အောက်တိုဘာ ၅ ရက်နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- တာချီလိတ်မှာ ယာဉ်တိုက်မှုကထွက်ပြေးတဲ့ကား လူသေတဲ့ဆင့်တိုက်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီနေ့ နေ့ခင်းပိုင်းတုန်းက ဆိုင်ကယ်ကို ဝင်တိုက်ပြီး ထွက်ပြေးတဲ့ကားတစ်စီးဟာ တခြားကားနဲ့ဆိုင်ကယ်တွေကို ဝင်တိုက်လို့ သားအမိ ၂ ဦးသေဆုံးပြီး နောက်ထပ် စိုးရိမ်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဖြစ်စဉ်သိရှိသူတွေက ပြောပါတယ်။
သေဆုံးသူ မိခင်က အသက် ၂၅ နှစ်ဝန်းကျင်ခန့်ရှိပြီး ကလေးကတော့ ၁ နှစ်ခွဲ ဝန်းကျင်လောက် ရှိပါတယ်။
နေရာတင် သေဆုံးသူ သားအမိရဲ့ နာမည်တွေ၊ အသက်တွေကို မသိကြရသေးတာကြောင့် သိသူများရှိရင် ဆက်သွယ်ပေးကြဖို့ကိုလည်း ဦးလှမိုးလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။
"အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ခေါင်းတွေကိုထိထားပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ဒဏ်ရာ အရမ်းမပြင်းဘူး" လို့ ထိခိုက်ဒဏ်ရာ ရသူတွေကို ဆေးရုံပို့ပေးခဲ့တဲ့ ဦးလှမိုးလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ယာဉ်တိုက်မှုဟာ မဟာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်က ဆေးရုံဟောင်းရှေ့မှာ ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး အထက်တန်းကျောင်းရှေ့မှာ နောက်ထပ် ဆင့်ကဲ ယာဉ်တိုက်မှုတွေ ဖြစ်ခဲ့တာလို့ ဖြစ်စဉ်သိရှိသူ တာချီလိတ်မြို့ခံက ပြောပါတယ်။
"(တာချီလိတ်) ရွှေတိဂုံဘုရားခြေရင်းမှာ စတိုက်တာကနေ ထွက်ပြေးရင်းနဲ့ နောက်ထပ်ဆင့်ကဲတိုက်တာ။ အဲဒါကို လမ်းပေါ်မှာရှိတဲ့ လူတွေက ဝိုင်းဖမ်းလို့ အထက်တန်းကျောင်း နားမှာ မိတာ" လို့ မြို့ခံက ပြောပါတယ်။
ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ တရားခံ အမျိုးသား နှစ်ယောက်ကိုလည်း ဖမ်းမိထားပြီး ကားဆင့်ကဲတိုက်မှုမှာ ဆိုင်ကယ်သုံးစီးနဲ့ ကားသုံးစီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စင်္ကာပူမှာ မြန်မာအိမ်အကူတစ်ဦး အိမ်ရှင်ဘဏ်ကတ်ထဲက ငွေထုတ်ယူမှုနဲ့ ထောင်ဒဏ် ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်အကူ အမျိုးသမီးငယ်တစ်ဦးဟာ အိမ်ရှင်ရဲ့ ဘဏ်ကတ်ထဲက ငွေတွေ ထုတ်ယူမှုနဲ့ ထောင်ဒဏ် ၉ လ ချမှတ်ခံလိုက်ရတယ်လို့ စင်္ကာပူကလာတဲ့သတင်းတွေမှာ ဖော်ပြ ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိမ်ရှင်ရဲ့ငွေ စင်္ကာပူ ဒေါ်လာ တစ်သောင်းကျော်ကို ဘဏ်ကတ်ထဲကနေ ထုတ်ယူခဲ့သူဟာ အသက် ၂၅ နှစ်အရွယ် မယဉ်ဆိုသူလို့လည်း သတင်းတွေက ဆိုပါတယ်။
လေဖြတ်လို့ ဘီးတပ်ကုလားထိုင်သုံးပြီး သွားလာနေရတဲ့ အိမ်ရှင်အမျိုးသမီးဟာ မယဉ်ကို ATM ကတ်နဲ့အတူ စကားဝှက်ကို ပေးပြီး ငွေထုတ်ခိုင်းခဲ့အပြီးမှာ မယဉ်က နောက်ပိုင်း ပိုင်ရှင် မသိဘဲ အကြိမ်ကြိမ် ငွေတွေထုတ်ခဲ့တာလို့ စင်္ကာပူသတင်း ရှင်းမင်းနေ့စဉ်သတင်းက ဆိုပါတယ်။
အသက် ၆၈ နှစ်အရွယ် အမျိုးသမီးက လေဖြတ်သွားတာကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး မြန်မာအိမ်အကူကို တစ်လ စင်ကာပူဒေါ်လာ ၅၅၀ ( မြန်မာငွေ ရှစ်သိန်းကိုးသောင်းကျော်)နဲ့ အလုပ်ခန့်ခဲ့တာပါ။
ဒါ့ကြောင့် မြန်မာအိမ်အကူက အိမ်ရှင်ခွင့်ပြုချက်မရှိဘဲ ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ကနေ အောက်တိုဘာ ၃၀ ရက်အတွင်း အကြိမ်ပေါင်း ၁၉ ကြိမ် မှာ ငွေ စင်ကာပူဒေါ်လာ ၁၀၀ ကနေ ၅၀၀ အထိ စုစုပေါင်း ၁၀,၀၀၀ ကျော် ထုတ်ယူခဲ့ပါတယ်။
ဒါကို တူဖြစ်သူက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှာ သတိထားမိပြီး ဘဏ်အကောင့်တွေကို စစ်ကြည့်ချိန်မှာ ခိုးယူခံရတာကို သိရှိခဲ့ပါတယ်။
မယဉ်ဟာ ခိုးယူထားတဲ့ငွေတွေကို အဝတ်အစားတွေ နဲ့ အလှပြင်ပစ္စည်း ဝယ်ယူတဲ့နေရာတွေမှာ သုံးစွဲခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
မယဉ်ကတော့ သူ့ကို သက်ညှာမှုပေးဖို့ တရားရုံးမှာ တရားသူကြီးကို တောင်းဆိုခဲ့သလို မိခင်နိုင်ငံကို အမြန်ဆုံးပြန်ပို့ဖို့လည်းမေတ္တာရပ်ခံထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
KIA နဲ့ PDF တွေကို စစ်တပ်နဲ့လက်တွဲ ချေမှုန်းမယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, ဝါရာဇွပ် ပြည်သူ့စစ်
ကချင်ပြည်နယ်ထဲ လီဒိုလမ်းမကြီးပေါ် အခြေစိုက်ပြီး စစ်တပ်နဲ့အတူ လှုပ်ရှားတဲ့ ဝါရာဇွပ် ပြည်သူ့စစ်ခေါင်းဆောင်က ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို စစ်တပ်နဲ့အတူလက်တွဲပြီး ချေမှုန်းမယ်လို့ ပြောလာပါတယ်။
၄၅ ရက်ကြာ စစ်သင်တန်းပေးခဲ့တဲ့ ပြည်သူ့စစ် အမျိုးသား အမှတ်စဉ် ၈ နဲ့ အမျိုးသမီး အမှတ်စဉ် ၂ သင်တန်းဆင်းပွဲ အခမ်းအနားမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲ ဘယ်နေ့က ပြုလုပ်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ ပြည်သူ့စစ် ခေါင်းဆောင်ရဲ့ မိန့်ခွန်းရုပ်သံ တယ်လီဂရမ်မှာ မြင်တွေ့ရတာကတော့ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ဖြစ်ပါတယ်။
ဝါရာဇွပ် ပြည်သူ့စစ်ခေါင်းဆောင် မိန့်ခွန်းမှာ စစ်တပ်ကို "ညီနောင်တပ်မတော်"ဆိုပြီး ခေါ်ဝေါ်တာကိုလည်း တွေ့ရပါတယ်။
KIA နဲ့ PDF တို့ရဲ့ လက်နက်ကိုင် လမ်းစဉ်ကြောင့် နိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးရတာကြောင့် ချေမှုန်းမှာ သူက မိန့်ခွန်းထဲ စွပ်စွဲ ပြောဆိုသွားပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံကို ဦးဆောင်နိုင်မယ့် ပါတီ၊ ကိုယ်ယုံကြည်ရတဲ့ ပါတီကို မဲပေးရမယ်လို့လည်း မိန့်ခွန်းမှာ ထည့်ပြောသွားတာတွေ့ရပါတယ်။
"မဲက မဖြစ်မနေ ပေးကိုပေးရမယ်။ ပြည်ပကျူးကျော်စစ်ကို မျှော်မှန်းလေ့ကျင့်ရသလို ပြည်တွင်းမှာလည်း နိုင်ငံသား ညီအစ်ကိုချင်းဆိုပြီး ပေါ့ဆလို့မရဘူး။ တိုင်းပြည်ရဲ့ ဆူးငြောင့်ဆိုရင် ပြတ်ပြတ်သားသား ချေမှုန်းခဲ့ရမယ်"ဆိုပြီး ပြောထားတာပါ။
ဝါရာဇွပ် ပြည်သူ့စစ် အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ ကွပ်ကဲမှုအောက်မှာ လှုပ်ရှားတဲ့အဖွဲ့ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ဝါရာဇွပ်ပြည်သူ့စစ်ဟာ ပိုမိုအားကောင်းလာပြီး စစ်ကောင်စီတပ်နဲ့အတူ တိုက်ပွဲဝင်နေသလို စစ်တပ်ကလည်း ဝါရာဇွပ်ပြည်သူ့စစ်ကို ထောက်ပံ့ အင်အားပေးနေတာကို အဲဒီအဖွဲ့နဲ့ဆက်နွှယ်တဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ သတင်းဖော်ပြချက်မှာ တွေ့နိုင်ပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်ဟာ ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမပေါ်က ဝါရာဇွပ်ကျေးရွာ အပါအဝင် ရှဒူးစွပ်၊ စံပြ၊ အောင်ရာ၊ ဘန်ကောက် စတဲ့ ကျေးရွာတွေကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
လီဒိုလမ်းမ လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ ဝါရာဇွပ်နဲ့ ကေအိုင်အေတို့ ပြီးခဲ့တဲ့လပိုင်းတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ထားပါတယ်။
နမ့်ဆန်မြို့နယ်ထဲ စစ်တပ် ဗုံးကြဲလို့ ကလေး ၂ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, TNLA
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်ထဲကို စစ်တပ်က မနေ့က ဗုံးကြဲခဲ့တာကြောင့် ကလေး ၂ ဦးသေဆုံးပြီး နောက်ထပ် ကလေး ၆ ဦးလည်း ဒဏ်ရာရတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ နမ့်ဆန်မြို့နယ်ထဲက ဇယ်တုန်ဟုန်းကျေးရွာကို အောက်တိုဘာ ၄ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ TNLA က ပြောပါတယ်။
စစ်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ အလေးချိန်ရှိတဲ့ ဗုံး နှစ်လုံး ကြဲချခဲ့တာ ဖြစ်ပြီး ဗုံးပေါက်ကွဲတာကြောင့် အသက် ၁၀ နှစ်အရွယ်နဲ့ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးနှစ်ဦး သေဆုံးခဲ့တာပါ။
လူမှုကွန်ရက်မှာ ဒေသခံတချို့ ဖြန့်ဝေထားတဲ့ ရုပ်သံမှတ်တမ်းတွေအရ သေဆုံးသူ ကလေးတွေအနားမှာ မိဘနဲ့ ဆွေမျိုးတွေ ငိုကြွေးနေကြတာကိုလည်း တွေ့ရပါတယ်။
အသက် ၉ နှစ်ကနေ ၁၄ နှစ်အရွယ် ရှိတဲ့ ကလေး ၆ ယောက်နဲ့ အမျိုးသား ၃ ယောက် စုစုပေါင်း ၉ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
နေအိမ် ၁၆ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က ပြောပါတယ်။
စစ်ကော်မရှင်ကို ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ နမ့်ဆန်မြို့နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကို ထောက်ခံကြောင်းပြသတဲ့အရေးအသားတွေ ရေးသားပြောဆိုနေကြပါတယ်။
TNLA ထိန်းချုပ်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲပေါင်း ၆၀ နီးပါး ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲမှုပေါင်း ၂၀၀ နီးပါး ရှိခဲ့တယ်လို့ အောက်တိုဘာ ၅ ရက်မှာ TNLA က ထုတ်ပြန်ပါတယ်။
မြေအောက်လှိုဏ်ခေါင်းဖောက်ပြီး ရွှေခိုးသူကို ဝ ရဲတပ်ဖွဲ့ ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, 'ဝ'ပြည်နယ်တရားစီရင်ရေးကော်မတီ ရဲဌာနရုံး
ရှမ်းပြည်နယ်ထဲ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ က ရွှေဆိုင်တစ်ဆိုင်ကို မြေအောက်လှိုဏ်ခေါင်းဖောက်ပြီး ရွှေဖောက်ထွင်းခိုးယူသူကို ဝ ရဲတပ်ဖွဲ့က ဖမ်းမိတယ်လို့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)ရဲ့ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရမ်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ သတင်းထုတ်ပါတယ်။
နမ့်တစ်မြို့ထဲမှာ စက်တင်ဘာ ၂၈ ရက်က ရွှေဆိုင်တစ်ဆိုင်ဟာ ဆိုင်အောက်မှာ မြေအောက် လှိုဏ်ခေါင်းအတူးခံရပြီး ရွှေတွေ အခိုးခံခဲ့ရတာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ဝ ပြည်နယ် တရားစီရင်ရေးကော်မတီက အရေးပေါ် ကိုင်တွယ်ခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
ရွှေဆိုင်ကို လှိုဏ်ခေါင်းဖောက်ပြီး ခိုးယူတယ်မှုနဲ့ စွပ်စွဲခံရပြီး အဖမ်းခံထားရသူဟာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပါတယ်။
ရွှေဆိုင်ကနေ ရွေတွေ ခိုးသွားတဲ့သူကို ဖမ်းဆီးရမိဖို့ ဝ ရဲတပ်ဖွဲ့ဝင် အင်အားသုံးခဲ့သလို ပုန်းအောင်းနေနိုင်တဲ့နေရာတွေကို စုံစမ်းနိုင်အောင် ခေတ်မီစုံစမ်းစစ်ဆေးရေး နည်းပညာတွေကို သုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ခိုးယူသူ ပုန်းအောင်းနေတဲ့ နေရာကို သိရှိပြီး ရွှေထည်လက်ဝတ်ရတနာ ပစ္စည်းတွေကို ပြန်သိမ်းဆည်းနိုင်ခဲ့သလို တချို့ ရွှေထည်တွေကိုတော့ ရောင်းချခဲ့တာကို သိရှိရတယ်လို့ ၀ ပြင်ပ ဆက်ဆံရေးအရာရှိ ဦးညီရမ်းက သူ့ ပို့စ်မှာ ရေးပါတယ်။
ဝ ပြည်နယ် တရားစီရင်ရေး ကော်မတီကနေ ရာဇဝတ်မှု ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူနိုင်ဖို့ ဆက်လုပ်မယ်လို့ သူက ရေးပါတယ်။
ဝ တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပြန်ပေးဆွဲမှု၊ ခိုးမှု၊ လုယက်မှု အပါအဝင် ရာဇဝတ်မှုတွေကို အများပြည်သူ လူစုလူဝေးရှေ့မှာ စီရင်ချက်ချပြီး ပြစ်ဒဏ်ပေးလေ့ရှိပါတယ်။











