နိုဝင်ဘာ ၁၀ ရက်ထိပ်တန်းသတင်းများ -ရိုဟင်ဂျာတွေနေရပ်ပြန်ရေး စစ်ကောင်စီနဲ့ ကုလဆွေးနွေး

ပြီးခဲ့တဲ့လက ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ဆန္ဒပြမှု

ဓာတ်ပုံ ရင်းမြစ်, AFP

ရေးသားခဲ့သည်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က လက်ထောက်မဟာမင်းကြီး မစ္စတာရာအုမာဇု နဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ နေပြည်တော်မှာတွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကိုပြန်လည်ခေါ်ဆောင်ရေး ဆွေးနွေးကြတာကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူတွေကို မြန်မာနိုင်ငံက ပြန်လည် စိစစ်လက်ခံရေးလုပ်ငန်းစဉ်၊ UNHCR နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းတွေကိုဆွေးနွေးတယ်လို့ ‌ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၃၁ ရက်ကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောနိုင်ဦးဆောင်တဲ့ စစ်ကောင်စီကိုယ်စား လှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့မှာ ရိုဟင်ဂျာဒုက္ခသည် ၁၅၀ လောက်ကို ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ အဲဒီမှာရှိနေသူတွေက ဘီဘီစီကိုပြောထားပါတယ်။ အဲဒီဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့စာရင်းပေးသွင်းထားသူတွေဖြစ်သလို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံအစိုးရတို့အကြား တိုက်ဆိုင်စစ်ဆေးထားပြီးသူတွေလည်း ဖြစ်တယ်လို့သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာရှိ‌နေတဲ့ ရိုဟင်ဂျာမိသားစုဝင်တစ်ဦးကတော့ သူတို့ နေရပ်ပြန်မလာတာက မူလနေရာမှာ နေထိုင်ခွင့်ရဖို့၊ ပိုင်ဆိုင်မှုတွေပြန်ရဖို့၊ နိုင်ငံသားဖြစ်ခွင့်ရဖို့နဲ့ စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ ပုဒ်မတွေကို ဖျက်သိမ်းပေးဖို့ စတဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီက လက်မခံတဲ့အတွက်ကြောင့် ပြန်ဖို့ကြန့်ကြာနေတာလို့ပြောပါတယ်။

စစ်ကောင်စီနဲ့ တစ်ဖက်နိုင်ငံအစိုးရတို့ ပူးပေါင်းပြီး ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ဆောင်ဖို့

မလုပ်ဆောင်နိုင်ကြပေမယ့် ဘူးသီးတောင်နဲ့ မောင်းတောမြို့နယ်တွေမှာတော့ ရိုဟင်ဂျာတွေ နေ့စဉ်လိုလို တရားမဝင် ဝင်ရောက်မှုတွေရှိနေပြီး မကြာခဏဖမ်းဆီးခံနေရတာပဲဖြစ်ပါတယ်။

လမ်းဘေးမှာပုံထားရတဲ့ လောက်ကိုင်စစ်ရှောင်တွေ ရဲ့ ဖုန်း နဲ့ အိတ်တွေအကြောင်း MNDAA ဘာပြောလဲ

စစ်ရှောင်တွေရဲ့ ဖုန်းတွေကို စစ်ရေးလုံခြုံရေးအရသိမ်းဆည်း

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, စစ်ရှောင်တွေရဲ့ ဖုန်းတွေကို စစ်ရေးလုံခြုံရေးအရသိမ်းဆည်း

စစ်ရေးအခြေအနေကြောင့် လောက်ကိုင်မှာ ပိတ်မိနေတဲ့ ပြောင်းရွှေ့လုပ်သားတွေ မြို့ကို အလုံးအရင်းနဲ့ စွန့်ခွာနေကြပါတယ်။ မနေ့က နဲ့ ဒီနေ့ မနက်ပိုင်းအထိကို စစ်ရှောင် သုံးထောင်ကျော် သယ်ယူပို့ဆောင်ပေးပြီးပြီလို့ ကိုးကန့်တပ် MNDAA က ပြောပြီး ဒီကနေ့ ညနေပိုင်းမှာလည်း ထပ်မံရွှေ့ပြောင်းပေးမယ် လို့ ဆိုပါတယ်။

‘’စစ်ရှောင်တွေရဲ့ ဖုန်းတွေကို တော့ စစ်ရေးလုံခြုံရေးအရသိမ်းဆည်းပေမယ့် ပစ္စည်းတွေကိုတော့ မသိမ်းဘူး’’ လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက ဘီဘီစီကိုပြောပါတယ်။

လောက်ကိုင်က စစ်ရှောင်တွေရဲ့ ဖုန်းနဲ့ ခရီးဆောင်အိတ်တွေလမ်းဘေးမှာ စုပုံနေတဲ့ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ဒီကနေ့ ပျံ့နှံ့နေပြီး အဲဒီဖြစ်စဉ်က မနေ့က ဖြစ်ပွားခဲ့တာလို့ လီကျားဝင်းက ပြောပါတယ်။

စစ်ရှောင်တွေများလွန်းတဲ့အတွက် သူတို့ကိုပြောင်းရွှေ့မယ့်ကားတွေအပေါ် လူတွေပဲ ဦးစားပေးလိုက်ပါသွားပြီး ပစ္စည်းတွေကို ထားခဲ့ကြတာ လို့ လီကျားဝင်းကပြောပါတယ်။

လောက်ကိုင်က နယ်စပ်မျဉ်းအမှတ် ၁၂၅ မှာလည်း စစ်ကောင်စီရဲ့ ကိုးကန့်ဦးစီးအဖွဲ့က စစ်ရှောင်စခန်းဖွင့်ထားပြီး စစ်ရှောင် တစ်သောင်းခွဲကျော်နေပြီ ဖြစ်ပါတယ်။

မြန်မာက လှူဒါန်းပေးကမ်းမှုအများဆုံး နံပါတ် ၆ နေရာမှာ ရပ်တည်

ကုန်ဈေးနှုန်းကြီးမြင့်လာတာကြောင့် ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံး ဈေးနဲ့ အခုနှစ်လယ်ပိုင်းထဲ ပြည်သူအချင်းချင်းပြန်လည် ကူညီကြစဉ်
ဓာတ်ပုံ ပုံစာ, ကုန်ဈေးနှုန်းကြီးမြင့်လာတာကြောင့် ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံး ဈေးနဲ့ အခုနှစ်လယ်ပိုင်းထဲ ရန်ကုန်မှာ ပြည်သူအချင်းချင်းပြန်လည် ကူညီကြစဉ်

၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်ကမ္ဘာလုံးဆိုင်ရာ ရက်ရောမှုစာရင်း(World Giving Index) မှာ မြန်မာနိုင်ငံက နံပါတ် ၆ နေရာကနေ ရပ်တည်ခဲ့ပါတယ်။

လန်ဒန်အခြေစိုက် Charities Aid Foundation (CAF) အဖွဲ့အစည်းကနေ ထုတ်ပြန်တဲ့ World Giving Index ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မသိတဲ့သူတွေအပေါ် ပေးကမ်းရက်ရောတာ၊ ပရဟိတအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားပြီး လှူဒါန်းတာတွေနဲ့ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ဆောင်တာတွေအပေါ်မှာ တွက်ချက်တိုင်းတာပြီး သတ်မှတ်တာဖြစ်ပါတယ်။

အင်ဒိုနီးရှားက နံပါတ် ၁ နေရာမှာ ရပ်တည်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဒုတိယနေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ အတွက် ကမ္ဘာလုံးဆိုင်ရာ ရက်ရောမှုစာရင်းမှာတော့ မြန်မာနိုင်ငံက နံပါတ် ၁ နေရာအထိ ရောက်ခဲ့ဖူးပါတယ်။

မြန်မာဟာ ၂၀၂၁ ခုနှစ် က အဆင့် ၄ နေရာမှာရှိနေရာကနေ ၂၀၂၂ ခုနှစ်မှာ အဆင့် ၆ နေရာရောက်သွားတာလည်း ဖြစ်ပါတယ်။

World Giving Index ကို ၂၀၁၀ မှာ စတင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၁၉ နိုင်ငံပါဝင်ကာ ကမ္ဘာ့လူဦးရေရဲ့ အရွယ်ရောက်ပြီးသားလူ ၉၀ ရာခိုင်နှုန်းအပေါ်မှာ ခြုံငုံတွက်ချက်ထားတာဖြစ်ပါတယ်။

လောက်ကိုင်မှာ တရားမဝင်နိုင်ငံခြားသားတွေကိုအရေးတကြီးစစ်ဆေးနေ

ပြီးခဲ့တဲ့ အောက်တိုဘာလအစမှာ လောက်ကိုင်မှာ တရားမဝင် နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့စဉ်

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီကိုးကန့်ဦးစီးအဖွဲ့

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ အောက်တိုဘာလအစမှာ လောက်ကိုင်မှာ တရားမဝင် နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့စဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ဆေးမှုကိုမပူးပေါင်းရင် အင်အားသုံးနှိမ်နင်းမယ်လို့ ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့မှာ တရားမဝင် ဝင်ရောက်နေတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးဖော်ထုတ်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ စစ်ကောင်စီရဲ့ ကိုးကန့်ဦးစီးအဖွဲ့က ထုတ်ပြောပါတယ်။

အရင်ကလည်း အထူးစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ ကုမ္ပဏီတချို့ နဲ့ ဖျော်ဖြေရေးကုမ္ပဏီ တချို့ က ပူးပေါင်း‌တာမျိုးမရှိခဲ့တာကြောင့် မျှော်မှန်းချက်အတိုင်း မအောင်မြင်ခဲ့ဘူးလို့ ကိုးကန့်ဦးစီးအဖွဲ့က ပြောပါတယ်။

အခု စစ်ဆေးမှုတွေထပ်လုပ်တဲ့အခါ မပူးပေါင်းရင် စစ်ဆေးရေးအဖွဲ့က အင်အားသုံးနှိမ်နင်းနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လောက်ကိုင်က လောင်းကစားကုမ္ပဏီတွေ နဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာလည်း ကိုယ်ပိုင်တပ်ဖွဲ့တွေရှိတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်နေကြပါတယ်။

အရင်က လည်း အလားတူ ပစ်ခတ်မှုတွေမကြာခဏကြုံခဲ့ကြရတယ်လို့ ပြောကြပါတယ်။

မနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာပြုလုပ်တဲ့ စစ်ကောင်စီ ကိုးကန့်ဦးစီးအဖွဲ့ရဲ့ တရားမဝင် ပြည်ပနိုင်ငံသားတွေ စုံစမ်းဖော်ထုတ်ရေး အစည်းအဝေးမှာ အခုလို ဆွေးနွေးခဲ့တာဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုတွေက တာဝန်ရှိသူတွေအနေနဲ့ ဒီစစ်ဆေးရေးလုပ်ငန်းတွေကို အပြည့်အဝပူးပေါင်းဆောင်ရွက်ရမှာပါ။

ဒီအစည်းအဝေးကို အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ် တပ်ရင်းမှူး ရန်ရှောက်ကျင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် နဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ တက်ရောက်ခဲ့ကြပါတယ်။

‘’နိုဝင်ဘာ ၁၁ ရက် နောက်ဆုံးထား အပြီးနှိမ်နင်းရမယ် လို့ စီမံချက်ပေးလိုက်တယ်’’ လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

တရားမဝင် ဝင်ရောက်လာသူတွေကို ခိုလှုံခွင့်ပေးတာကိုလည်း တားမြစ်ထားပြီး ဒါကိုတွေ့ရှိရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ မနေ့က အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၆၈၀၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့ပြီး အဲဒီထဲ တရုတ်နိုင်ငံသား ၆၄၉၂ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၆၆ ဦးနဲ့ မလေးရှားနိုင်ငံသား ၂၈ ဦးတို့ကို နေရပ်ပြန်ပို့ထားပြီလို့ ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောက်ကိုင်မြို့မှာ ဖြစ်နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေအကြောင်း ထည့်ပြောခဲ့ပြီး တရားမဝင် လုပ်ငန်းတွေ မဆောင်ရွက်နိုင်အောင် တရုတ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံ Task Force ဖွဲ့စည်း ဖြေရှင်းမယ်လို့ ပြောထားပါတယ်။

လောက်ကိုင် နဲ့ ချင်းရွှေဟော်မှာ ဟိုတယ်အလုံး ၁၅၀ ကျော်ရှိပြီး ၁၂ လုံးပဲ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားပြီး ကျန်တဲ့ဟိုတယ်တွေက လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့အစီအစဉ် နဲ့ လုပ်ပိုင်ခွင့်မရှိဘဲ ဆောက်ထားကြတာ လို့ သူကပြောပါတယ်။

ဒီဟိုတယ်တွေကို တရုတ်နိုင်ငံသားတွေကပိုင်ဆိုင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း တွေလုပ်နေကြတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။