အောက်တိုဘာ ၁၉ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်- ဒေါ်ရွက်နုအောင်ရရှိတဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆု NUG ဝန်ကြီး ကိုယ်စားယူပေး

ဓာတ်ပုံ ရင်းမြစ်, ဦးအောင်မျိုးမင်း
ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ကို အီတလီနိုင်ငံအခြေစိုက် IDHAE လူ့အခွင့်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ပေးအပ်ပွဲကို အောက်တိုဘာ ၁၈ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့မှာ ကျင်းပခဲ့ပါတယ်။
ဒေါ်ရွက်နုအောင်ဟာ မန္တလေးအိုးဘိုအကျဥ်းထောင်ထဲမှာ အကျဥ်းကျနေတဲ့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စား ဆုလက်ခံယူ ပေးခဲ့ပါတယ်။
“ကြားနာမှုမရှိဘဲ ဘယ်သူမှစီရင်ပိုင်ခွင့်မရှိဘူး” ဆိုတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ပြောဆိုခဲ့ဖူးတဲ့ စကားကို လည်း NUG လူ့အခွင့်အရေးဝန်ကြီးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ဟာ မကြာသေခင်က ကွယ်လွန်သွားတဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေဖြစ်ပြီး ၂၀၂၂ ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ဒေါ်ရွက်နုအောင်ဟာ နိုင်ငံကျော်အမှုတစ်ခုဖြစ်တဲ့ နေပြည်တော်က ဗစ်တိုးရီးယား အမှုမှာလည်း နစ်နာသူ ကလေးငယ်ဘက်က ရှေ့နေလိုက်ပေးခဲ့သူဖြစ်ပါတယ်။
ဒေါ်ရွက်နုအောင်ကို ပုဒ်မ- ၅၀(ည) (အကြမ်းဖက်မှုတွေအတွက် ငွေကြေး ထောက်ပံ့မှုဆိုင်ရာပြစ်မှု)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ်ချမှတ်ထားတာဖြစ်ပါတယ်။ ဒီဆုကို ၂၀၀၈ ခုနှစ်တုန်းက မြန်မာရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအေးမြင့်လည်း ရရှိခဲ့ဖူးပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ နဲ့ ဥရောပကောင်စီ လွှတ်တော်အမတ်တို့ကို သီးသန့်တွေ့ဆုံခဲ့ပြီး စစ်ကောင်စီ က ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီလမ်းကြောင်းကို ဆောင်ကျဉ်းနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
စစ်ကောင်စီ ကို ကုလလုံခြုံရေးကောင်စီကနေ တဆင့် ICC ကို လွှဲပေးဖို့ ဦးကျော်မိုးထွန်း တောင်းဆို

စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေတဆင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို လွှဲအပ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တောင်းဆိုလိုက်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အောက်တိုဘာလ ၁၆ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပနေတဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ "ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူ၏ နယ်ပယ်နှင့် အသုံးချမှု" ဆွေးနွေးပွဲ မိန့်ခွန်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှုနဲ့ တိုက်လေယာဉ်ဆီ ထောက်ပံ့တာတွေကို အရေးယူပိတ်ဆို့ပေးဖို့ကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလနဲ့နိုင်ငံတကာ ကို တောင်းဆိုခဲ့ပါတယ်။
ဒါအပြင် မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ စစ်ကောင်စီ ပြည်ထောင်စုရှေ့နေချုပ် အပါအဝင် တရားစီရင်ရေးနဲ့ ဥပဒေကဏ္ဍကို ဦးဆောင်နေသူတွေ ပါဝင်ပတ်သက်မှုရှိနေတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောခဲ့ပါတယ်။
အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး (UN OHCHR) Mr. Volker TÜRK နဲ့ အောက်တိုဘာ ၁၆ ရက်နေ့က သီးသန့်ဆွေးနွေးခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်တာ၊ အလုံးအရင်းနဲ့ ဖမ်းဆီးတာနဲ့ ဥပဒေမဲ့သတ်ဖြတ်တာတွေစတဲ့ လူသားမဆန်မှုရဲ့ အတိမ်အနက်ကိုပြသနေသလို ပြည်သူတွေ အရင်းအနှီး အကြီးမားဆုံး ပေးဆပ်နေရပြီး ရိုဟင်ဂျာအသိုက်အဝန်းအတွက်လည်း လုံခြုံစွာမှီခိုနိုင်တဲ့ အခြေအနေမရှိဘူးလို့ UN OHCHR အကြီးအကဲ Mr. Volker က ပြောပါတယ်။
မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အကြီးဆုံးစိန်ခေါ်မှုဟာ စိတ်ကျန်းမာရေး ပြဿနာဖြစ်ပြီး အကြောက်တရား၊ စိုးရိမ်ကြောင့်ကြမှုတွေပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေရတယ် လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက UN OHCHR အကြီးအကဲကို ပြောခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ အထူး အစီရင်ခံစာတင်သွင်းသူနဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) တို့ဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေအပေါ် ရေရှည်အဖြေရှာနိုင်ဖို့နဲ့ ထိခိုက်ခံစားခဲ့ရသူတွေ အပါအဝင် ပြည်သူရဲ့ တရားမျှတကို ဖော်ဆောင်ပေးတဲ့ နေရာမှာ အရေးကြီးတာကြောင့် ရန်ပုံငွေအလုံအလောက်နဲ့ ထောက်ပံ့မှုတွေလုပ်ပေးဖို့ကိုလည်း “၂၀၂၅ ခုနှစ်အတွက် ကုလသမဂ္ဂပုံမှန်ဘဏ္ဍာငွေအဆိုပြုမှု” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်။
စစ်အာဏာသိမ်း (၄) နှစ်တာကာလအတွင်း စစ်ကောင်စီကြောင့် လူပေါင်း ၅,၈၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံ့လူဦးရေ၏ ၃.၄ သန်းကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။
ဒါအပြင် လူဦးရေ ၁၈.၆ သန်း ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးတကြီး လိုအပ်နေပြီး အများစုဟာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေဖြစ်သလို နေအိမ်ပေါင်း ၁ သိန်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။
မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဗုံးပစ်ခံရ

ဓာတ်ပုံ ရင်းမြစ်, KTN
မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး အောက်တိုဘာလ (၁၈)ရက် ညနေပိုင်းက ဗုံးပစ်ခံရလို့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာ ဘီဘီစီအနေနဲ့အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီတပ်တွေကတော့ ကောင်စစ်ဝန်ချုပ်ရုံးအနီးက လမ်းတွေကို ပိတ်ဆို့ရှာဖွေခဲ့တယ် လို့ ရုံးတည်ရှိရာ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ရပ်တည်မှုနဲ့ပတ်သက်လို့ စစ်တပ်ထောက်ခံသူတွေရော အာဏာသိမ်းမှုဆန့်ကျင်သူတွေပါ ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ဖူးတာဖြစ်ပေမဲ့ အခုလို တိုက်ခိုက်မှုကတော့ ရှားရှားပါးပါးဖြစ်စဉ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးမှုဖြစ်ပေါ်ပြီးနောက်ပိုင်း တရုတ်သံရုံးအနီးမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့လို့ လုံခြုံရေးတင်းကျပ်ပေးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရန်ကုန်ရော မန္တလေးမှာပါ ဖြစ်ခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံက မြန်မာပြည်တွင်းရေးကိုစွက်ဖက်နေတယ်ဆိုတဲ့ ပြစ်တင်မှုတွေ နဲ့ပတ်သက်လို့ တရုတ်သံရုံးဘက်က ‘’တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်တယ်’’ လို့ သံရုံးက စက်တင်ဘာ ၁၄ က တုန့်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနဲ့ နယ်မြေတည်တံ့မှု ထိန်းသိမ်းကာကွယ်ခြင်းကို ခိုင်မာစွာထောက်ခံအားပေးတယ် လို့ သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နဲ့ သံအမတ်ကြီး မစ္စ မာကျားတို့က စစ်ကောင်စီနဲ့တွေ့တိုင်း မြန်မာပြည်ထဲက တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေး နဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ တောာင်းဆိုနေခဲ့တာဖြစ်ပါတယ်။
ပန်ဝါမြို့ကို KIA ထိန်းချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်က ပန်ဝါမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီး မြို့ပေါ်မှာ နယ်မြေရှင်းလင်းရေးတွေဆက်လုပ်နေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီ ကို ဒီကနေ့ မနက်ပိုင်းက ပြောပါတယ်။
မနေ့ညပိုင်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာတော့ ပန်ဝါမြို့ထဲကို KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်လာတာကိုတွေ့ရပါတယ်။
ဦးဇခုန်တိန့်ယိန်းခေါင်းဆောင်တဲ့ ကချင်ပြည်နယ် အထူးဒေသ (၁) ပန်ဝါမြို့ပေါ်နဲ့ ၁၀ မိုင်အကွာ မှာရှိတဲ့ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်( မြို့စောင့်တပ်) ကို ကချင်လွတ်လပ်ရေးတပ် KIA/PDF ပူးပေါင်းတပ်တွေပြီးခဲ့တဲ့ ရက်ပိုင်းက ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် မနေ့ညနေပိုင်းကစပြီး မြို့ပေါ်အထိ နယ်မြေရှင်းလင်းရေးတွေဆက်လုပ်လာနိုင်တာလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လက်ရှိအချိန်မှာ ပန်ဝါမှာ ကချင်ပြည်နယ် အထူးဒေသ (၁) ရဲ့ နယ်ခြားစောင့် တပ်စခန်း အနည်းငယ် တော့ ကျန်နေသေးတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က ဘီဘီစီ ကိုပြောပါတယ်။
ပန်ဝါမြို့မှာစစ်ဘေးရှောင် ၂ ထောင်နီးပါးလောက်ဟာ တရုတ်-မြန်မာ နယ်စပ်ဂိတ် တလျှောက်မှာ ပိတ်မိနေပြီး ရွက်ဖျင်တဲတွေထိုးပြီးနေ နေရတယ်လို့လည်း ပန်ဝါမြို့ခံ တွေကပြောပါတယ်။
“ပန်ဝါမှာ ညဘက်ဆို နှင်းကျနေပြီ။ ရာသီဥတုက အရမ်းအေးတော့ အနွေးထည် ၃ ၄ ထပ်လောက် ဝတ်ထားရတယ်။ တည်းခိုခန်း ရတဲ့သူကျတော့လည်း တည်းခိုခန်းပေါ့။ မရတော့လည်း လမ်းဘေးမှာ အိပ်ရတယ်”လို့ ပန်ဝါမြို့ခံတစ်ဦး က ဘီဘီစီ ကိုပြောပါတယ်။
ပန်ဝါမြို့တစ်ဘက်ခြမ်းမှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်မှာတော့ တရုတ်စစ်သားနဲ့ ရဲတွေ လုံခြုံရေးယူထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
မူခင်းဖော်ထုတ်တဲ့အဆင့်မြင့်နည်းပညာပေးဖို့ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးအစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, နိုင်ငံခြားရေးဝန်ကြီးဌာန
အုပ်စုဖွဲ့ကျူးလွန်တဲ့ မှုခင်းတွေကို ဖော်ထုတ်တိုက်ဖျက်နိုင်ဖို့ အကူအညီလိုအပ်နေတဲ့ နိုင်ငံတွေကို နိုင်ငံတကာအနေနဲ့ အဆင့်မြင့်နည်းပညာနဲ့ နည်းပညာဆိုင်ရာကိရိယာတွေ ပံ့ပိုးပေးဖို့လိုတယ်လို့ မြန်မာ သံအမတ်ကြီး ဦးမင်းသိမ်း က ပြောလိုက်ပါတယ်။
နိုင်ငံ ဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNTOC)ရဲ့ ၁၂ ကြိမ်မြောက် ညီလာခံကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ အောက်တိုဘာ ၁၄ ကနေ ၁၈ ရက်နေ့ထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဗီယင်နာမြို့အခြေစိုက်ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့ အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက အထွေထွေမူဝါဒရေးရာဆွေးနွေးမှုကဏ္ဍမှာ မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါအပြင် အွန်လိုင်းလိမ်လည်မှုတွေနဲ့ အွန်လိုင်းလောင်းကစားမှုတွေဟာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေအတွက် ကြီးမားတဲ့ ပြဿနာဖြစ်နေပြီး မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းလိမ်လည် မှုတွေကို အခြားနိုင်ငံတွေနဲ့ ပူးပေါင်းနှိမ်နင်းနေတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းအားလုံးကို တိုက်ဖျက်သွားဖို့ ထပ်လောင်း အတည်ပြု ပြီး စွမ်းဆောင်ရည်မြှင့်တင်ပေးတာနဲ့ သတင်းအချက်အလက်မျှဝေမှုစနစ် ပိုမို ကောင်းမွန် လုပ်ဆောင်ဖို့ လိုတယ်လို့လည်း မြန်မာသံအမတ်ကြီးက UNTOC ရဲ့ ဗီယင်နာညီလာခံမှာ ပြောခဲ့တာဖြစ်ပါတယ်။
နောင်ချိုကို စစ်ကောင်စီတပ်က ဗုံးကြဲ၊ ၃ ဦးသေ ၃ ဦး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, TNLA
တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က နောင်ချိုမြို့ကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က ဗုံးလာကြဲလို့ ကလေး ၂ ဦး အပါအဝင် လူ ၃ ဦးသေဆုံးခဲ့ တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး (၂) ကြိမ်လာကြဲခဲ့တာဖြစ်ပြီး နောင်ချို့မြို့ တောင်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ရှင် ဦးကျော်နဲ့အတူ သမီး ၂ ဦးပါ သေဆုံးသွားတယ်လို့လည်း TNLA က ပြောပါတယ်။
နောက်ဗုံးတစ်လုံးကတော့ ဦးပြားဆိုသူရဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးပြားရဲ့ ဇနီး အပါအဝင် လူ (၃) ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်း တိုက်ခိုက်လို့ ဒေသခံပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း TNLA ပြောပါတယ်။
နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။








