပ်တန်းသတင်းများ စုစည်းချက်

အမေရိကန် ဒေါ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

နိုင်ငံခြားငွေစျေးကွက် မတည်ငြိမ်အောင် ကောလာဟလ သတင်းတွေ ဖန်တီးပြီး သတင်းလွှင့်နေတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့က မေလ ၂၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို ထုတ်ပြန်မှုတွေ ရှိနေသလို ပြင်ပ ‌ပေါက်စျေးမှာတော့ နိုင်ငံခြားငွေလဲလှယ်စျေးတွေက အခုရက်ပိုင်းအတွင်းမှာပဲ အမေရိကန်ဒေါ်လာက တစ်ဒေါ်လာကို မြန်မာငွေကျပ် ၂၉၂၀ ကျပ် အထိ ရောက်ရှိလာပြီး ငွေကျပ် ၃၀၀၀ ကျပ်ပြည့်ဖို့ ဆယ်ဂဏန်းလောက်သာ လိုတော့တဲ့ အနေအထားဖြစ်လာသလို ထိုင်းဘတ်ငွေ စျေးကွက်ကလည်း ထိုင်းငွေ တစ်ဘတ်ကို မြန်မာငွေ ၈၆ ကျပ် ပြား ၂၀ လောက်အထိ ‌ပေါက်စျေးရှိနေတယ်လို့ ဒီကနေ့ ‌မေလ ၂၆ ရက်နေ့ ငွေလဲလှယ်စျေးနှုန်းတွေ အရ သိရပါတယ်။

" အခုရက်ပိုင်းမှာပဲ ဒေါ်လာက တစ်ကျပ်ကို ကျပ် လေးဆယ်ကနေ ငါးဆယ် လောက် အကြား တက်လာတယ်။ ဒေါ်လာ တစ်ရာကို အရင်ထက် လေးငါးထောင် ပိုစျေးတက်လာတာပေါ့။ ငွေစျေးတွေ တက်လာပေမဲ့လည်း အတက်စျေးအတိုင်းပဲ အရောင်းအဝယ်တွေ ဖြစ်နေကြတယ်။ "

လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ဗဟိုဘဏ် တရားဝင် ငွေလဲနှုန်း တစ်ဒေါ်လာကို ငွေကျပ် ၂၁၀၀ ကျပ်သာ သတ်မှတ်ပေးထားပြီး ပြင်ပပေါက်စျေးနဲ့ ငွေကျပ် ၈၀၀ ဝန်းကျင် ကွာဟမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံ တေးသံရှင်ဗျူဟာ နဲ့ မိသားစု အဆက်အသွယ်ပြတ်တောက်နေ

ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, Social Media

မေလ ၂၄ ရက် မနက်ပိုင်းက ‌ရန်ကုန် မြောက်ဒဂုံနေအိမ်မှာဖမ်းဆီးခံရတဲ့ Hip Hop အဆိုတော်ဗျူဟာ နဲ့ မိသားစုကြား အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဖခင်ဖြစ်သူ တေးရေး/တေးဆို နိုင်မြန်မာ ကပြောပါတယ်။

တေးသံရှင် ဗျူဟာ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့နေ့က မြောက်ဒဂုံရဲစခန်းကို မိသားစုဝင်တချို့လိုက်လံစုံစမ်းပေမဲ့ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတာမဟုတ်ကြောင်းသာသိရပြီး ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ

မသိရဘူးလို့ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်း ဆိုရှယ်မီဒီယာမှာသတင်းထွက်ပေါ်နေတဲ့ စစ်ကြောရေးမှာ ဗျူဟာသေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ မိသားစုဝင်တွေကမသိရှိရကြောင်း ပြောဆိုပြီး ဗျူဟာရဲ့ သတင်းနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းကမှလာရောက် အကြောင်းကြားတာမရှိလို့ ဘာသတင်းမှမသိရကြောင်းလည်းနိုင်မြန်မာက ပြောဆိုပါတယ်။

'' ကျွန်တော့်သားကို စိတ်ပူတယ်ဆိုပေမဲ့ ဒီတိုင်းပြည်မှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ကျွန်တော့် လို အဖေတွေအများကြီးပဲ။လူသားတွေပဲဗျာ။ စိတ်ထဲတော့ခံစားရတာပေါ့။ ဒါပေမဲ့ထူးပြီး ဖြစ်မနေပါဘူး ရင်ဆိုင်ရမှာပဲ'' လို့ တေးရေး/တေးဆို နိုင်မြန်မာက ဘီဘီစီကိုပြောပါတယ်။

တေးသံရှင်ဗျုဟာ ဟာ ပြီးခဲ့တဲ့ရက်က သူ့ရဲ့ ဆိုရှယ်စာမျက်နှာမှာ လျှပ်စစ်မီးပြတ်တောက်မှုကိုဝေဖန်ခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။

သရုပ်ဆောင်ဒေါင်း ဆုရရှိတဲ့အပေါ် ဘာပြောခဲ့လဲ

ဒေါင်း

ဓာတ်ပုံ ရင်းမြစ်, Daung Facebook

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သရုပ်ဆောင် ဒေါင်း ပါဝင် သရုပ်ဆောင်ထားတဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းတွဲက မနေ့က မေလ ၂၅ ရက်နေ့ ညက ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ Nine Entertainment Awards ပွဲ မှာ ဆု နှစ်ဆု ရရှိခဲ့ပါတယ်။

တစ်နှစ်တာ အကောင်းဆုံး ဇာတ်ကားဆုနဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုနှစ်ဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီးနောက် ဆုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

" မြန်မာပြည် ရဲ့ အခြေအနေတွေအရ ထိုင်းကိုရောက်နေခဲ့တာ ပါ။ ဒီ ဇာတ်ကားက ကျွန်တ်ော့ကို အရမ်းကြီးမားတဲ့ အမှတ်တရပါ။ မြန်မာပြည်သူလူထုကို လွမ်းဆွတ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားမျှတမှု လိုအပ်နေပါတယ်။ ကျွန်တော့်ကို ဒီဇာတ်ကားမှာ ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ ရွေးချယ်ပေးခဲ့တဲ့အတွက် ထိုင်း PBS ကို ကျေးဇူးတင်သလို ကျောက်ဖရားမှ ဧရာဝတီ သို့ ဇာတ်ကား အဖွဲ့တစ်ဖွဲ့လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တ်ော့ အတွက် အရေးပါတဲ့ အခိုက်အတံ့ တစ်ခုပါပဲ။ ကျွန်တ်ော့ကို အားပေးကြတဲ့ ပရိသတ် တွေ က ကျွန်တော့် ဘဝပါပဲ။ ထိုင်းပရိသတ်တွေနဲ့ မြန်မာ ပရိသတ်တွေ သူတို့ကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ " လို့ သရုပ်ဆောင် ဒေါင်းက ပွဲ စင်ပေါ် ထက်မှာ ပြောကြားခဲ့တာပါ။

ဒီဇာတ်ကားမှာ သရုပ်ဆောင် ဒေါင်းဟာ မြဝတီမင်းကြီး ဦးစ နေရာက သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ရရှိတဲ့ဆုကို အဲဒီဇာတ်ကားထဲမှာပါတဲ့ မင်းသမီး အပါအဝင် အဖွဲ့သားတွေနဲ့ အတူ တက်ပြီး ဆုယူခဲ့တာလည်းဖြစ်ပါတယ်။

ခင်ဦးမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခံရလို့ ကျေးရွာတွေထဲ ဝင်ရောက်မီးရှို့နေ

မီးလောင်

ဓာတ်ပုံ ရင်းမြစ်, ခင်ဦး သတင်းမှန် ပြန်ကြားရေး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ထဲက သံဘို ကျေးရွာ အနီးမှာ ဒီကနေ့ မေလ ၂၆ ရက်နေ့ မနက် ၇ နာရီလောက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် မြေနီသျှိုကျေးရွာ အတွင်း ဝင်ရောက်ပြီး မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကန့်ဘလူနယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ ခမရ ၃၆၈ စစ်တပ်က ဒီကနေ့ မနက်ပိုင်း ခင်ဦး မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ဆုတ်ခွာသွားပြီး တခြားကျေးရွာတွေကိုဝင်ရောက် မီးရှို့နေတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အတည်ပြုပြောဆိုပါတယ်။

"အင်အားက ၈၀ ကျော်လောက်ရှိမယ်။ မြေနီလျှိုကျေးရွာကိုဝင်ပြီး မီးရှို့နေတာ။ မီးခိုးလုံးတွေ မြင်ရတယ်။ ကင်းတဲတို့ ၊ ရွာအဝင်က တဲတို့၊ ကောက်ရိုးပုံ တို့ ကို စပြီး မီးရှို့နေတယ်လို့ သတင်းရတယ်။ " လို့ ခင်ဦး ဒေသကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မြေနီသျှို ကျေးရွာကို ရောက်ရှိ မီးရှို့နေတာကြောင့် နီးစပ်ရာ ကျေးရွာတွေ ဖြစ်တဲ့ ကျွန်းပင်ကန်၊ ထနောင်းကိုင်းလေး ၊ ခြေမြစ်ရင်း စတဲ့ကျေးရွာတွေက ဒေသခံတွေကလည်း ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးတွေ ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်ကိုသွားရောက် - မြန်မာမိသားစုတွေက မြန်မာပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၃ သောင်းကျော် လှူဒါန်း

NUG

ဓာတ်ပုံ ရင်းမြစ်, Min Nyo

အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ပါမောက္ခ ဒေါက်တာဇော်ဝေစိုး နဲ့ ဦးထင်လင်းအောင်တို့ဟာ မေလ ၂၅ ရက် က ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော် ကို ရောက်ရှိခဲ့ပြီး ပြည်နယ်ဆီးနိတ်လွှတ်တော်အမတ်တွေ နဲ့တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ ဆီနိတ်တာ Benjamin J Allen နဲ့ တွေ့ဆုံပြီး မြန်မာပြည်ရေးရာကိစ္စရပ်တွေကို သီးခြားဆွေးနွေးကြတယ်လို့လည်း ဆိုပါတယ်။

မေလ ၂၄ ရက်နေ့ကလည်း အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် စက်ကရက်မက်တို မြို့ကို ရောက်ရှိပြီး Sacramento နဲ့ Central Valley တဝိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ကြပါသေးတယ်။

မြန်မာမိသားစုတွေက မြန်မာပြည်သူပြည်သားတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ သတင်း နဲ့ နည်းပညာ ဖွံ့ဖြိုးရေးတို့အတွက် အမေရိကန်ဒေါ်လာ ၃ သောင်းကျော် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

နဝမမြောက် ဗန်းမော်ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ပျံလွန်တော်မူ

ဗန်းမော်ဆရာတော်

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - ဦးခိုင်ထူး

နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဘိဓဇမဟာရဋ္ဌဂုရု ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ကြီး) ဟာ မေလ ၂၅ ရက် ညပိုင်း ၁၁ နာရီ ၁၁မိနစ် အချိန်က သီတင်းသုံးနေထိုင်ရာ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်မှာ ဘဝနတ်ထံပျံလွန်တော်မူ ခန္ဓာဝန်ချခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ စျာပန အစီအစဉ်အတွက် ဒီကနေ့ နေ့လယ်ပိုင်းမှာတိုင်းသံဃနာယကဆရာတော်ကြီးတွေ၊ ဆရာတော်တွေအပါအဝင် တပည့်သာဝကများဦးစီးပြီး အစည်း အဝေးပြုလုပ်ပြီးမယ်လို့ စျာပနအစီအစဥ်မှာဝင်ရောက်လုပ်ဆောင်နေသူ ဆရာတော်တပါးကမိန့်ပါတယ်။

ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ သက်တော်၉၄ နှစ် ဝါတော် ၇၄ နှစ်ရှိပြီး နဝမမြောက် ဗန်းမော်ဆရာတော်အဖြစ်ထင်ရှားပါတယ်။ သက်တော်၃၃ နှစ်အရွယ်မှာကတည်းက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ကို ဦးစီးခဲ့တာဖြစ်ပြီး ဆရာတော်ကြီးဟာ ပြီးခဲ့လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာသွားရောက်ဆေးကုသခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ် ရဘဲကျေးရွာ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက်တို့ကဖွားမြင်ခဲ့ပြီး မွေးချင်းရှစ်ယောက်မှာ စတုတ္ထမြောက်ဖြစ်ပြီး ငယ်နာမည်မှာ မောင်ကျော်စိန် ဖြစ်ပါတယ်။

လောကုတ္တရာ စာပေဆိုင်ရာ သဒ္ဒါ သဂြိုဟ်တို့ကို အပြီးအပြတ် သုတ်ပြီးရုပ်ပြီးပါမကျန် အာဂုံဆောင်နိုင်သူဖြစ်ခဲ့ပြီး ၁၃၁၄ခုနှစ်မှာ သကျသီဟ သီးခြားစာသင်တန်းမှာ အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဓမ္မာစရိယကျမ်းကြီးသုံးကျမ်းကို နှစ်မခြားဘဲ အမှတ်အများဆုံးအောင်မြင်တာကြောင့်

ရွှေတံဆိပ် ဦးဆောက်ပန်းပိုင်ရှင် သကျသီဟဓမ္မာစရိယဝဋံသကာဘွဲ့ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပါဠိစာပေအရာတွင် ဓမ္မာစရိယ (၉)ကျမ်းကို ပါဠိဘာသာဖြင့် တစ်နှစ်တည်း အောင်မြင်ခဲ့တာကြောင့်'' ဦးထိပ်ပန်းဆင်ရမည့် ရတနာအရှင်'' လို့ အဓိပ္ပါယ်ရတဲ့ အစိုးရစာချတန်း သာသနဓဇသိရီပဝရ ဓမ္မာစရိယ ပါဠိသိရောမဏိဘွဲ့ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပါဠိဘာသာနဲ့ ဓမ္မာစရိယ (၉)ကျမ်းကို တစ်နှစ်တည်းအောင်မြင်သူမှာ ဗန်းမော်ဆရာတော်ကြီးတစ်ပါးသာရှိသေးတာဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးဟာ ဓမ္မစာပေတင်သာမက လောကီစာပေဆိုင်ရာ အတန်းစာများကိုလည်း တက်ရောက်သင်ယူခဲ့ပြီး မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပါတယ်။

ဆရာတော်ကြီးသည် စာပေထူးချွန်ရုံသာမကဘဲ ပဋိပတ္တိကျင့်ကြံရာတွင်လည်း တရားပြဆရာကမ္မဋ္ဌာန်းနည်းထိရောက်ပုံကို စာပေဖြင့်လည်း‌ကောင်း၊ ဟောပြောမှုဖြင့်လည်းကောင်း ဖြန့်ဝေတော်မူခဲ့သလို ကျမ်းပေါင်းများစွာကို ပြုစုခဲ့သူဖြစ်ပါတယ်။

စဉ့်ကူးက ကျေးရွာတွေ လက်နက်ကြီးကျပြီး မီးလောင်ပျက်စီး ၊ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေ

ဝက်လက် စဉ့်ကူး

ဓာတ်ပုံ ရင်းမြစ်, Wetlet Informational Network

မေလ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့ နှစ်ရက်လုံး မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ် ထဲ က ကျေးရွာတွေ အနီးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေအကြား မြေပြင်မှာ ထိတွေ့ တိုက်ပွဲ တွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ မေလ ၂၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေက မနက်အစောပိုင်းမှာတင် အင်အားဖြည့်တင်းတာတွေ၊ လက်နက်ကြီးတွေ အဆင်သင့် တပ်ဆင်တာတွေ ပြုလုပ်ထားတာတွေ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

" မနက် ၈ ခွဲလောက်မှာ ရွှေဘိုကနေ စစ်ကား အကြီး အသေး ဆယ်စီး မတ္တရာဘက်ကို တက်သွားတယ်။ နောက်ပြီး မတ္တရာ မြို့နယ် မြွေပုံကန်ကျေးရွာ အရှေ့ဘက်က ဘုန်းကြီးကျောင်းထဲမှာလည်း စစ်တပ်က လက်နက်ကြီးတွေတပ်ဆင်ထားပြီး မနေ့က မီးလောင်ခဲ့တဲ့ စဉ့်ကူးဘက်က ကျွန်းကြီးနဲ့သဲအင်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ အဆင်သင့်လှည့်ထားတယ်။ မတ္တရာ ကားလမ်းတစ်လျှောက်မှာလည်း စစ်တပ်က စစ်အင်အားဖြည့်တင်းနေတယ် " လို့ ဒေသကာကွယ်ရေးအဖွဲ့ တစ်ခုက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မနေ့က မေလ ၂၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မန္တလေးတိုင်း စဉ့်ကူးမြို့နယ် အောက်ပိုင်း သဲအင်းတိုက်နယ် ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နေအိမ် အလုံး ၂၀ ထက် မနည်း မီးလောင် ပျက်စီးခဲ့ရပြီး ‌ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေထံက သိရပါတယ်။

မနေ့ ညနေ ၅ နာရီ ဝန်းကျင်အထိမီးလောင်ကျွမ်ခဲ့တဲ့အတွက် ခန့်မှန်း အိမ်ခြေထက် ပိုပြီး ပျက်စီးဆုံးရှုံးနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ ၂ ရက်ကြာစစ်ကြောင်းထိုးခံနေကြရတဲ့အတွက် စဉ့်ကူးမြို့နယ် သဲအင်းတိုက်နယ် ထဲက ရွှေဘယက်၊ ပေါက်ကုန်း၊ ဝက်ပေါင်၊ သဲအင်း၊ ကျွန်းကြီး၊ ကြက်တူရွေး၊ ရွာသာ၊ ဇီးကုန်း၊ မြစ်ကမ်းကြီး စတဲ့ ကျေးရွာ ၁၀ ရွာထက် မနည်းက ဒေသခံ သောင်းနဲ့ချီဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရပြီး လူသောင်းချီအတွက် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။