ယူကရိန်းနယ်မြေ ၄ ခုကို ရုရှားမြေ အဖြစ် ကြေညာ

The four Russian-appointed leaders sign also, on a desk set away from Putin
ဓာတ်ပုံ ပုံစာ, နယ်မြေသစ် ၄ ခု ခေါင်းဆောင်တွေနဲ့ အဝေးမှာ ထိုင်ရင်း ပူတင် လက်မှတ်ထိုး
ရေးသားခဲ့သည်။

ရုရှားသမ္မတ ပူတင်က ယူကရိန်းထဲက နောက်ထပ် နယ်မြေ ၄ ခုကို ဖဲ့ထုတ်ပြီး ရုရှားပိုင်အဖြစ် သိမ်းယူတဲ့ အကြောင်း ဒီနေ့ လက်မှတ်ထိုး ကြေညာလိုက်ပါတယ်။  

ယူကရိန်းအရှေ့ဖျားက လူဟန့်စ်ခ်၊ ဒွန်းညက်စ်ခ် နယ်တွေနဲ့ တောင်ပိုင်းက ဇက်ပိုရီးဇီးယားနဲ့ ခါဆွမ်တို့မှာ ရုရှားထဲ ပေါင်းမယ်ဆိုတဲ့ မဲတွေ အလေးသာတဲ့ ဆန္ဒခံယူပွဲတွေ ကျင်းပပြခဲ့ပေမယ့် ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက အလိမ်အညာ လုပ်ဇာတ်ခင်းပြတဲ့ လုပ်ရပ်အဖြစ် ပယ်ချခဲ့ကြပါတယ်။

ဒီနေ့မှာ ပူတင်က ယူကရိန်းဆီက နယ်သိမ်းပွဲကို အခမ်းအနားနဲ့ ကျင်းပပြီး ကြေညာတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၄ ကလည်း ဒီလိုပဲ ခရိုင်းမီးယားကို ဆန္ဒခံယူပွဲ ဟန်ပြလုပ်ပြီး ဖဲ့ထုတ်သွားခဲ့ဖူးတဲ့ အဖြစ်ကို ပြန်ပြောင်း အမှတ်ရစေပါတယ်။

ယူကရိန်း ရပ်တည်ချက် မပြောင်းလဲ  

ယူကရိန်းကတော့ ရပ်တည်ချက် မပြောင်းပါဘူး၊ သူတို့ဆီက သိမ်းယူသွားတဲ့ နယ်မြေတွေကို ရုရှားလက်က ပြန်ရတဲ့ အထိ တိုက်သွားမှာပါ။ ဒီလို ဖဲ့ထုတ်ယူတဲ့ ကိစ္စတွေဟာ တရားမဝင်ဘူးလို့လည်း အာဏာပိုင်တွေက ပြောကြပါတယ်။

မော်စကိုဘက်က မကြာသေးခင် အတွင်း ရုရှားစစ်တပ် အရှုံးတွေနဲ့ ရင်ဆိုင်လာနေရတဲ့နောက်မှာ အခုလို တုံ့ပြန်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ ကြေညာချက်ကြောင့် စစ်ရှိန် ပိုမြင့်လာဖို့ပဲ ရှိနေပါတယ်။

ရုရှားဘက်က အဲဒီ ဒေသတွေကို တိုက်တာဟာ ရုရှားမြေကို ကျူးကျော်တာလို့ ရှုမြင်မှာဖြစ်တယ်လို့ ပြောထားပါတယ်။ ရုရှားတပ်တွေဟာ လူဟန့်စ်ခ်နဲ့ ခါဆွမ်ထဲက နေရာတော်တော်များများကို ထိန်းချုပ်ထားပေမယ့် ဒွန်းညက်စ်ခ်နဲ့ ဇက်ပိုရီးဇီးယား ကိုတော့ တစိတ်တပိုင်းလောက်သာ ထိန်းထားနိုင်ပါတယ်။  

အနောက်နိုင်ငံတွေကလည်း ရုရှားရဲ့ ကြေညာချက်ကို သူတို့ အသိအမှတ်ပြုမှာ မဟုတ်သလို နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ထပ်လုပ်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ယူကရိန်း သမ္မတ ဇလန်းစကီးကလည်း သူ့ရဲ့ ညနေမိန့်ခွန်းမှာ ရုရှားသမ္မတ ပူတင်ကို ယူကရိန်းထဲက သိမ်းပိုက်ခံ နယ်မြေတွေက တိုက်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေ ရုရှားမြေထဲအထိ ရောက်မသွားခင်မှာ ရပ်တန်းက ရပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီနေ့ ရုရှားရဲ့ နယ်သိမ်းပွဲ အခမ်းအနားတွေကို မော်စကိုက ကရင်မလင်မှာ ပါလီမန် အမတ်တွေနဲ့ အဲဒီ နယ်မြေ ၄ ခုက ခေါင်းဆောင်ဆိုသူတွေ တက်ရောက်ကြပါတယ်။ အဲဒီနောက် ညနေပိုင်းမှာ မော်စကို မြို့လယ်က ရင်ပြင်နီမှာ အောင်ပွဲ အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။ တဖက်မှာလည်း အဲဒီအခမ်းအနားတွေကို တက်ဖို့ လူတွေကို အခကြေးငွေတွေ ပေးပြီး ခေါ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခရိုင်းမီးယားကို သွတ်သွင်းခဲ့စဉ်က ကျင်းပခဲ့တဲ့ အခမ်းအနားမှာ တော့ ပူတင်ဟာ စင်ပေါ်တက်ပြီး ပရိသတ်တွေကို မိန့်ခွန်းပြောကြားခဲ့ဖူးပါတယ်။

အမေရိကန်က အသိအမှတ်ပြုမှာ မဟုတ်

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ရုရှားသမ္မတ ပူတင်ကို ပြတ်ပြတ်သားသား သတိပေးထားပါတယ်။

ယူကရိန်းရဲ့ အချုပ်အခြာပိုင် နယ်မြေတွေကို ရုရှားထဲ သိမ်းယူတဲ့ ကိစ္စကို အမေရိကန် ပြည်ထောင်စု အနေနဲ့ရော သူကိုယ်တိုင်ကပါ ဘယ်သောအခါမှ အသိအမှတ် ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီလုပ်ရပ်အတွက်လည်း အမေရိကန် ပြည်ထောင်စုက ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။

 

ယူကေဝန်ကြီးချုပ်ကလည်း ပြစ်တင် ရှုတ်ချ - ရိုက်တာ သတင်း

ဗြိတိသျှ ဝန်ကြီးချုပ် လဇ် ထရပ်စ်ကလည်း ရုရှားရဲ့ ယူကရိန်းနယ်မြေတွေ ဖဲ့ထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကြေညာချက် ထပ်ပြန်ခဲ့ရာမှာ ပူတင်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။

ယူကေအနေနဲ့ အဲဒီက ပြည်သူလူထုရဲ့ ခံယူချက်ကို မသိကျိုးကျွံ ပြုမှာ မဟုတ်သလို ဒွန်းညက်စ်၊ လူဟန့်စ်ခ်၊ ခါဆွမ်နဲ့ ဇက်ပိုရီးဇီးယား ဒေသတွေကိုလည်း ယူကရိန်းပိုင်ဆိုတာကလွဲလို့ တခြားဘယ်သူ့ပိုင်အဖြစ်ကိုမှ လက်ခံမှာ မဟုတ်ကြောင်း ပြောပါတယ်။

ပူတင်က နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်စည်းတွေကို အင်အားသုံးပြီး ပြင်ဆင်သတ်မှတ်နေတဲ့ ကိစ္စကို ခွင့်ပြုလို့ မရကြောင်း၊ ဒီတရားမဝင်စစ် ရှုံးသွားစေဖို့ လုပ်မယ်လို့ ပြောထားပါတယ်။  

 

အခြေအနေတွေ ပိုဆိုးလာဖို့ပဲရှိတယ်လို့ ကုလသမဂ္ဂပြော

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်နီယို ဂူထာရက်ရှ်ကတော့ ဒီကိစ္စကြောင့် အခြေအနေတွေ ပိုဆိုးလာပြီး ဒေသတွင်းမှာ ငြိမ်းချမ်ရေး ရဖို့ အလားအလာတွေ ပျက်သုဉ်းသွားစေနိုင်တယ်လို့ သတိပေးလိုက် ပါတယ်။  

ယူကရိန်းထဲက ဒွန်းညက်စ်ခ်၊ လူဟန့်စ်ခ်၊ ခါဆွမ်နဲ့ ဇက်ပိုရီးဇီးယား ဒေသတွေကို ဖဲ့ထုတ်သိမ်းယူခြင်းဟာ တရားမဝင်သလို ဆန့်ကျင်ရှုတ်ချမှုနဲ့သာ ထိုက်တန်ကြောင်း သူက ပြောပါတယ်။ နောက်ပြီး ဆန္ဒခံယူပွဲတွေ ကျင်းပခဲ့တာကလည်း ပြည်သူလူထုရဲ့  သဘောထား အစစ်အမှန်ကို ဖော်ပြနေတယ်လို့ မပြောနိုင်ကြောင်း ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲက တနိုင်ငံဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်း အနေနဲ့ ကုလသမဂ္ဂ သဘောတူစာတမ်းကို လေးစားလိုက်နာဖို့ အထူး တာဝန်ရှိတယ်လို့ မစ္စတာ ဂူတာရက်ရှ်က ပြောပါတယ်။

ဇလန်းစကီး အရေးပေါ် အစည်းအဝေး ကျင်းပမယ်

ယူကရိန်း သမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးကလည်း ဒီအရေးအတွက် ယူကရိန်း အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ ကို အရေးပေါ် အစည်းအဝေး ကျင်းပဖို့ ဆင့်ခေါ်ထားကြောင်း သူ့ရဲ့ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုဟ် ဆာဂေ နစ်ကီဖိုရော့ဗ်က မနေ့က ဖေ့စ်ဘုတ်ခ်ပေါ်မှာ တင်ထားပါတယ်။

ကြာသပတေးနေ့ ညပိုင်းကတော့  ဇလန်းစကီးရဲ့ အကြံပေး ဖြစ်တဲ့ မီခိုင်လို ပိုဒိုလ်ယတ်ခ်က  ဒီနေ့ မော်စကိုမှာ ကျင်းပမယ့် အခမ်းအနားနဲ့လို့ ကရင်မလင်ရဲ့  ခပ်ကြောင်ကြောင်ပွဲလို့ ဆိုခဲ့သလို ဘာတရားဝင်မှုမှ မရှိဘူးလို့လည်း သူ့ ရဲ့တွစ်တာပေါ်မှာ ရေးထားပါတယ်။

ရုရှားသမ္မတ ပူတင်
ဓာတ်ပုံ ပုံစာ, မြို့ရွာတွေကို ပြန်လည် ထူထောင်ပေးမယ်လို့ ပူတင်ပြော

ပူတင့်မိန့်ခွန်း

ရုရှားက ယူကရိန်းနယ်မြေ ၄ ခုကို ဖဲ့ထုတ်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ဗလာဒီမီယာ ပူတင်က ဒီလို ဖြစ်လာဖို့ ဒီဒေသတွေထဲမှာ နေထိုင်ကြတဲ့ ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ လူထုရဲ့ တခုတည်းသော ရွေးချယ်မှုလို့ သူက ဆိုပေမယ့် အနောက်တိုင်းနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ တရားမဝင်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

ပြည်ထောင်စု လွှတ်တော်က ဒီဒေသသစ် ၄ ခုကို ရုရှားဖက်ဒရေးရှင်းရဲ့ နယ်မြေသစ်တွေအဖြစ် လက်ခံပြီး ကူညီဖေးမ ကြမှာသေချာပါတယ်။ ဒါဟာ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ဆန္ဒ ဖြစ်တယ်လို့ ပြောခဲ့ရာမှာ တက်ရောက်လာတဲ့ ပရိတ်သတ်တွေက သြဘာပေးခဲ့ကြပါတယ်။

ဆက်လက်ပြီး ဒီဆန္ဒခံယူပွဲ ရလဒ်တွေဟာ အဲဒီမဲဆန္ဒရှင်တွေရဲ့ လိုလားမှု အရ ထွက်လာဖြစ်ပြီး ဒီမြေတွေအတွက် ရုရှား မျိုးဆက် ပေါင်းများစွာ ခုခံကာကွယ် ခဲ့ကြတာ ဖြစ်တယ်လို့တောင် သမိုင်းကို ပြန်တူးဆွပြီး ပြောပါတယ်။

သူရသတ္တိနဲ့ပြည့်စုံတဲ့ စစ်သည်တွေ ဒီအထူးစစ်ဆင်ရေး အတွင်း အသက်ပေးခဲ့ရတယ်၊ ဒီလူတွေဟာ ရုရှားရဲ့ သူရဲကောင်းတွေ၊ ဒီနယ်မြေတွေအတွက် အသက်ပေးခဲ့ကြတာ ဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။

ကရင်မလင်က စိန့် ဂျော့ချ် ခန်းမထဲမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ  ရုရှားသမ္မတက အခုလို နယ်မြေသစ်တွေ သိမ်းယူခဲ့တာနဲ့ ပတ်သက်လို့ ဒီနယ်တွေဟာ ရုရှားပိုင်တွေ ဖြစ်ပြီး အနောက်အုပ်စုက ရုရှားကို ချိုးနှိမ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ပြောပါတယ်။  အနောက်အုပ်စုကတော့ လူတွေကို သေနတ်ပြောင်းဝမှာ မဲပေးစေခဲ့တာ ဖြစ်လို့ ပူတင်ဘာပြောပြော နိုင်ငံတကာ ဥပဒေအရ တရားဝင်မှု မရှိဘူးလို့ ဆိုကြပါတယ်။

ယူကရိန်း အရှေ့ဖျားက ဒွန်ဘတ်စ် ဒေသထဲမှာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ယူကရိန်းတပ်တွေက အရှိန်အဟုန်နဲ့ ပြန်လည် တိုက်ခိုက်သိမ်းယူလာခဲ့ပြီးနောက် အချက်အချာ ကျတဲ့ လိုင်မန်မြို့အထိ ရောက်လာခဲ့ချိန်မှာ အခုလို ဆန္ဒခံယူပွဲတွေ အလောတကြီးကျင်းပပြီး ရုရှားထဲကို သွပ်သွင်းခဲ့တာ ဖြစ်ပါတယ်။

 

ရုရှားစစ်သည်တွေနဲ့ မိသားစုတွေ နားလည်ပေးကြဖို့ တောင်းဆို

သမ္မတ ပူတင်က သူ့မိန့်ခွန်းထဲမှာ အထူးစစ်ဆင်ရေး မှာ ပါဝင်နေကြတဲ့ စစ်သည်တွေနဲ့ မိသားစုတွေကိုလည်း ဘာအတွက် တိုက်ခိုက်နေရသလဲ ဆိုတာကို နားလည်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းကို အရန်အင်အား တပ်ဖွဲ့တွေ ထပ်ပို့ဖို့ စလုပ်ခဲ့အပြီးမှာ ဆန္ဒပြပွဲတွေဖြစ်လာတာနဲ့ တော်တော်များများ ရုရှားထဲက ထွက်ပြေးကြတာတွေ ကြုံခဲ့ရပါတယ်။ သူ့မိန့်ခွန်းထဲမှာ ယူကရိန်းဟာ ရုရှားပိုင် ဖြစ်တယ်ဆိုတာကို ထပ်လောင်းပြောခဲ့သလို အနောက်အုပ်စုက ရုရှားကို ဖြိုလှဲပစ်ဖို့ ယူကရိန်းရဲ့ လွတ်လပ်ရေး တိုက်ပွဲကို ထောက်ပံ့ပေးနေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖဲ့ထုတ်လိုက်တဲ့ နယ်မြေသစ်များ
ဓာတ်ပုံ ပုံစာ, ဖဲ့ထုတ်လိုက်တဲ့ နယ်မြေသစ်များ

ရုရှားက မြို့တွေ ရွာတွေ ပြန်လည် ထူထောင်ပေးမယ်

 

ရုရှား သမ္မတ ပူတင်က ဒွန်ဘတ်စ် ဒေသထဲမှာ နေထိုင်ကြသူတွေဟာ ရုရှား နိုင်ငံသားတွေ ဖြစ်သွားပြီ ဆိုတာကို ကိယဗ်နဲ့ အနောက်အုပ်စုကို သိစေချင်တယ်။ ကိယဗ် အစိုးရအနေနဲ့ အဲဒီက လူထုရဲ့ ဆန္ဒကို လေးစားစေချင်တယ်လို့ ပြောပါတယ်။  

ဒီဒေသတွေနဲ့ ဒေသတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ လုံခြုံရေးအတွက် ရုရှားက ကာကွယ်ပေးသွားမှာ ဖြစ်ပြီး စစ်ကြောင့် ပျက်စီးနေခဲ့တဲ့ မြို့ရွာတွေနဲ့ အခြေခံ အဆောက်အအုံတွေ၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေကို  ပြန်လည် ထူထောင်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားပြည်မရဲ့ တစိတ်တပိုင်းအဖြစ် ခံယူနိုင်အောင် ဒေသတွင်း ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ကာကွယ်ပေးသွားမယ်လို့ ဆိုပါတယ်။ ပူတင်က အခြေခံ အဆောက်အအုံတွေ ပြန်လည် တည်ဆောက်ပေးမှာ ဖြစ်တယ်လို့ ပြောနေပေမယ့် အဲဒီ ရှိပြီးသား အခြေခံ အဆောက်အအုံတွေကို ရုရှားကပဲ ဖျက်ဆီးပစ်ခဲ့တာ ဆိုတာကိုတော့ ထည့်ပြီး မပြောခဲ့ပါဘူး။ နောက်ပြီး ဒေသသစ် ၄ ခုက ပြည်သူတွေအတွက် သုံးစွဲမယ်လို့ ပြောထားတဲ့ ရုရှားရဲ့ ဘတ်ဂျက်ကလည်း နည်းနည်းပဲ ရှိပါတယ်။

အနောက်အုပ်စုက ရုရှားကို ဖြိုခွဲနေတယ်လို့ ပူတင်ပြော

 

ဗလာဒီမီယာ ပူတင်က အနောက်အုပ်စုဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုလဲ ခဲ့ပြီးတဲ့ နောက်ပိုင်းကတည်းက ရုရှားကိုလည်း ပြိုလဲသွားအောင် ကြိုးစားနေခဲ့ကြတာလို့ ဆိုပါတယ်။ အရင်ကလည်း သူက ဒီလိုပဲ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

အနောက်အုပ်စုဟာ သူတို့ရဲ့ ငွေကြေးစနစ်သစ်တွေ၊ နည်းပညာတိုးတက်မှုတွေ အားကိုးနဲ့ ရုရှားကို ထိန်းချုပ်ချင်နေကြတာ ရုရှား ယဉ်ကျေးမှုကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာလို့လည်း ပြောပါတယ်။ ပူတင်က အနောက်နိုင်ငံတွေက သူတို့ အမြတ်အစွန်းရဖို့ပဲ ကြည့်နေတာ ကျန်တာ ဂရုစိုက်တာ မဟုတ်ဘူးလို့ လည်း ဆိုလိုက်သလို ရုရှားရဲ့  သတ္တုနဲ့ တခြား သဘာဝ သယံဇာတ အရင်းအမြစ်တွေကို ရည်ညွှန်းပြီး ဒီလို ချမ်းသာတဲ့ နိုင်ငံမျိုး ရှိနေတာကို မရှုစိမ့်နိုင်ကြတာလို့ ပူတင်က ပြောပါတယ်။

လောဘကြီးတဲ့ အနောက်အုပ်စုအတွက် ရုရှား ရှိဖို့မလို

အနောက်အုပ်စုဟာ လောဘကြီးပြီး ရုရှားကို ကိုလိုနီ ပြုချင်နေကြတာလို့ ပူတင်က ပြောပါတယ်။ ဒါကြောင့် ပုံစံသစ် စစ်ပွဲတမျိုးနဲ့ တိုက်ခိုက်နေကြတာလို့ ဆိုပါတယ်။  

သူတို့က ရုရှား လူထု လွတ်လပ်စွာ နေတာကို မမြင်ချင်ဘူး၊ သူတို့ရဲ့ ကြေးကျွန်တွေလိုသာ မြင်ချင်ကြတာလို့ ပူတင်က ပြောပါတယ်။ နောက်ပြီး သူတို့အတွက် ရုရှား ရှိဖို့ မလိုပေမယ့် ကျွန်ုပ် တို့အတွက် ရုရှားရှိဖို့ လိုတယ်လို့ ပြောလိုက်ရာမှာ ပရိတ်သတ်တွေဆီက သြဘာသံတွေ ညံသွားခဲ့ပါတယ်။

 

 

ဖဲ့ထုတ်ခြင်းဟာ အမြဲတမ်းအတွက် ညှိုနှိုင်းမှာ မဟုတ်

ဗလာဒီမီယာ ပူတင်က သူ့မိန့်ခွန်းထဲမှာ ယူကရိန်းနဲ့ အနောက်အုပ်စုအပေါ် သူ့ မကျေနပ်ချက်တွေကို တန်းစီပြောသွားခဲ့ပါတယ်။ နောက်ပြီး ယူကရိန်းကိုလည်း ပစ်ခတ်နေတာတွေ ရပ်ပြီး ဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။  

ဒါပေမယ့် လူဟန့်စ်ခ်၊ ဒွန်းညက်စ်ခ်၊ ဇက်ပိုရီးဇီးယားနဲ့ ခါဆွမ်က ပြည်သူတွေက သူတို့သဘောအတိုင်း ရွေးချယ်ခဲ့တာ ဖြစ်လို့ ယူကရိန်းထဲက နယ်မြေတွေကို ဖဲ့ထုတ်သွားခဲ့တာနဲ့ ပတ်သက်လို့ ညှိုနှိုင်းစရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။  

ဆက်လက်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်တို့ကိုလည်း ရုရှားကို ဖျက်ဆီးချင်နေကြသူတွေလို့ စွပ်စွဲခဲ့ပါတယ်။

ဗြိတိသျှ လူမျိုးတွေကိုလည်း အန်ဂလို ဆက်ဆွန် တွေဆို ရည်ညွှန်းပြီး ဘောလ်ကန် ပင်လယ်ထဲက ဓာတ်ငွေ့ ပိုက်လိုင်းတွေ ပေါက်ကွဲအောင်လည်း  စီစဉ် ကူညီပေးခဲ့ကြတယ်လို့ ပြောပါတယ်။

ပူတင်က အမေရိကန် စစ်တပ်ကိုလည်း ရက်စက်ကြမ်းကြုတ်တယ်လို့ ပြောခဲ့သလို နေတိုးအဖွဲ့ရဲ့ တိုးချဲ့လာမှုကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ 

သူ့ရဲ့ မိန့်ခွန်း အဆုံးမှာ ရုရှားက ခန့်အပ်ထားတဲ့ သူတို့ သိမ်းယူလိုက်တဲ့ နယ်မြေတွေက ခေါင်းဆောင်တွေက စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးခဲ့ကြပါတယ်။

လက်မှတ်ထိုးပွဲ အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သူရသတ္တိနဲ့ ပြည့်စုံတဲ့ စစ်သည်တွေအတွက် တမိနစ် ငြိမ်သက်ခြင်း

ရုရှား၊ ရုရှား၊ ရုရှား

သမ္မတ ပူတင်ကိုယ်တိုင်လည်း လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့် အတူထိုင်တာ မဟုတ်ဘဲ ခပ်လှမ်းလှမ်း နေရာက စားပွဲသပ်သပ်မှာ ထိုင်ခဲ့တာ ဖြစ်ပြီး စာရွက်စာတမ်းတွေကို ဟိုဒီပို့ပြီး ထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ဒေသခေါင်းဆောင်ဆိုသူတွေကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးရာမှာလည်း သြဘာပေးသံတွေ ထွက်လာခဲ့ပါတယ်။

အခမ်းအနားရဲ့ နိဂုံးပိုင်းမှာတော့ သမ္မတ ပူတင်နဲ့ သူတို့ ရွေးချယ်ထားတဲ့ ခေါင်းဆောင်တွေနဲ့ တက်ရောက်လာသူတွေက ရုရှား၊ ရုရှား၊ ရုရှားလို့ ၃ ကြိမ် ဟစ်ကြွေးခဲ့ကြပါတယ်။