စက်တင်ဘာ ၂၁ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ်- စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြန်ဖြစ်တဲ့ကိစ္စ RCSS ဘာပြောလဲ

နေပြည်တော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးယွက်စစ် တို့တွေ့ဆုံချိန် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Cincds

ဓာတ်ပုံ ပုံစာ, နေပြည်တော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးယွက်စစ် တို့တွေ့ဆုံချိန် (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဥ်းမြို့နယ်ထဲက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/SSA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ RCSS က ဘီဘီစီ ကို ဒီကနေ့ အတည်ပြုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူစစ်ပူးပေါင်းအဖွဲ့ အင်အား တစ်ရာ ကျော်ကလာပြီး မိုင်းပျဥ်းတောင်ဘက် ဝနားရွာ နားကို ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးစစ်ဆင်လာခဲ့တာ လို့ RCSS အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခမ်းစံ က ဘီဘီစီ ကို ပြောပါတယ်။

‘’တိုက်ပွဲတွေဆက်ပြီးပြင်းထန်လာမလားဆိုတာကတော့ သူတို့(စစ်ကောင်စီတပ်)အပေါ်မှာပဲမူတည်တယ်။ သူတို့ကထိုးစစ်ဆင်လာတော့ ကျွန်တော်တို့က ခုခံကာကွယ်ရတာ။ သူတို့ကဖြစ်စေချင်ရင်တော့ တိုက်ပွဲကကျယ်လာမှာပဲလေ’’ လို့ သူကပြောပါတယ်။

စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ ခမရ (၃၁၄) တပ် နဲ့ တစ်နာရီနီးပါးလောက်တိုက်ပွဲဖြစ်ခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၄ လောင်းနဲ့ လက်နက်တစ်ချို့သိမ်းဆည်းရခဲ့တယ် လို့ RCSS က ဘီဘီစီ ကိုပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာသားတချို့ကို ဖမ်းဆီးထားပြီး စစ်ကြောင်းထပ်ထိုးဖို့ ရှိနေတာကြောင့် စစ်ရေးတင်းမာနေတယ်လို့လည်း ဗိုလ်မှူးကြီးခမ်းစံ က ဘီဘီစီ ကို ပြောပါတယ်။

လက်ရှိအချိန်မှာ RCSS တပ်ဟာ တပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ထားပြီး စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေ ထိုးစစ် ဆင်လာရင် ခုခံကာကွယ်သွားမယ်လို့ RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခမ်းစံ က ဘီဘီစီ ကို ပြောပါတယ်။

RCSS အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ မကြာခဏသွားရောက်တွေ့ဆုံခဲ့သူဖြစ်ပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် က တစ်စုံတစ်ရာ မှတ်ချက် မပေးသေးဘူး လို့လည်း ဗိုလ်မှူးကြီးခမ်းစံ က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက နေပြည်တော်မှာလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို RCSS အဖွဲ့က မတက်ရောက်ခဲ့ဘဲ ကျန်တဲ့ ကိုယ်စားလှယ်တွေပဲ တက်ရောက်ခဲ့တာလို့ ရှမ်းပြည် အခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

သေဒဏ်အမိန့်ချမှတ်တာတွေထပ်မလုပ်ဖို့ စစ်ကောင်စီကို သံရုံးတချို့တိုက်တွန်း

၂၀၂၂ ခုနှစ်က စစ်ကောင်စီရဲ့ သေဒဏ်ပေးမှုကို တိုကျိုက ICRC ရုံးရှေ့ မှာ မြန်မာတွေ ဆန္ဒပြခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, ရောင်စုံနွေဦး

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်က စစ်ကောင်စီရဲ့ သေဒဏ်ပေးမှုကို တိုကျိုက ICRC ရုံးရှေ့ မှာ မြန်မာတွေ ဆန္ဒပြခဲ့ကြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သေဒဏ်ချမှတ်မယ်ဆိုတဲ့ သတင်းတွေအပေါ် သံရုံးတချို့ အထူးစိုးရိမ်နေ

သေဒဏ်ချမှတ်ခံထားရသူ ၇ ဦးကို လာမယ့်ရက်ပိုင်းအတွင်း အမှန်တကယ်ပြစ်ဒဏ်ချမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ရန်ကုန်အခြေစိုက်နိုင်ငံတကာသံရုံးတွေက အထူးစိုးရိမ်နေကြောင်း သံတမန်အသိုင်းအဝိုင်းကသိရပါတယ်။

အဲဒီလိုသတင်းထွက်ပေါ်မှုတွေကြောင့် နိုင်ငံတကာသံရုံးတစ်ဒါဇင်ကျော် က စစ်ကောင်စီထံကို သေဒဏ်စီရင်မှုတွေထပ်မလုပ်ဖို့ နဲ့ ဆိုင်းငံ့ထားဖို့အတွက် အကြုံပြုတိုက်တွန်းတာတွေ လုပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေကလည်းပြောပါတယ်။

စစ်ကောင်စီရုံးကို တိုက်ရိုက်မေးမြန်းအကြံပြုတာတင်မက စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဆက်ဆံရေးကောင်းသူတွေကတဆင့်ပါ သတင်းစကားပါးကြတယ်လို့လည်းဆိုပါတယ်။

‘’အဓိကကတော့ သေဒဏ်မစီရင်ဖို့ပေါ့။ စီရင်အမိန့်ရှိရင်လည်းဆိုင်းငံ့ထားဖို့ပေါ့။ အဲဒီနှစ်ချက်ကိုတိုက်တွန်းထားတာသိရပါတယ်’’ လို့ ရန်ကုန်အခြေစိုက်သံအမတ်ကြီးတစ်ဦးနဲ့ တိုက်ရိုက်စကားပြောခဲ့တဲ့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပြီး သံရုံးအမည်ကိုတော့ ထုတ်မပြောပါဘူး။

၂၀၂၁ ခုနှစ်က ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ရဲတွေကို ပစ်သတ်မှုနဲ့ အင်းစိန်ထောင်ပါဆယ်လက်ခံတဲ့နေရာ ဗုံးပေါက်ကွဲမှုမှာ ပါဝင်ခဲ့သူတွေဆိုပြီး သေဒဏ်ချမှတ်ခံထားရသူ ၇ ဦးကို လာမယ့်စက်တင်ဘာ ၂၄ ရက်မှာ စီရင်ကွပ်မျက်တော့မယ်ဆိုတဲ့ သတင်းတွေ အခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။

ဒီလိုသတင်းတွေကြောင့် သေဒဏ်ချမှတ်ခံထားရသူတွေရဲ့ မိသားစုတွေက အကျဉ်းထောင်နဲ့ တရားရေးနီးစပ်သူတွေဆီ ဆက်သွယ်မေးမြန်းတာတွေရှိနေသလို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သေဒဏ်ချမှတ်ခံထားရသူတွေကို ကြိုးပေးကွပ်မျက်မယ့်အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာတော့ ကြားသိထားရခြင်းမရှိသေးဘူးလို့ စက်တင်ဘာ ၁၈ ရက်က ပြောပါတယ်။

စစ်ကောင်စီက သေဒဏ်ကျ အကျဉ်းသားတွေကို ကွပ်မျက်နိုင်တာကြောင့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေက နိုင်ငံတကာ သံရုံးအသီးသီးကိုလည်း အကူညီတောင်းခံထားတယ်လို့ ဒီအခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။

သေဒဏ်စီရင်တော့မယ်ဆိုရင် အကျဥ်းထောင်လက်စွဲဥပဒေအရ သေဒဏ်ကျအကျဥ်းသားရဲ့ မိသားစုဝင်တွေကို အကျဥ်းထောင်အာဏာပိုင်တွေဘက်က ၂၄ နာရီအတွင်း ဆက်သွယ်အကြောင်းကြားတာ၊ မိသားစုနဲ့တွေ့ဆုံခွင့်ပေးတာ၊ ယုံကြည်ကိုးကွယ်တဲ့ဘာသာတရားအလိုက် ဘာသာရေးပုဂ္ဂိုလ်တွေကို အကျဥ်းထောင်တွင်း ခေါ်ယူပြီး ဘာသာရေးဓလေ့ထုံးတမ်းအလိုက် စီမံဆောင်ရွက်ပေးတာတွေ ပြုလုပ်ရတယ်လို့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

၂၀၂၂ ဇူလိုင်လတုန်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့ပြီး ဒဏ်စီရင်မယ်ဆိုတာကို မိသားစုဝင်တွေကို အသိပေးခဲ့တာမရှိဘူးလို့ မိသားစုဝင်တွေက ပြောကြားထားပါတယ်။

ရေဘေးသင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ တစ်ပတ်လုံး မိုးဆက်ရွာမယ်လို့ မိုးဇလ ထုတ်ပြန်

နေပြည်တော် တပ်ကုန်းက ရေဘေးသင့်ပြည်သူများ

ဓာတ်ပုံ ရင်းမြစ်, PRT

ဓာတ်ပုံ ပုံစာ, နေပြည်တော် တပ်ကုန်းက ရေဘေးသင့်ပြည်သူများ

ရေဘေးသင့်ဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ လာမယ့် သီတင်းပတ်အတွင်း မိုးဆက်ရွာမယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာန က စက်တင်ဘာ ၂၁ နေ့လယ်ပိုင်း က ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်၊ ကရင် နဲ့ မွန်ပြည် နယ်တို့မှာ ၇ ရက် ကနေ ၉ ရက်အထိ မိုးရွာမယ်လို့လည်း မိုးဇလ က ပြောပါတယ်။

ဒါအပြင် စစ်ကိုင်း၊ မန္တလေး၊ မကွေး ၊ ကချင်၊ ရှမ်းမြောက်နဲ့အရှေ့ပိုင်း အပါအဝင် ချင်းနဲ့ကယား ပြည်နယ် တွေမှာ မိုးရွာရက် ၄ ရက် ကနေ ၆ ရက် အထိရှိနိုင်တယ်လို့လည်း မိုးဇလဌာန က ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ရေ ဟာ တောင်ငူနဲ့မဒေါက်မြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေတယ်လို့လည်း မိုးဇလ က ဆိုပါတယ်။

လာမယ့် သီတင်းပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်း ရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာတဲ့ မုန်တိုင်းငယ်အဆင့်အထိ ဖြစ်နိုင်တယ်လို့လည်း မိုးဇလ က ခန့်မှန်းထားပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတဝန်း ရေကြီးမြေပြိုမှုတွေကြောင့် ပြည်သူ ၈ သိန်း ၈ သောင်း ကျော် ဒုက္ခရောက်ခဲ့ရပြီး သေဆုံးသူ ၃၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ နီးပါးရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၀ ရက်စွဲ နဲ့ ထုတ်ပြန်ထားပါတယ်။

ရေကြီးတဲ့နောက်ဆက်တွဲအနေနဲ့ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ထဲက ရေဘေးသင့် ဝါးတီးရွာမှာ စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး လူ ၁၅ ဦး ဝမ်းရောဂါဖြစ်ပွားနေတယ်လို့ တောင်ငူ လူမှုကူညီရေး အသင်းတွေ က ဘီဘီစီ ကို ပြောထားပါတယ်။

စက်သုံးဆီတွေ တန်းစီပြန်ဝယ်ရပြီး ဆီစျေးတက်နေ

စက်တင်ဘာ ၂၁ မနက်ပိုင်းက ရန်ကုန်မြို့မှာ စက်သုံးဆီ တန်းစီနေကြတဲ့ ကားတန်း
ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၂၁ မနက်ပိုင်းက ရန်ကုန်မြို့မှာ စက်သုံးဆီ တန်းစီနေကြတဲ့ ကားတန်း

ရန်ကုန်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နဲ့ မနေ့ စက်တင်ဘာ ၂၀ ရက်တို့မှာ စက်သုံးဆီရဖို့ တန်းစီ စောင့်ဆိုင်းရတာတွေပြန်ရှိလာတယ်လို့ ကိုယ်တိုင်ကိုယ်ကျ စက်သုံးဆီ သွားဖြည့်သူ တချို့က ဘီဘီစီ ကို ပြောပါတယ်။

စက်သုံးဆီရဖို့ စောင့်ဆိုင်းရတာရှိသလို စျေးနှုန်းတက်ပြီး ဆီပမာဏအကန့်အသတ်နဲ့ ထည့်ရတာမျိုး လည်းရှိတယ်လို့ ပြောကြပါတယ်။

ဒီကနေ့မနက်ပိုင်း ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ 92 ( နိုင်တီတူးဆီအမျိုးအစား) တစ်လီတာကို ၃၀၆၀ ကျပ်၊ 95 ( နိုင်တီဖိုက် ဆီအမျိုးအစား) တစ်လီတာကို ၃၂၁၅ ကျပ်၊ ပရီမီယမ် တစ်လီတာကို ၃၂၃၅ ကျပ် စျေးဖြစ်လာပါတယ်။

'' ကမ္ဘာအေးဘုရားလမ်းပေါ်က ကန်ဘောင် Newday ဆိုင်က ဒီမနက်ဆိုရင် အင်းယားလိတ် မီးပွိုင့်အထိရောက်တယ်။ ကားတန်းကတော်တော်ရှည်တယ်။ နိုင်တီတူး၊ နိုင်တီဖိုက်( 92/95) မရတဲ့ ဆီဆိုင်တွေလည်းရှိတယ်။ တချို့ဆိုင်က ဒီဇယ်ပဲရတယ်။ မြောက်ဒဂုံ Max Terminal မှာဆို မနေ့က 92/95 မရဘူး'' လို့ ရန်ကုန်မြို့ခံ စက်သုံးဆီဝယ်ယူသူတစ်ဦးက ဘီဘီစီ ကိုပြောပြပါတယ်။

ရန်ကုန်နဲ့မန္တလေးမြို့တွေအပါအဝင် မြို့ကြီးတွေမှာ မကြာခဏဆိုသလို စက်သုံးဆီတန်းစီဝယ်ယူရတဲ့ အခြေအနေ ဖြစ်နေတာပါ။

နိုင်ငံတဝန်း ရေဘေးသင့်သူ ၈ သိန်း ၈ သောင်း ကျော်ရှိပြီလို့ ကုလထုတ်ပြန်

ရေကြီးမြေပြိုမှုတွေဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ ရဲ့ စက်တင်ဘာ ၁၉ ရက်နေ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရေကြီးမြေပြိုမှုတွေဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ ရဲ့ စက်တင်ဘာ ၁၉ ရက်နေ့ မြင်ကွင်း
  • လူ ၃၀၀ ကျော်သေဆုံးပြီး၊ ဒဏ်ရာရသူ ၁၀၀ နီးပါးရှိ

မြန်မာနိုင်ငံတဝန်း ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ ၈ သိန်း ၈ သောင်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၀ ရက်စွဲ နဲ့ ထုတ်ပြန်ပါတယ်။

လက်ရှိ အချိန်အထိ သေဆုံးသူ ၃၀၀ ကျော်ရှိနေပြီး၊ ဒဏ်ရာရသူ ၁၀၀ နီးပါးရှိနေပြီလို့ မြေပြင်သတင်း အချက်အလက်တွေကို ကိုးကားပြီး UNOCHA က ပြောပါတယ်။

အဲဒီထဲမှာ မန္တလေးတိုင်းထဲက ရေဘေးသင့်ကျေးရွာ ၁၅ ရွာက လူ ၂၃၀ ကျော် သေဆုံးခဲ့ပြီး လူ ၅၀ ကျော် ရမည်းသင်းဆေးရုံကြီးမှာ ဆေးကုသခဲ့ရတယ်လို့လည်း UNOCHA က ပြောပါတယ်။

ဒါအပြင် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ် ၂၆ မြို့နယ်မှာ ရေကြီးမြေပြို့ခဲ့တာတွေကြောင်း သေဆုံးသူ အနည်းဆုံး လူ ၇၈ ယောက်ရှိခဲ့ပြီး ၄၇ ဦး ဆေးကုသခဲ့ရတယ်လို့လည်း UNOCHA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတဝန်း ရေကြီးမြေပြိုခဲ့တာတွေကြောင့် သေဆုံးသူ ၂၂၆ ဦး၊ ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးဖြင့် မျောပါသူ ၁၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၄၇ ဦးရှိခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

တိုင်ဖွန်းရာဂီသင့်တဲ့ဒေသတွေမှာ အိုးအိမ်တွေပျက်စီးဆုံးရှုံးတာ၊ လျှပ်စစ်မီးပြတ်တောက်တာ၊ အခြေခံ အဆောက်အဦတွေဖြစ်တဲ့ လမ်း၊တံတားနဲ့ဆက်သွယ်ရေးကွန်ရက်တွေ ပျက်တောက်တာတွေအပြင် ဘာသာရေးအဆောက်အအုံနေရာတွေနဲ့ သီးနှံစိုက်ခင်းလယ်မြေတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရတယ်လို့လည်း ပြောပါတယ်။

နေပြည်တော်၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ အပါအဝင် တိုင်းနဲ့ပြည်နယ် ၆၅ မြို့နယ်ထိခိုက်ခဲ့တယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းထဲက ပဲခူး၊ တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်နဲ့ ဖြူးမြို့တွေအပါအဝင် မှာ လူ ၁ သိန်းကျော် ရေဘေးသင့်ခဲ့ပြီး မွန်နဲ့ကရင်ပြည်နယ်ထဲက မြို့နယ် ၄ မြို့နယ်မှာ လူ ၉ သောင်းကျော် ရေဘေးသင့် ခဲ့တယ်လို့လည်း UNOCHA က ပြောပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ လူနေအိမ် ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံးမှာ တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သလို ရေဝင်နစ်မြုပ်တဲ့ အိမ် ၁ သိန်းခွဲ အထိ ရှိခဲ့တယ်လို့ ပြောပါတယ်။

UNOCHA ကတော့ အဝတ်အထည်တွေ၊ ဆေးဝါးတွေနဲ့ သောက်သုံးရေအပါအဝင် အရေးပေါ်ကူညီ ကယ်ဆယ်ရေးတွေလုပ်ဖို့ အမေရိကန်ဒေါ်လာ ၄ သန်းသုံးစွဲသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ရေဘေးသင့် ဝါးတီးရွာမှာ ဝမ်းရောဂါဖြစ်ပွား

စက်တင်ဘာ ၁၄ ရက်နေ့က တောင်ငူမြို့ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတအဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၄ ရက်နေ့က တောင်ငူမြို့ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတအဖွဲ့ဝင်များ

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ထဲက ရေဘေးသင့် ဝါးတီးရွာမှာ ဝမ်းရောဂါဖြစ်ပွားနေတယ်လို့ တောင်ငူ လူမှုကူညီရေးအသင်းတွေက ဘီဘီစီ ကို ပြောပါတယ်။

“မနေ့ညက စဖြစ်တာ ၁၅ ယောက်လောက်ဖြစ်တယ်။ ၅ ယောက်ကတော့ အခြေအနေနည်းနည်းဆိုးတယ်” လို့ တောင်ငူ လူမှုကူညီရေးအသင်းသား တစ်ဦးက ဒီကနေ့မနက်ပိုင်းမှာ ပြောပါတယ်။

ရေဘေးသင့် ဝါးတီးကျေးရွာ ကို ဆေးမှူးအပါအဝင် လူ ၉ ယောက်ပါတဲ့ ဆေးအဖွဲ့လွှတ်ထားပြီး ဝမ်းရောဂါအခြေအနေကို ဆက်ပြီးစောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

လက်ရှိအချိန်မှာ ဝါးတီးကျေးရွာမှာ ရေအနည်းငယ်ပြန်ကျသွားပေမဲ့ ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေရတယ်လို့လည်း သူကပြောပါတယ်။

“အဲဒီရွာက ကားလမ်းမပေါက်တော့ စက်လှေနဲ့ သွားကူနေရတာ။ ကျွန်တော်တို့ အသင်းသား တစ်ယောက်လည်း ဝါးတီးရွာနားမှာထား ထားရတယ်” လို့ တောင်ငူလူမှုကူညီရေးအဖွဲ့ဝင် တစ်ဦး က ဘီဘီစီ ကိုပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဝါးတီးကျေးလက်ကျန်းမာရေးဌာန အပိုင်နယ်မြေထဲက ဝက်ဖြူကုန်းကျေးရွာ မှာ အစာအဆိပ်သင့်လို့ လူ အယောက် ၆၀ ကျော်ကို တောင်ငူ ပြည်သူ့ ဆေးရုံကြီးကို ပို့ခဲ့ရတယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ခဲ့ပါတယ်။

တောင်ငူမြို့နယ်မှာ စက်တင်ဘာလအတွင်း ရေကြီးနစ်မြုပ်မှုတွေ‌ကြောင့် ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးအပါအဝင် လူ ၃ ဦးသေဆုံးခဲ့တယ်လို့လည်း မြေပြင်သတင်းအရင်းအမြစ် တွေ က ဘီဘီစီ ကို ပြောထားပါတယ်။

ပူတင်တက်တဲ့ အမျိုးသမီးဖိုရမ် ဒေါ်ကြူကြူလှ ဗီဒီယို မိန့်ခွန်းပေးပို့

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှ

ဓာတ်ပုံ ရင်းမြစ်, Cincds

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှ

ရုရှားသမ္မတဗလာဒီမာပူတင်တက်ရောက်ခဲ့တဲ့ ယူရေးရှားအမျိုးသမီးဖိုရမ်ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှ က ဗီဒီယို မိန့်ခွန့် ပေးပို့ခဲ့ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်သတင်းစာက မျက်နှာဖုံးသတင်းအဖြစ်ဖော်ပြခဲ့ပြီး သင်္ကြန်ကာလတုန်းက ဒေါ်ကြူကြူလှ ပြင်ဦးလွင်မှာ ရေကစားတာကို မျက်နှာဖုံးသတင်းအဖြစ်ဖော်ပြခဲ့ဖူးတာဖြစ်ပါတယ်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်အထိ “ယုံကြည်မှုများ တိုးမြှင့်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း အတွက် အမျိုးသမီးများကဏ္ဍ” ခေါင်းစဥ်နဲ့ ဖိုရမ်လုပ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု၊ ကုန်သွယ်ရေးပဋိပက္ခနဲ့ စစ်ရေးပဋိပက္ခ စတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ခေါင်းဆောင် ဇနီး ဒေါ်ကြူကြူလှ က ဗီဒီယို မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး ပဋိပက္ခတွေရဲ့ ဒဏ်ကို ပိုမိုခံစားရသူတွေကလည်း အမျိုးသမီးတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

စတုတ္ထအကြိမ် ယူရေးရှား အမျိုးသမီးဖိုရမ်ကို နိုင်ငံတကာက ဒုတိယသမ္မတတွေ၊ လွှတ်တော်ဥက္ကဋ္ဌ တွေ အပါအဝင် နိုင်ငံပေါင်း ၁၂၆ နိုင်ငံက ကိုယ်စားလှယ်ပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့တယ် လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်အတွင်း အမျိုးသမီး ၁၁၃၂ ဦး သတ်ဖြတ် ခံခဲ့ရပြီး ၅၆၄၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းထဲမှာ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အမျိုးသမီး အရေအတွက် အများဆုံး ဖြစ်ပြီး ၁၄၄၀ ဦး အထိခဲ့သလို မန္တလေးတိုင်း မှာ ၉၂၉ ဦး နဲ့ စစ်ကိုင်းတိုင်းထဲမှာ ၇၀၅ ဦးအထိ ရှိခဲ့တယ်လို့လည်း AAPP က ပြောထားပါတယ်။

အဲဒီအမျိုးသမီးတွေကို စစ်ကောင်စီက နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၂၀ ရာခိုင်နှုန်း သေဆုံးခဲ့တယ်လို့လည်း AAPP က ထုတ်ပြန်ပါတယ်။