မိုဒီ “သူခိုးတွေ” လို့ ပြောလို့ အိန္ဒိယ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူး ဂန္ဒီ ထောင်ဒဏ်ချခံရ
ချာရဲလ်လင်း မိုလန် နဲ့ စူတစ် ဘစ်ဝပ်စ်
ဘီဘီစီ သတင်း၊ မွန်ဘိုင်း နဲ့ ဒေလီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အသရေဖျက် ရာဇဝတ်မှုနဲ့ အိန္ဒိယရဲ့ အတိုက်အခံပါတီခေါင်းဆောင် ရာဟူး ဂန္ဒီ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပါတယ်။
၂၀၁၉ က ရွေးကောက်ပွဲစည်းရုံးရေး လူစုဝေးပွဲအတွင်း ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီရဲ့ မျိုးရိုးနာမည်ကိုခေါ်ကာ သူ မှတ်ချက်စကားတွေ ပြောခဲ့တဲ့အပေါ် ဂူဂျာရတ်က တရားရုံးကနေ မစ္စတာ ဂန္ဒီ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာပါ။
ထောင်ထဲကို သူ ချက်ချင်း အပို့ခံရတာတော့ မဟုတ်သေးပါဘူး။ အာမခံ ရက်ပေါင်း ၃၀ ရပြီး ချမှတ်တဲ့ ထောင်ဒဏ်အပေါ် သူ အယူခံတင်ပါလိမ့်မယ်။
ကွန်ဂရက်ပါတီက လွှတ်တော်အမတ်လည်းဖြစ်တဲ့ သူဟာ ပြစ်ဒဏ်ချမှတ်ခံရစဉ်မှာ တရားရုံးမှာ ရှိနေပြီး ဒီ အဖြစ်က အထွေထွေရွေးကောက်ပွဲ မတိုင်မီ တနှစ် အလို ကာလမှာ ဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၁၉ ခုနှစ် ဧပြီလက ကာနာတက်ကာ ပြည်နယ်မှာ မဲဆွယ် စုရုံးပွဲတခုအတွင်း မိန့်ခွန်းပေးစဉ် မစ္စတာ ဂန္ဒီက “ သူခိုးတွေ အားလုံးက ဘယ်လိုဖြစ်ပြီး မိုဒီဆိုတဲ့ မျိုးရိုးနာမည်ကို ရနေလဲ မသိဘူး၊ နီရက် မိုဒီ၊ လာလစ် မိုဒီ၊ နာရင်ဒရာ မိုဒီ... “ လို့ ပြောခဲ့ပါတယ်။
နီရက် မိုဒီက အိန္ဒိယ စိန် သူဌေး ဝရမ်းပြေးဖြစ်ပြီး၊ လာလစ် မိုဒီက အိန္ဒိယ ခရစ်ကက် ပရီးမီးယား လိခ်ရဲ့ အကြီးအကဲဖြစ်ခဲ့ကာ သူ့ကို နိုင်ငံရဲ့ ခရစ်ကစ် အားကစား ဘုတ် အဖွဲ့ ကနေ ရာသက်ပန် ထုတ်ပယ်ထားပါတယ်။ သူ့ မှတ်ချက်စကားတွေက အဂတိ လိုက်စားမှုတွေအပေါ် မီးမောင်းထိုးပြဖို့ ရည်ရွယ်တာဖြစ်ပြီး ဘယ် လူ့အသိုင်း အဝိုင်း ကိုမှ ဆန့်ကျင်ပြောနေတာ မဟုတ်ဘူးလို့ မစ္စတာ ဂန္ဒီက ပြန်ချေပ ထားပါ တယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရာဟူး ဂန္ဒီကို တရားစွဲတာက အာဏာရ ဘီဂျေပီ ပါတီက လွှတ်တော် အမတ် တယောက် ဖြစ်တဲ့ ပါနက်ရှ် မိုဒီဖြစ်ပြီး သူက မစ္စတာ ဂန္ဒီရဲ့ စကားတွေဟာ မိုဒီ မျိုးရိုး နာမည်ရှိတဲ့ လူ့အသိုင်းအဝိုင်းတခုလုံးကို အသရေ ဖျက်လိုက်တာလို့ ဆိုပါတယ်။
အခု အမိန့်ချမှတ်မှုနဲ့ ပတ်သက်ပြီး တချို့က ပြန်ပြီး အမေးထုတ်စရာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဥပဒေ ကျွမ်းကျင်သူ ဂူတမ် ဘာရှာ က “ လူပုဂ္ဂိုလ်တွေရဲ့ ရင်းမြစ်ကို - ဒီ ကိစ္စမှာ တော့ မျိုးရိုးနာမည်ပေါ့၊ ဒါကို စုပေါင်းပြီး ရည်ညွှန်းပြောတာတွေက လူပုဂ္ဂိုလ်တွေ ကို တိုက်ရိုက် ရည်ညွှန်းတာ မဟုတ်တဲ့အတွက် အရေးယူနိုင်တဲ့ အထဲမှာ မပါဘူး” လို့ တွိ လုပ် ပါတယ်။
“ဆိုပါတော့၊ လူတယောက်က ရှေ့နေတွေ အားလုံးဟာ သူခိုးတွေချည်းပဲလို့ ပြောမယ်။ ကျွန်တော်ကလည်း ရှေ့နေတယောက်၊ အဲဒီမှာ ဒါဟာ ကျွန်တော့်ကို ရည်ရွယ်ပြီး ပြောတာလို့ သက်သေ မပြနိုင်ရင် အခုန ပြောတဲ့သူကို ကျွန်တော် တရားစွဲလို့ မရပါဘူး” လို့လည်း မစ္စတာ ဘာရှာက ဆိုပါတယ်။
ဗြိတိသျှ ကိုလိုနီ လက်ထက်ကတည်းက ရှိနေခဲ့တဲ့ အိန္ဒိယရဲ့ ဒီ အသရေဖျက်မှု ဥပဒေဟာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပါက ထောင်ဒဏ် ၂ နှစ် ထိဖြစ်စေ၊ ဒဏ်ငွေ ဖြစ်စေ၊ ၂ မျိုးလုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ထောက်ခံသူတွေက ဒီဥပဒေဟာ လွတ်လပ်မှု အခြေခံမူတွေကို ဆန့်ကျင်တယ်လို့ ဆိုပြီး နိုင်ငံရေးသမားတွေက သူတို့ကို ဝေဖန်တဲ့ သူတွေကို အသံတိတ်သွားအောင် လုပ်တဲ့နေရာမှာ သုံးတဲ့ ဥပဒေလို့ ထောက်ပြကြ ပါတယ်။
၂၀၁၆ ခုနှစ်အတွင်း မစ္စတာ ဂန္ဒီအပါအဝင် အိန္ဒိယ ထိပ်တန်းနိုင်ငံရေးသမား တချို့က ဒီ အသရေဖျက်မှု ဆိုတာကို ရာဇဝတ်မှု မဟုတ်ကြောင်း ပယ်ဖျက်ပေးဖို့ ဥပဒေ ဆိုင်ရာ လမ်းကြောင်း အရ ပန်ကြား တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယရဲ့ အဆင့်အမြင့်ဆုံး တရားရုံးက “လွတ်လပ်စွာပြောဆိုခွင့်ဆိုတာဟာ နိုင်ငံသား တယောက်က တခြားတယောက်ကို အသရေဖျက်နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး” လို့ မှတ်ချက် ချကာ ဒီဥပဒေကို ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။
မစ္စတာ ဂန္ဒီက အယူခံတင်မယ်၊ “တို့ တိုက်ပွဲဝင်မယ်၊ အနိုင်ရမယ်” လို့ ကွန်ဂရက် ပါတီက တွိလုပ်ထားပါတယ်။
ဒီအရေးနဲ့ ပတ်သက်ကို့ မစ္စတာ ဂန္ဒီက လူသိရှင်ကြား တခုမှ မပြောသေးပေမဲ့ အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင် မဟတ္တမ ဂန္ဒီက ပြောထားတဲ့ စကားတခုကို ဟိန္ဒီဘာသာစကားနဲ့ တွိလုပ်ပါတယ်၊ အဲဒါကတော့ “ကျွန်ုပ်ရဲ့ ကိုးကွယ်ယုံကြည်မှု ဘာသာတရားက အမှန်တရားနဲ့ အကြမ်းမဖက်မှု အပေါ်မှာ အခြေခံပါတယ်။ အမှန်တရားဟာ ကျွန်ုပ်ရဲ့ ဘုရားဖြစ်ပြီး အမှန်တရားကို ရဖို့ နည်းက အကြမ်းမဖက်တဲ့နည်းလမ်းပါ။ ”
အမိန့်ချ ခံရပြီးတဲ့နောက် မစ္စတာ ဂန္ဒီက “ဒီမိုကရေစီကို အလေးထားလို့” သူဒီမိန့်ခွန်း ကို ပြောခဲ့တာလို့ တရားသူကြီးကို ပြောခဲ့ကြောင်း သူ့ရဲ့ ရှေ့နေ ကာရစ် ပန်ဝါလာက ဘီဘီစီ ဂူဂျာရတ်ဘာသာဌာနကို ပြောပါတယ်။
မစ္စတာ ဂန္ဒီအမှုကို အချက် ၄ ချက်အပေါ် အခြေခံပြီး သူတို့ ချေပခုခံခဲ့ကြောင်း လည်း သူက ပြောရာမှာ “ပထမ ကတော့ မစ္စတာ ဂန္ဒီဟာ ဂူဂျာရတ် ပြည်နယ်ဒေသခံ မဟုတ်ဘူး။ ဒါကြောင့် အမှုစွဲတင်ချိန်က ဒီအပေါ် စုံစမ်းစစ်ဆေးတာကို လုပ်သင့်တယ်။”
“နောက်တချက်ကတော့ မိုဒီလို့ အမည်တပ်ခေါ်ထားတဲ့ လူ့အသိုင်းအဝိုင်းဆိုတာ မရှိဘူး။ တတိယကတော့ မိုဒီ မျိုးရိုးနာမည်နဲ့ လူတွေ စုဖွဲ့ထားတာမျိုးလည်း မရှိဘူး။ နောက်ဆုံးအချက်ကတော့ မစ္စတာ ဂန္ဒီရဲ့ မိန့်ခွန်းထဲမှာ မလိုမုန်းထားတာတွေ မပါ ပါဘူး။ “
တရားရုံး ဆုံးဖြတ်ချက်ထွက်လာတဲ့အခါ မစ္စတာ ဂန္ဒီရဲ့ လက်ရှိ လွှတ်တော်အမတ် ဆိုတဲ့ အဆင့်အတန်းက ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို တချို့က အမေးထုတ်ကြ ပါတယ်။
အသရေဖျက်တာဆိုတာက လက်ရှိ အမတ် ဆိုတဲ့ အဆင့်အတန်းကို အိန္ဒိယမှာ ပယ်ဖျက် လိုက်လို့ မရပါဘူး။ အမုန်းတရား ဖြန့်ချိတာကနေ ရွေးကောက်ပွဲ မသမာမှုတွေအထိ စတဲ့အမှုတွေနဲ့သာ အမတ်နေရာကနေ ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် ကျူးလွန်မှု တခုခုကြောင့် ထောင်ဒဏ် ၂နှစ်နဲ့ အထက် ကျခံရပြီဆိုရင်တော့ အမတ် နေရာကနေ ဖယ်ရှားခံရမှာပါ။
မစ္စတာ ဂန္ဒီက နေရူး-ဂန္ဒီ နိုင်ငံရေး မိသားစုမျိုးဆက်ကနေ ဆင်းသက်လာတာ ဖြစ်ပြီး သူ့ ရဲ့ အဘိုး၊ သူ့ရဲ့ အဘွား၊ သူ့ရဲ့ အဖေ တို့က အိန္ဒိယမှာ ဝန်ကြီးချုပ်တွေ ဖြစ်ခဲ့တာပါ။ သူ့ရဲ့ အဘိုးဖြစ်သူ ဂျဝါဟာလာ နေရူးက အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သလို နိုင်ငံမှာ ဝန်ကြီးချုပ် တာဝန်ကို အရှည်ကြာဆုံး ထမ်းဆောင်ခဲ့သူပါ။ သူ့ဖခင် ရာဂျစ် ဂန္ဒီက အိန္ဒိယမှာ အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။
သူတို့ရဲ့ နိုင်ငံရေးပါတီ ကွန်ဂရက်ပါတီက ၁၉၄၇ နဲ့ ၂၀၁၄ ခုနှစ်ကြား နှစ်တချို့က လွဲလို့ အိန္ဒိယကို ဆက်တိုက် အုပ်ချုပ်လာခဲ့တာပါ။ ၂၀၁၄ မှာတော့ မိုဒီရဲ့ ဘီဂျေပီ ပါတီက သောင်ပြိုကမ်းပြို အနိုင်ရပါတယ်။ အဲဒီအချိန် ကတည်းက ကွန်ဂရက် ပါတီက အတိုက်အခံနေရာကို ရောက်ခဲ့ပြီး ၂၀၁၉ ရွေးကောက်ပွဲ မှာလည်း ဘီဂျေပီ ပါတီကို သူတို့ ရှုံးနိမ့်ခဲ့ပါတယ်။








