နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီဝင် ၁၁ ဦးအထိ ဖယ်ရှားခံရ

ဓာတ်ပုံ ရင်းမြစ်, cincds
အဂတိလိုက်စားမှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နဲ့ တိုင်ကြားမှုတွေရှိနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ကို စစ်ကောင်စီထဲကနေ စက်တင်ဘာ ၂၆ ရက်မှာ ဖယ်ရှားလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်ခွဲအတွင်း အရပ်ဘက်ရော စစ်ဘက်ကပါ ဖယ်ရှားခံရတဲ့ ကောင်စီဝင် ၁၁ ဦး အထိ ရှိလာခဲ့ပါပြီ။
စွပ်စွဲခံထားရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးကို ကနဦး အရေးယူမှုပြုလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကတော့ စစ်ကောင်စီဝင်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ပါဖြစ်လို့ သူ့ကို ဝန်ကြီးရာထူးကပါ ဖယ်ရှားလိုက်ပါတယ်။
စစ်ကောင်စီထဲက တပ်ကောင်စီဝင်နှစ်ဦးနေရာကို ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး နဲ့ စစ်ခေါင်းဆောင်ရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစော တို့ အစားဝင်လာပါတယ်။
လူယုံတွေထပ်ထည့်တဲ့ စစ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, cincds
ကြည်းတပ်ရဲ့ နံပါတ် (၄) ခေါင်းဆောင် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ကို စစ်ခေါင်းဆောင်က အထူးအရေးပေးခဲ့လို့ အနာဂတ်မှာ သူ့နေရာကို ဆက်ခံမယ့်လူလို့ မြန်မာစစ်တပ်ကို လေ့လာစောင့်ကြည့်နေသူတွေက သုံးသပ်ခဲ့ကြပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ယုံကြည်စိတ်ချရသူဖြစ်လို့ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် နဲ့ ပြည်ထဲရေးဝန်ကြီး နေရာတွေကို တာဝန်ယူခဲ့ရပါတယ်။
ဒီ စစ်ဗိုလ်ချုပ်နှစ်ယောက်ကို ကောင်စီထဲက ဖယ်ရှားလိုက်ရချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့ လူယုံနှစ်ဦး ကို သူတို့ရဲ့နေရာတွေမှာ အစားထိုးထည့်လိုက်ပါတယ်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစော တို့ စစ်ကောင်စီ အဖွဲ့ဝင်တွေ ဖြစ်လာပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဟာ စစ်တက္ကသိုလ်အပတ်စဉ် (၂၅) ဆင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နဲ့ အပတ်စဉ်တူပါတယ်။
သူဟာ စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာတာဖြစ်ပြီး နှစ်နှစ်ခွဲကျော်မှသာ စစ်ကောင်စီထဲကို ရောက်လာတာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးတွေတောင် စစ်ကောင်စီထဲပါနေတဲ့ အချိန်မှာ စစ်တပ်ရဲ့ နံပါတ်(၃) အဆင့် ရှိသူတစ်ဦး ကောင်စီထဲမပါခဲ့တာက လေ့လာသူတွေအတွက် အံ့သြစရာဖြစ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဟာ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး နဲ့ ခမည်းခမက် တော်စပ်သူလည်း ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးညိုစော ကတော့ စစ်တက္ကသိုလ်အပတ်စဉ် (၂၃) ဆင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယုံကြည်စိတ်ချသူတစ်ဦး ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးညိုစော စစ်ထောက်ချုပ် ရာထူးကနေ အနားယူတဲ့အခါမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ဥက္ကဋ္ဌ ရာထူးမှာ ဆက်မြဲနေခဲ့ပြီး စစ်ထောက်ချုပ်အသစ်ဖြစ်လာတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဟာ (MEC) ဥက္ကဋ္ဌ ရာထူးကို မရခဲ့ပါဘူး။
စစ်ထောက်ချုပ် အဆက်ဆက်ဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ဥက္ကဋ္ဌ ရာထူးကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို သူ့ရဲ့အကြံပေးအဖြစ် ပြည်ထောင်စုဝန်ကြီးအဆောင်အယောင်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်က စတင် ခန့်အပ်ခဲ့ပါတယ်။
အခုတော့ ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဟာ စစ်ကောင်စီဝင် ပါ ဖြစ်လာခဲ့ပါတယ်။
‘’စစ်ကောင်စီရဲ့အပြောင်းအရွှေ့တွေကိုကြည့်လိုက်ရင် Institution အခြေခံထက် လူပုဂ္ဂိုလ် အခြေပြုပုံစံ သွားနေတာ တွေ့ရတယ်’’ လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
၆ လတစ်ခါ စစ်ကောင်စီ အပြောင်းအလဲ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, ss
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ပြီး ၁၁ ဦး နဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။
ဒါပေမဲ့ အရေးပေါ်ကာလကို ခြောက်လတစ်ခါ သက်တမ်းတိုးချိန်နဲ့ တပြိုင်နက် စစ်ကောင်စီထဲမှာ အပြောင်းအလဲ လုပ်လေ့ရှိပါတယ်။
ကောင်စီဝင် ၁၁ ဦးမှာ စစ်ဘက်က ရှစ်ဦးအထိ ပါဝင်ခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း က ကောင်စီ စဖွဲ့ကတည်းက ပါဝင်ခဲ့သူပါ။
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ဟာ စစ်ကောင်စီထဲကနေ ပထမဆုံး ဖယ်ရှားခံရတဲ့ စစ်ဗိုလ်ချုပ်တွေတော့ မဟုတ်ပါဘူး။
သူတို့ ရှေ့မှာ စစ်ကောင်စီဝင် ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် က အရင်ဆုံးဖယ်ရှားခံရတာပါ။
လေတပ် ဗိုလ်ချုပ်ကြီး ကတော့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့လို မဟုတ်ဘဲ လူမှုရေးပြဿနာကြောင့် ဖယ်ရှားခံရတာလို့ သိရှိရပါတယ်။
အဲဒီနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့လည်း စစ်ကောင်စီဝင်တွေ ဖြစ်လာကြပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဟာ ပြည်ထဲရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် တိုးမြှင့်ခံခဲ့ရပေမဲ့လို့ ခြောက်လ အတွင်းမှာပဲ ရာထူးကဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီ စဖွဲ့စဉ်က အရပ်သား (၃) ဦးသာ ပါဝင်ခဲ့ပြီး လူသိများတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့် နဲ့ မန်းငြိမ်းမောင်တို့ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ အရပ်သားကောင်စီဝင်တွေကို တိုင်းရင်းသားလူမျိုးအလိုက် ကိုယ်စားပြုပြီး တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ကိစ္စမှာ သူနဲ့အငြင်းပွားတဲ့ အရပ်သားကောင်စီဝင်တွေအပါအဝင် ကောင်စီဝင် (၇) ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက် မှာ ကောင်စီထဲက ဖယ်ရှားပစ်ခဲ့ပါတယ်။
ဒါဟာ အာဏာသိမ်းပြီး နှစ်နှစ်အကြာမှာ အရပ်သားကောင်စီဝင်အများအပြားကို ပထမဆုံးဖယ်ရှားခဲ့တာဖြစ်ပြီး ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေနဲ့ ရခိုင်အမျိုးသားပါတီက ဒေါ်အေးနုစိန် တို့ကို စစ်ကောင်စီထဲကနေဖယ်ရှားပြီး စစ်ကောင်စီရဲ့ဗဟိုအကြံပေးအဖွဲ့ဝင်တွေအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့ပါတယ်။
ဒါ့အပြင် ဇိုမီးနိုင်ငံရေးသမား ပူဂင့်ကမ်းလျန် ကို ကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့ပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ ဒေါက်တာမှုထန် နဲ့ ပြန်အစားထိုးပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီ ကို အရပ်ဘက်က ကိုးဦး ၊ စစ်ဘက်က ကိုးဦး စီနဲ့ စုစုပေါင်း ၁၈ ဦးအထိ ဖွဲ့စည်းထားပါတယ်။
စစ်ကောင်စီဝင်တွေ နဲ့ နီးစပ်သူတွေကတော့ စစ်ကောင်စီကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ ချုပ်ကိုင်ထားပြီး သူ့ကို လွန်ဆန်ဝံ့သူ မရှိဘူး လို့ ဘီဘီစီ ကိုပြောပါတယ်။
‘’လူယုံ ဗိုလ်ချုပ်ကြီး နှစ်ယောက်ထွက်ပြီး လူယုံ ဗိုလ်ချုပ်ကြီး နှစ်ယောက်ဝင်လာတာပဲ ရှိတာပါ။ မူဝါဒ အားဖြင့်တော့ ထူးထူးခြားခြား ပြောင်းလဲ ဖို့မမြင်ပါဘူး’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။








