ဧပြီ ၂၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ကပစ လက်နက်တွေကို အရည်အသွေးကောင်းအောင် ထုတ်ဖို့ စစ်ခေါင်းဆောင်ပြော

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်တုန်းက ပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်တုန်းက ပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြပွဲ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ပြည်တွင်းက တိုက်ပွဲတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးအင်အားကို အားထားနေရချိန်မှာပဲ စစ်လက်နက်နဲ့ စစ်အသုံး အဆောင် ပစ္စည်းတွေကို အရည်အသွေးကောင်းသထက်ကောင်းအောင် ထုတ်လုပ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ဧပြီ ၂၆ ရက်က ကျင်းပတဲ့ ၇၅ နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားမှာ သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

မြန်မာမှာ ၁၉၄၇ လွတ်လပ်ရေးရပြီးနောက်ပြီး ပြည်တွင်းကနေ လက်နက်၊ခဲယမ်းတွေ ထုတ်လုပ်နိုင်ဖို့ ကြိုးပန်းခဲ့တာကြောင့် ၁၉၅၀ ပြည့်နှစ် ဧပြီ ၂၆ ရက်ကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့ အဖြစ်သတ်မှတ်ခဲ့တာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မကွေး၊ ပဲခူး၊ ရန်ကုန်နဲ့ နေပြည်တော်မှာ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ) ၂၅ ရုံရှိပြီး စစ်ကောင်စီရဲ့ စစ်လက်နက်တွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

"အမ်အေ စီးရီး လက်နက်ငယ်တွေ၊ လက်နက်ကြီးတွေ အားလုံးကတော့ ပြည်တွင်းမှာပဲ ကုန်ကြမ်းကနေ ကုန်ချောဖြစ်အောင် တောက်လျှောက်ထုတ်လုပ်တာ။ ခြေလျင်တပ်သုံး လက်နက်ငယ်တွေ အကုန်လုံးကတော့ ပြည်တွင်းထုတ်တွေပဲ၊ ပြည်ပထုတ်တွေက ဒုံးတို့၊ လေကြောင်းရန်တို့မှာပဲ သုံးတာများတယ်"လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဘီဘီစီကို ပြောပါတယ်။

အပေါ့စား စက်သေနတ်၊ ချေမှုးရေး ရိုင်ဖယ်၊ အဝေးပစ်မော်တာ၊ ဒုံးပစ်လောင်ချာ ၊ စနိုက်ပါရိုင်ဖယ် အပါအဝင် အမ်အေစီးရီး ထုတ် သေနတ်တွေ၊ ပလတ်စတစ် လက်ပစ်ဗုံး၊ လောင်ချာပစ်ဗုံးတွေ အပါအဝင် အမ်ဂျီစီးရီထုတ် ဗုံးတွေ၊ လူသတ်ဆွဲမိုင်း၊ နင်းမိုင်း၊ ရှေ့ထွက်မိုင်း အပါအဝင် အမ်အမ် စီးရီး မိုင်းတွေ၊ ဟောင်ဝစ်ဇာ၊ လူအုပ်ခွဲကျည်၊ လေယာဉ်ပစ် စက်သေနတ်အပါအဝင် တခြား စစ်လက်နက်ပစ္စည်းတွေကိုလည်း ကပစ စက်ရုံတွေကနေ ထုတ်နေတာ ဖြစ်ပါတယ်။

၇၅ နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့ အခမ်းအနားကို စစ်ခေါင်းဆောင်နဲ့အတူ ဒုကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

တဖက်မှာလည်း မြန်မာစစ်ခေါင်းဆောင်ဟာ မတ်လဆန်းပိုင်းတုန်းက သွားခဲ့တဲ့ သူ့ရဲ့ မော်စကို ခရီးစဥ်အတွင်းမှာ ယူကရိန်းစစ်ပွဲကြောင့် လက်နက်ခဲယမ်းလိုအပ်နေတဲ့ ရုရှားကို ခဲယမ်းမီးကျောက် ထောက်ပံ့ဖို့ ရုရှားနဲ့ သဘောတူညီချက် ရခဲ့တယ်လို့ ဘီဘီစီရဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

အပြန်အလှန်အနေနဲ့ မြန်မာစစ်ကောင်စီဟာ ရုရှားဆီကနေ နျူကလီးယား နည်းပညာ အကူအညီ ပြန်ရမှာဖြစ်ပါတယ်။

တဖက်မှာလည်း ရုရှားဆီကနေ နောက်ဆုံးပေါ် တိုက်လေယာဥ်တွေအပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ဝယ်ယူနေရတဲ့မြန်မာစစ်တပ်ဟာ ယူကရိန်းအရေးကြောင့် အခုလို ရုရှားကို ခဲယမ်းထောက်ပံ့ဖို့ ဖြစ်လာတာလို့ နားလည်ရပါတယ်။

ရုရှားက ယူကရိန်းစစ်မှာ မြန်မာစစ်တပ်ထုတ် ၁၂၀ မီလီမီတာ မော်တာကျည်တွေ အသုံးပြုနေတဲ့ အကြောင်း ယူကရိန်းစစ် လက်နက်လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Ukraine Weapons Tracker အဖွဲ့က ဖော်ထုတ်ခဲ့သလို အ‌ရှေ့ဥရောပ စစ်ရေးသတင်းတွေကလည်း ဖော်ပြခဲ့ဖူးပါတယ်။

မင်းလှမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ PDF တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်

ဧပြီ ၂၂ ရက်က ထမင်းဆိုင်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသအခေါ် ပျူစောထီးတွေကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂

ဓာတ်ပုံ ပုံစာ, ဧပြီ ၂၂ ရက်က ထမင်းဆိုင်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသအခေါ် ပျူစောထီးတွေကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကျေးရွာ ၂၀ ကျော် လောက် စစ်ဘေးရှောင်နေကြရ

ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တွေကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပဲခူးရိုးမအစပ် ရွာတွေဖြစ်တဲ့ သရော်ကုန်းနဲ့ ဆားချောင်းကျေးရွာတွေကို မင်းလှမြို့ အခြေစိုက် အမှတ် ၁ ခြေလျင်တပ်ရင်းက စစ်ကြောင်းထိုး ဝင်ရောက်လာပြီးတဲ့နောက် ဧပြီလ ၂၆ ရက်နဲ့ ၂၇ ရက်မှာ တိုက်ပွဲဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က ရန်ကုန်- ပြည်ကားလမ်းဘေး အင်ကြင်းကုန်းကျေးရွာအုပ်စု၊ အညာတန်းကြီးရွာက ထမင်းဆိုင်မှာ ထမင်းစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသအခေါ် ပျူစောထီးတို့ကို သာယာဝတီခရိုင် တပ်ရင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။

အဲဒီနောက်ပိုင်း ဧပြီ ၂၃ ရက်နေ့ကတည်းက ခလရ ၁ တပ်ရင်း၊ ကျောက်တံခါး ဘုရားကုန်း၊ တာကလေးကျေးရွာ၊ စစ်ကွင်းတာဆုံ စတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

"လေယာဉ်နဲ့လည်း ဗုံးတွေကြဲတယ်။ မနေ့ကရော ဒီနေ့အထိပါ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ရှိနေပါတယ်။ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ဆယ်ချီပြီးသေတာရှိတယ်၊ စစ်ကြောင်းပြုတ်သလောက်နီးနီးပဲ" လို့ မင်းလှမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

လက်ပံတန်းအရှေ့ရွာကို ရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို ပီဒီအက်ဖ်တွေက မနေ့က ဝိုင်းဝန်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒီနေ့မနက်မှာတော့ စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ရှင်းလင်းခဲ့တယ်ဆိုပြီး စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှု သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်တွေမှာတော့ ရေးသားဖော်ပြကြပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေဟာ ရွေးကုန်း၊ သရော်ကုန်း၊ ဆားချောင်း၊ ဆင်အိုချောင်းပေါက်၊ ဦးတိုကညင်ပင်၊ ဦးတိုတောင်စု၊ ဦးတိုမြန်မာစု အပါအဝင် ကျေးရွာ ပေါင်း ၁၄ ရွာထဲကို ကျရောက် ပေါက်ကွဲတာတွေ ရှိခဲ့ပါတယ်။

ဒါ့ကြောင့် အဲဒီကျေးရွာတွေ အပါအဝင် ကျေးရွာ ၂၀ လောက်လည်း စစ်ဘေးရှောင်နေကြရပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်းတွေ တူးထားဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။

သံလျင်မြို့နယ် NLD အမတ် တော်လှန်ရေးနယ်မြေမှာ ကွယ်လွန်

တော်လှန်ရေးမှာပါဝင်ရင်းကွယ်လွန်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်

ဓာတ်ပုံ ရင်းမြစ်, Nay Lin Aung

ဓာတ်ပုံ ပုံစာ, တော်လှန်ရေးမှာပါဝင်ရင်းကွယ်လွန်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ သံလျင်မြို့နယ်ကိုယ်စားပြု ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင် ခေါ် ဦးပေါက်စ ဟာ ဆေးကုသမှုခံယူနိုင်ဖို့ စောင့်ဆိုင်းနေချိန် တော်လှန်ရေးနယ်မြေ တစ်နေရာမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးကြောင့် ဆေးကုသဖို့ လိုအပ်ချိန်မှာ လုံခြုံရေးနဲ့ ဆက်သွယ်ရေး အခက်အခဲတွေကြောင့် အချိန်ယူ နေရချိန်အတွင်း ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် စိတ်ထိခိုက်ရတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRYH)က သတင်းထုတ်ပြန်ပါတယ်။

ဦးနေလင်းအောင်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်း တော်လှန်ရေးတာဝန်တွေကို တော်လှန်ရေးနယ်မြေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ကျန်းမာရေး ချို့ယွင်းလာတဲ့ကြားကနေ ဆက်ပြီးတာဝန်ထမ်းဆောင်နေခဲ့တယ်လို့ CRYH က အသိအမှတ်ပြုပြောဆိုပါတယ်။

ဦးနေလင်းအောင်ဟာ အသက် ၄၅ နှစ်ရှိပြီဖြစ်ပြီး ရောဂါကြောင့် ဧပြီ ၂၇ ရက် တော်လှန်ရေးနယ်မြေတစ်နေရာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

''အဓိကကတော့ ကျန်းမာရေး မကောင်းဘူး။ ဒီဘက်(ထိုင်းဘက်)ကိုပို့ပြီး ဆေးကုဖို့ ပြင်တယ်။ ဒီအချိန်က တိုက်ပွဲကာလ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်တော့ အချိန်မမီခဲ့ဘူး။ သူက လွှတ်တော်အမတ် မဖြစ်ခင်တုန်းကလည်း ပရဟိတ သမားပါ။ ကျွန်တော်တို့ တော်လှန်ရေးအတွက် သူ့ကို မဲပေးခဲ့တဲ့ သူ့ရဲ့ ပြည်သူတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုလို့ပြောလို့ရပါတယ်။ လူတိုင်းလုပ်လို့မရတဲ့အရာတွေကို သူ့ရပ်တည်ချက်အတိုင်း လုပ်ဆောင်ခဲ့တာပါ'' လို့ ဦးနေလင်းအောင်နဲ့ရင်းနှီးတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ဦးနေလင်းအောင်ဟာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီမှာ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးတာ မဖြစ်ရအောင်ဆောင်ရွက်ခဲ့သလို တိုင်းလွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ချိန်မှာလည်း သူ့မဲဆန္ဒနယ်မြေ တိုးတက်ဖွံ့ဖြိုးရေးအတွက် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဦးနေလင်းအောင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း ပြန်မဆုံနိုင်တော့ပြီဖြစ်လို့ စိတ်မကောင်း၊ ဝမ်းနည်းတဲ့အကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါတော့ ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ တော်လှန်ရေးဆောင်ရွက်နေသူတွေနဲ့ အသိမိတ်ဆွေတွေက ဝမ်းနည်းစကားတွေ ပြောဆိုနေကြပါတယ်။

ဦးနေလင်းအောင်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်လို့ ဆုံးပါးခဲ့ကြရတဲ့ NLD လွှတ်တော်အမတ်တွေထဲ ၂၄ ဦးမြောက် အမတ်ဖြစ်လာပါတယ်။

နေပြည်တော်ဆောက်ချိန်မှာ ပါဝင်ခဲ့တဲ့ကုမ္ပဏီတွေကို ဆက်သွယ်ဖို့ နေပြည်တော်စည်ပင် အသိပေး

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ နေပြည်တော် ခုတင် ၃၀၀ ဆေးရုံကို စစ်ကောင်စီခေါင်းဆောင် ရောက်ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ နေပြည်တော် ခုတင် ၃၀၀ ဆေးရုံကို စစ်ကောင်စီခေါင်းဆောင် ရောက်ရှိခဲ့

နေပြည်တော် တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ ပြန်လည်ဆက်သွယ်ကြဖို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက အသိပေးစာထုတ်လာပါတယ်။

နေပြည်တော်က ဌာနဆိုင်ရာရုံးအဆောက်အဦ၊ အထူးအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦတွေကို တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကို ဆက်သွယ်ဖို့ အကြောင်းကြားတာ ဖြစ်ပါတယ်။

ဒီအသိပေးအကြောင်းကြားစာကို စစ်ကောင်စီရဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ ဧပြီ ၂၆ တုန်းက ထည့်သွင်းဖော်ပြထားတာပါ။

မတ်လ ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်က သမ္မတအိမ်တော်၊ လွှတ်တော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနရုံးအဆောက်အဦတွေနဲ့ ဝန်ထမ်းအိမ်ယာတွေမှာ လူသေဆုံးတဲ့အထိဖြစ်တဲ့ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့အပြီးမှာ ဆောက်လုပ်ရေးမှာပါဝင်ခဲ့တဲ့ကုမ္ပဏီတွေကို အခုလို အသိပေးစာထုတ်လာတာပါ။

ကုမ္ပဏီတွေအနေနဲ့ နေပြည်တော်ကောင်စီစည်ပင်သာယာရေးကော်မတီ၊ အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီကို ဆက်သွယ်ရမယ်လို့ဆိုပါတယ်။

ဒီလိုအသိပေးစာထုတ်ပြီး ၂ ရက်ကြာမှာ ဘယ်ကုမ္ပဏီတွေက လာရောက်ဆက်သွယ်ပြီလဲဆိုတာကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ဌာနမှူး ဦးဇော်ထွန်းက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မှတ်ချက်တစုံတရာပေးဖို့ သူက ငြင်းဆိုပါတယ်။

"အခုထိက စောသေးလို့ ကျွန်တော်ဘာမှ ပြောလို့မရ‌သေးပါဘူးခင်ဗျာ"လို့သာ သူက ပြန်လည်ဖြေကြားပါတယ်။

နေပြည်တော်ကို ၂၀၀၆ ခုနှစ်မှာ ဖေဖော်ဝါရီကစပြီး နိုင်ငံတော် ရုံးစိုက်ရာ နေရာအဖြစ် သတ်မှတ်ခဲ့တာပါ။

နေပြည်တော်မှာ လွှတ်တော်၊ အစိုးရရုံးတွေအပါအဝင် အဆောက်အဦတည်ဆောက်ခွင့်တွေကို ထူး၊ အေဒင်၊ အေးရှားဝေါလ်၊ မက်စ်မြန်မာ၊ IGE၊ ACE ကုမ္ပဏီကြီးတွေက ဆောက်လုပ်ခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေကို စိစစ်တဲ့အခါ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက သတ်မှတ် စံချိန်စံညွှန်းတွေအတိုင်း မဆောက်ခဲ့တာကြောင့် ဖြစ်တယ်လို့ နေပြည်တော်က ခုတင် ၃၀၀ ပြည်သူ့ ဆေးရုံကြီး ‌ဆေးကုသဆောင်နဲ့ ဝန်ထမ်းအိမ်ရာတွေ ပျက်စီးထိခိုက်တဲ့ အခြေအနေတွေကို စစ်ဆေးချိန်က စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

အရပ်သားအစိုးရတွေရုံးစိုက်ခဲ့ပြီး လက်ရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဗဟိုချက်ဖြစ်တဲ့ နေပြည်တော်မှာ သမ္မတအိမ်တော်အပါအဝင် လွှတ်တော်အဆောက်အဦ၊ ဝန်ကြီးဌာနတွေရဲ့ အဆောက်အဦ၊ တရားလွှတ်တော်ချုပ်တို့မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။

နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုမှာ ဧပြီ ၂၄ ရက်အထိ ရရှိထားတဲ့ စာရင်းတွေအရ လူနေအိမ် ခြောက်သောင်းသုံးထောင်ကျော် ၊ စာသင်ကျောင်း ခြောက်ထောင့်ခုနစ်ရာကျော် ၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ငါးထောင့်လေးရာကျော်၊ စေတီပုထိုး ငါးထောင့်သုံးရာ ဆူ၊ အခြားဘာသာ ရေးအဆောက်အအုံ ခြောက်ရာကျော်၊ ဆေးရုံ၊ ဆေးခန်း ငါးရာ့ခုနစ်ဆယ်ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့နယ်ထဲက စစ်တပ်နဲ့ PDF တိုက်ပွဲ တပ်မ ၃၃ တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး

ဘီဘီစီကို ပေးပို့လာတဲ့ ရုပ်သံမှတ်တမ်းမှာ သေဆုံး၊ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း တွေ့ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဘီဘီစီကို ပေးပို့လာတဲ့ ရုပ်သံမှတ်တမ်းမှာ သေဆုံး၊ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း တွေ့ရပါတယ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက စာရေးရွာနဲ့ ပဒူရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်တွေ တိုက်ပွဲမှာ စစ်တပ်ရဲ့ တပ်မ ၃၃ စစ်ကြောင်းက တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးတယ်လို့ မြေပြင်စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

စာရေးရွာဘက်ကနေ ပဒူကျေးရွာမှာရှိတဲ့ စစ်ကောင်စီအထိုင်တပ်ကို အင်အားသွားဖြည့်တဲ့ အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကြောင်းကို ပူးပေါင်းတပ်တွေက ဧပြီလ ၂၆ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့လည်း သူက ပြောပါတယ်။

တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းတချို့ကိုလည်း ပြန်သယ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ ဒီတပ်ဖွဲ့ဝင်တွေဟာ တပ်မ ၃၃ က ဖြစ်တယ် ဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီကတော့ စစ်ကိုင်းမြို့နယ်ထဲ ဖြစ်ပွားတဲ့ ဒီတိုက်ပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ပွဲဖြစ်ပွားတဲ့ ဧပြီ ၂၅ ရက်မှာ မနက် ၃ နာရီကစလို့ ညနေအထိ တစ်နာရီခြား တစ်ခါ လေကြောင်းဗုံးကြဲတာတွေရှိတာကြောင့် ကျောက်ပနံ၊ ကံကြီးကုန်း၊ ရွာသာယာ ကျေးရွာတွေမှာ သေဆုံးပျက်စီးတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။

လက်ရှိအချိန်မှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ပဒူကျေးရွာဟာ မတ် ၂၈ ရက်မှာ လှုပ်ခတ်သွားတဲ့ ငလျင်ဗဟိုချက်နဲ့ နီးကပ်တာကြောင့် ငလျင်ဒဏ်ခံစားရတဲ့ ကျေးရွာလည်း ဖြစ်သလို ၂၀၂၄ ခုနှစ် စက်တင်ဘာတုန်းကလည်း ရေဘေးသင့်ခဲ့တဲ့ နေရာတွေဖြစ်ပြီး တိုက်ပွဲတွေကြောင့် မကြာခဏ စစ်ဘေးရှောင်ကြရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအရ - တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဧပြီ ၂၇ ရက်အထိ စာရေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်အင်အားတွေကို ထပ်ဖြည့်နေသလို ပဒူကျေးရွာမှာလည်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ရှိနေတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

"အခုက ပဒူရွာနဲ့ စာရေးရွာကြားမှာက စစ်မက်ဇုန်ဖြစ်နေပြီ ၊ ပဒူရွာက ၂၀၂၃ ခုနှစ်ကတည်းက စစ်ကြောင်းထိုးပြီး တပ်စွဲထားလို့ ကိုယ့်ရွာကိုယ် ပြန်မနေရဲကြတော့ဘူး၊ တိုက်ပွဲမှာ ကျောက်ပနန်ရွာက စစ်ရှောင်မိသားစု တစ်စု လက်နက်ကြီးကျလို့ သေဆုံးတယ်"လို့ သူက ပြောပါတယ်။

တိုက်ပွဲအတွင်း အရပ်သား သေဆုံးတာတွေ ရှိပေမဲ့ လတ်တလော စစ်ရေးတင်းမာနေတဲ့ အခြေအနေနဲ့ အဆက်အသွယ် ပြတ်တောက်နေတာတွေကြောင့် သေဆုံးသူ အရေအတွက်တွေ မသိကြရသေးဘူးလို့လည်း ပြောပါတယ်။

ပဒူရွာနဲ့ စာရေးရွာကြားမှာ ကျောက်ပနန်၊ ရွာသစ်၊ ကံကြီးကုန်း၊ ဆည်လေးတောရွာတွေ ရှိပြီး ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။

စစ်ကောင်စီ အင်အားဖြည့်ထားတဲ့ စာရေးရွာမှာလည်း တပ်စွဲနိုင်တဲ့ အခြေအနေ ရှိတာကြောင့် စာရေးအရှေ့ရွာ၊ အနောက်ရွာကလူတွေပါ စစ်ရှောင်ရမယ့် အခြေအနေ ရှိနေတာပါ။

စစ်ကိုင်းမြို့က မလေးရှားယာယီဆေးရုံမှာ နေ့စဥ် ဆေးကုသမှုခံယူသူ ရာချီရှိ

ဧပြီလ ၂၇ ရက်နေ့တုန်းက စစ်ကိုင်းမြို့ က မလေးရှား ယာယီဆေးရုံအတွင်း မြင်တွေ့ရတဲ့ဆေးကုသမှု အခြေအနေ
ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့ က မလေးရှား ယာယီဆေးရုံအတွင်း မြင်တွေ့ရတဲ့ဆေးကုသမှု အခြေအနေ

စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောင့် ထိခိုက်မှုကြီးမားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်ထားတဲ့ မလေးရှားယာယီဆေးရုံမှာ လာရောက်ဆေးကုသမှုခံယူသူ လူနာ ၆၀၀ ကျော်ကို ကုသမှု ပေးပြီးပြီလို့ သိရပါတယ်။

ဒီဆေးရုံကို စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်က နှစ်ခုနစ်ရာ ဘောလုံးကွင်းမှာ ဧပြီ ၂၁ ရက်ကစပြီး ဖွင့်လှစ် ကုသပေးနေတာ ဖြစ်ပါတယ်။

ဆေးရုံ စဖွင့်တဲ့ရက်ကနေ ငါးရက်အတွင်း လူနာ ၆၀၀ ကျော် ကုသပေးခဲ့ပြီး ငလျင်နဲ့ဆက်စပ်တဲ့ လူနာကတော့ ၁၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ ဒီ‌ဆေးရုံတာဝန်ခံဖြစ်သူ မလေးရှား တပ်မတော်က ဗိုလ်မှူးကြီး ဒေါက်တာ အာမက် ဖာဟန် အာမက် ဖူအက်က ဘီဘီစီကို ပြောပါတယ်။

ကျန်တဲ့ လူနာတွေကတော့ အထွေထွေ လာပြသူတွေဖြစ်ပါတယ်။

ဒါကြောင့် ဆေးရုံဖွင့်ချိန်ကနေ ဒီနေ့ ဧပြီလ ၂၇ ရက်အထိဆိုရင် နေ့စဥ် လူနာ ၁၀၀ ကျော် လာရောက် ကုသယူခံယူနေတာလို့ နားလည်ရပါတယ်။

ဘီဘီစီအဖွဲ့ရောက်ရှိချိန်မှာ လူနာတစ်ဦးကို ခွဲစိတ်ကုသပေးနေတာတွေ့ခဲ့ရသလို အရေးပေါ်ကြပ်မတ် ကုသခန်းထဲမှာလည်း ကုသမှုပေးနေသူ နှစ်ဦးကို တွေ့ခဲ့ရပါတယ်။

မလေးရှားယာယီဆေးရုံမှာ ရွေ့လျား ဓာတ်မှန်ခန်း၊ အထူးကြပ်မတ်ကုဆောင်၊ ခွဲစိတ်ခန်းတွေပါဝင်ပြီး မေ့ဆေး၊ ခွဲစိတ်၊ အရိုးစတဲ့ အထူးကုဆရာဝန်တွေ အပါအဝင်မလေးရှားတပ်မတော်က ဆရာဝန်နဲ့ ဆေးအကူ စုစုပေါင်း ၆၉ ဦးနဲ့ ၂၈ ရက်ကြာ ဖွင့်လှစ်ထားမယ်လို့ သိရပါတယ်။

မလေးရှားဆေးရုံကို စစ်ကောင်စီထိန်းချုပ်ဧရိယာ မဟုတ်တဲ့နေရာတွေမှာ သွားရောက်ဖွင့်လှစ်ဖို့ အခြေအနေ သိရှိပါသလားဆိုတာနဲ့ပတ်သက်လို့တော့ တိကျတဲ့ညွှန်ကြားချက်မရသေးဘူးလို့ ဗိုလ်မှူးကြီးက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့မြန်မာလူထုကို ခွဲခြားမှုမရှိဘဲ လိုအပ်တဲ့ဆေးကုသမှုတွေကို တန်းတူညီမျှပေးအပ်နိုင်ဖို့ မလေးရှားယာယီဆေးရုံကိုအသင့်ပြင်ဆင်ထားတယ်လို့ ဗိုလ်မှူးကြီးက ပြောပါတယ်။

မန္တလေး ငလျင်ဒဏ်သင့်သူတွေကို ကူညီဖို့ ကျန်းမာရေးဝန်ထမ်း တတိယမြောက်အသုတ်ကို ထိုင်းစေလွှတ်

မန္တလေးက ငလျင်ဒဏ်သင့်လူထုကို ကူညီဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ လေယာဥ်စီး ထွက်ခွာမယ့် ထိုင်းကျန်းမာရေးနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှာ  မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး

မတ်လ ၂၈ ရက် ငလျင်ကြောင့် လူထိခိုက်သေဆုံးမှုများခဲ့တဲ့ မန္တလေးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ဆရာဝန်တွေပါဝင်တဲ့ တတိယမြောက် အသုတ်ကို စေလွှတ်လိုက်ပြီလို့ ထိုင်းဘက်က ကြေညာပါတယ်။

တတိယမြောက် စေလွှတ်လိုက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အသုတ်မှာ ဆရာဝန်တွေအပါအဝင် လူပေါင်း ၃၈ ဦးနဲ့ ထိုင်းတပ်မတော်က ၂၅ ဦး စုစုပေါင်း ၆၃ ဦး ပါဝင်တယ်လို့ မြန်မာမှာရှိတဲ့ ထိုင်းသံရုံးက ဧပြီလ ၂၆ ရက်မှာ ကြေညာပါတယ်။

အခုတစ်ခေါက် စောင့်ရှောက်မှုပေးမယ့်အဖွဲ့ဟာ ငလျင်ဒဏ်သင့်လူထုကြား ကူးစက်နိုင်တဲ့ရောဂါ ပျံ့နှံ့မှုကို ကာကွယ်ဖို့၊ နေထိုင်စရာလုံခြုံရေးအပိုင်းနဲ့ ရေသန့်ရှင်းရေးတွေကို အဓိက လုပ်ဆောင်ကြလိမ့်မယ်လို့ ထိုင်းပြည်သူကျန်းမာရေးဌာန ပြောခွင့်ရသူကို ကိုးကားပြီး ဘန်‌ကောက်ပို့စ် သတင်းဌာန သတင်းဖော်ပြပါတယ်။

ငလျင်အလွန်ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်တဲ့ လူပေါင်း ၂,၀၀၀ ကျော် ကူးစက်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့် ရေသန့်ထုတ်စက်ကိုလည်း တပ်သွားဖို့ရှိမယ်လို့ သတင်းက ဆိုပါတယ်။

ထိုင်းက အခုတစ်ခေါက်စေလွှတ်တဲ့အထဲမှာ အရေးပေါ် ကယ်ဆယ်ရေး ဒုတိယအသုတ်လည်း ပါဝင်ပြီး မြန်မာမှာရှိနှင့်နေပြီးသားအဖွဲ့ကတော့ ထိုင်းကို မနေ့မှာ ပြန်ရောက်မယ်လို့လည်း ဆိုပါတယ်။

လာမယ့် ၅ ရက် အတွင်း မိုးကြီးတာ အပြင် မိုးကြိုးပစ်တာတွေပါ ဖြစ်နိုင်တယ်လို့ မိုးဇလသတိပေး

မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ဧပြီ ၂၈ ရက်ကနေ မေ ၃ ရက်အတွင်း အချိန်အခါမဟုတ် မိုးအပြင် မိုးကြိုးပစ်တာတွေပါ ဖြစ်နိုင်တာကြောင့် သတိထားဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အနောက်ဘက်နဲ့ အရှေ့ဘက်က ရွှေ့လာတဲ့ လေပွေလှိုင်းအရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က လေနွေးတွေနဲ့ ၊ တရုတ်ပြည်မကြီးပေါ်က လေဖိအားနည်းရပ်ဝန်းကနေ ရွှေ့လာတဲ့ လေအေးတွေ တွေ့ဆုံတာကြောင့် ဆိုပါတယ်။

ဒါ့ကြောင့် လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးဇလ သတိပေးထုတ်ပြန်တာ ဖြစ်ပါတယ်။

ဧပြီ ၂၈ ရက်မှာ တနင်္သာရီ၊ ကချင်၊ ရှမ်းတို့မှာ နေရာစိပ်စိပ်၊ ရန်ကုန်၊ ဧရာဝတီ၊ ကရင်၊ မွန်နဲ့ ရှမ်းအရှေ့ပိုင်းတို့မှာ မိုးထစ်ချုန်းရွာမှာဖြစ်တယ်လို့လည်း ဧပြီ ၂၇ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဧပြီ ၂၇ ရက်မှာ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ မိုးသည်းသည်း ရွာတာကြောင့် အပူဒဏ်လျော့သွားတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။