အာဏာသိမ်း ၂ နှစ်ပြည့် မြန်မာ့အရေး နိုင်ငံတကာ တုံ့ပြန်ချက်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံ တကျော့ပြန် စစ်အာဏာသိမ်းခံရမှု ၂ နှစ်ပြည့်ချိန် မြန်မာ့ဒီမိုကရေစီ အရေး နိုင်ငံတကာရဲ့ စုပေါင်း လုပ်ဆောင်ချက်တွေ၊ ချိန်ကိုက် အရေးယူမှုတွေကို တွေ့နေရပါတယ်။
အာဏာသိမ်း ၂ နှစ်ပြည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာပဲ၊ နိုင်ငံပေါင်း ၂၂ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ အီးယူ အဖွဲ့ရဲ့ နိုင်ငံခြားရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်တို့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အတွင်း ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ စိတ်ဆန္ဒတွေကို ပယ်ဖျက်ပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်တဲ့အတွက်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားပါ ဆိုပြီး အခု ထုတ်ပြန်ချက်ထဲ ထပ်လောင်း တောင်းဆိုထားပါတယ်။
စစ်တပ်အနေနဲ့ အကြမ်းဖက် ပြုမူနေတာတွေကို ရပ်တန့်ရမယ်၊ ဒီမိုကရေစီ လုပ်ငန်းစဥ်တွေ ပြန်စဖို့ရာ အားလုံးပါဝင်နိုင်ပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်မယ့် နေရာမျိုးလည်း ဖန်တီးရမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ထိန်းသိမ်းခံထားရတဲ့ အကျဥ်းသား အားလုံးကို ချက်ခြင်းပြန်လွှတ်ရေး အပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကိုလည်း ဒီထုတ်ပြန်ချက်က ထပ်လောင်း အတည်ပြု ထောက်ခံ ထားပါတယ်။
ဒီထုတ်ပြန်ချက်ကို ဗြိတိန်၊ အမေရိကန်နဲ့ အီးယူ နိုင်ငံတွေနဲ့ သူတို့ရဲ့ မိတ်ဖက် အဖြစ်တွေ့ရမြဲ ဖြစ်တဲ့ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ဆွစ်ဇာလန်နဲ့ တောင်ကိုးရီးယား နိုင်ငံတွေသာမက၊ ယူကရိန်း၊ အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ ဆားဘီးယားနဲ့ ဘော့စနီးယား ဟာဇီဂိုဗီးနား အပါအဝင် ဥရောပတိုက်က အီးယူ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေကိုပါ စုပေါင်းပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံတွန်းလှန်မှု အပေါ် ချီးကျူးပြောဆို
စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကာလ အတွင်း မပြောရဲလောက်အောင် ဆိုးရွားလှတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ရင်ဆိုင် နေခဲ့ရပေမယ့် မြန်မာပြည်သူတွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေ ရယူမယ် ဆိုတဲ့ သူတို့ရဲ့ ပိုင်းဖြတ်ထားမှုကို သူရသတ္တိ ရှိစွာ ပြသနေခဲ့ကြပြီး၊ ကြံကြံခံ ရင်ဆိုင် တွန်းလှန် နေခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဂုဏ်ပြု ပြောဆိုထားပါတယ်။
စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေလို့ ဆိုရာမှာ အာဏာသိမ်းပြီး ကတည်းက ပြုမူနေခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲ သတ်ဖြတ်မှုတွေနဲ့ နောက်ပိုင်း လူနေ ရပ်ရွာတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေ အပေါ်မှာပါ လေကြောင်းတိုက်ခိုက် ဗုံးကြဲနေတဲ့ လုပ်ရပ်တွေကို ဒီထုတ်ပြန်ချက်ထဲ ရည်ညွှန်းထားပြီး စစ်တပ်ရဲ့ လက်ချက်ကြောင့် ကလေးသူငယ်တွေ အပါအဝင် ထောင်ပေါင်းများစွာသော အရပ်သားတွေ ထောင်သွင်း အကျဥ်းချ ခံရ၊ နှိပ်စက်ခံရ၊ သတ်ဖြတ်ခံခဲ့ကြရတယ်လို့ ဆိုထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲဝင်တွေဟာ အရပ်သား ပြည်သူတွေ အပေါ် နှိပ်စက် ညှဥ်းပန်းတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန် တိုက်ခိုက်တာတွေ ကျယ်ကျယ်ပြန့်ပြန် ပြုမူနေကြတယ် ဆိုတဲ့ အစီရင်ခံစာတွေလည်း တောင်လိုပုံအောင်ကို ပေါ်ထွက်ခဲ့နှင့်ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တာရှည်လာတဲ့ ပဋိပက္ခတွေ အတွင်း လူတွေ ထောင်ပေါင်းများစွာ အထိအခိုက် အသေအပျောက် ရှိလာခဲ့ပြီ ဖြစ်သလို လူပေါင်း ၁၇ သန်း ဟာ စာနာမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး၊ လူပေါင်း တစ်သန်းခွဲ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ထုတ်ပြန်ချက်ထဲ ထောက်ပြ သတိပေးထားပါတယ်။
အထက်မှာ ဖော်ပြခဲ့သလို မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၂၆၆၉(၂၀၂၂) ကို ဒီ အစီရင်ခံစာက ထပ်လောင်း အတည်ပြု ထောက်ခံထားတာမှာ နိုင်ငံရေး အကျဥ်းသားတွေ ပြန်လွှတ်ရေး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး စတာတွေ အပြင် မြန်မာ့အရေး အာဆီယံ ကမကထလုပ် ဖြေရှင်းတဲ့ လမ်းကြောင်းကိုလည်း အားပေးကြောင်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။
မြန်မာ စစ်တပ်ကိုလည်း အာဆီယံ ဘုံသဘောထား ၅ ချက်ကို လေးစား လိုက်နာပြီး အပြည့်အဝနဲ့ ထိရောက်မှု အရှိဆုံးဖြစ်အောင် အကောင်အထည်ဖော်နိုင်ဖို့ရာ ပူးပေါင်း ဆောင်ရွက်ပါ ဆိုပြီးတော့လည်း တောင်းဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ကိုင်တွယ်မှု နည်းလမ်းတစ်သွယ်
ဒီထုတ်ပြန်ချက်က ထပ်လောင်း အတည်ပြုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း လုံခြုံရေးကောင်စီကနေ နှစ်ပေါင်း ၇၀ ကျော် အတွင်း ပထမဆုံး အကြိမ် ချမှတ်နိုင်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့်လည်း မြန်မာ စစ်တပ်ဘက်က လိုက်နာမှု မရှိဘဲ ပျက်ကွက် နေဦးမယ် ဆိုရင် နိုင်ငံတကာ အရေးယူမှုတွေ ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ အချက်မျိုးတွေ မပါဝင်ပဲ ပျက်ကွက်နေတယ် ဆိုတဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။
ပျက်ကွက်ရတဲ့ အကြောင်းကလည်း တရုတ်နဲ့ ရုရှားတို့လို လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ချက်ပါ အချက်အလက်နဲ့ စာသားတွေကို ဖြတ်တောက် ပယ်နုတ်ပြီးကာမှ ထွက်ပေါ်လာရတဲ့ အတွက် ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာ စစ်တပ်အပေါ် အရေးယူမယ့် ဆုံးဖြတ်ချက်မျိုး လုံခြုံရေးကောင်စီ ကနေ မထွက်နိုင်ဘူးဆိုရင် သဘောထားတူ နိုင်ငံတွေချင်း ပေါင်းစုပြီး အရေးယူ ကိုင်တွယ်တာတွေ လုပ်ဆောင်ကြဖို့ ထောက်ပြ ဆော်ဩတာတွေလည်း ထွက်ပေါ် နေခဲ့ပါတယ်။
အကဲခတ်တွေ အဓိက ထောက်ပြကြတဲ့ အထဲ ယူကရိန်းနိုင်ငံထဲ ရုရှားကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ အပေါ် စုံစမ်း စစ်ဆေးဖို့ရာ နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC ထံ ဗြိတိန်က ကမကထလုပ်ပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံ စုပေါင်းပြီး လွှဲအပ်တာဝန်ပေးခဲ့တဲ့ သာဓက အတိုင်း မြန်မာ့ အရေးမှာလည်း ထပ်တူ လုပ်ဆောင်သင့်ကြောင်း ပြောဆို ကြတာ ဖြစ်ပါတယ်။
စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုတွေကို ဆယ်စုနှစ် အဆက်ဆက် ထပ်ကျော့ ကျူးလွန်နေနိုင်တာဟာ အပြစ်ပေး အရေးယူ ခံရမှုကနေ အမြဲပဲ လွတ်မြောက် နေခဲ့တဲ့ အတွက် ဖြစ်တယ် ဆိုတဲ့ အချက်ကို မြန်မာ့အရေး ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့တဲ့ ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတွေနဲ့ ဖွဲ့စည်း ထူထောင်ထားတဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ SAC-M အဖွဲ့က အမြဲပဲ ထောက်ပြ နေခဲ့ပါတယ်။
အခု အချိန်မှာတော့ စိတ်တူကိုယ်တူ၊ သဘောထားချင်းတူ နိုင်ငံတွေရဲ့ စုပေါင်းလုပ်ဆောင်မှု၊ ချိန်ကိုက် အရေးယူ ဆောင်ရွက်မှုတွေကို တွေ့လာရတာမှာ ICC ကို လွှဲတဲ့ အထိ ဆောင်ရွက်တာမျိုး မရှိသေးပေမယ့်၊ အခုလိုမျိုး အီးယူပြင်ပ ဥရောပ နိုင်ငံတွေပါ ပူးပေါင်းပါဝင် ထုတ်ပြန်ကြတာမျိုးနဲ့ အာဏာသိမ်း ၂ နှစ်ပြည့်ချိန်နဲ့ ချိန်ကိုက်ပြီး မြန်မာကို လေယာဥ်ဆီ တင်ပို့မှု အပါအဝင် မြန်မာ စစ်တပ်ကို အထောက်အပံ့ ဖြစ်နေစေတဲ့ လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ် တွေ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ တိုးချဲ့ ချမှတ်တာမျိုးတွေလည်း လုပ်ဆောင်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒို-ပစိဖိတ် ဒေသတခွင် လွတ်လပ်မှု ရှိရေးရဲ့ တစိတ်တပိုင်း
မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရှိရေးဟာ အင်ဒို-ပစိဖိတ် ဒေသတခွင် လွတ်လပ်ပွင့်လင်းမှု ရှိရေးရဲ့ အစိတ်အပိုင်း ဖြစ်တာနဲ့ အညီ ယူကေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူ လက်တွဲပြီး မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဋ္ဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကို လေယာဥ်ဆီ သွင်းနေကြတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ကြောင်း ကြေညာချက်ထဲမှာ အဲဒီလို တပါတည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
အေးရှားဆန်း အုပ်စုဝင် ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ အေးရှာဆန်း ထရိတ်ဒင်းနဲ့ ကာဂိုလင့် ကုမ္ပဏီတွေကို မြန်မာ စစ်တပ်အတွက် လေယာဥ်ဆီ သွင်းပေးနေတဲ့ လုပ်ငန်းတွေ အဖြစ် ပိတ်ဆို့သလို အဲဒီ ကုမ္ပဏီရဲ့ တာဝန်ရှိသူ နှစ်ဦး အပေါ်မှာလည်း ယူကေက ပိတ်ဆို့မှုတွေ ချမှတ်တာ ဖြစ်ပါတယ်။
ဒီ လုပ်ဆောင်မှုကို အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ နိုင်ငံတွေနဲ့ အတူ ချိန်ကိုက် လုပ်ဆောင်တာ ဖြစ်ပါတယ်။
အမေရိကန် ဆိုရင်လည်း အခုတချီမှာတော့ မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့ လုပ်ငန်း MOGE နဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ အပေါ် ပထမဆုံးအကြိမ် ပစ်မှတ်ထားလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ အဓိက ဝင်ငွေ လမ်းကြောင်း အဖြစ် ရှုမြင်ထားတဲ့ MOGE လုပ်ငန်း အဖွဲ့ အပေါ်မှာတော့ အမေရိကန်က အခုအချိန်ထိ အရေးယူ ပိတ်ဆို့တာမျိုး မလုပ်သေးတဲ့ အတွက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေက ပြစ်တင် ဝေဖန်နေကြပါတယ်။
ဒါပေမဲ့ လည်း ဝါရှင်တန်ရဲ့ အခုတချီ ပိတ်ဆို့ အရေးယူမှုတွေထဲ စစ်ကောင်စီက ဖွဲ့ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဓာတ်သတ္တု တူးဖော်ရေးနဲ့ စွမ်းအင်လောင်စာ ကဏ္ဍက တာဝန်ရှိသူတွေကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
မြန်မာစစ်တပ်ရဲ့ နည်းဟောင်းတွေ ဒီတစ်ကြိမ် အလုပ်ဖြစ်မှာ မဟုတ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ လက်ရှိမှာလည်း မြန်မာ့အရေး အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ကို ထူထောင်သူတစ်ဦး ဖြစ်တဲ့ ယန်ဟီးလီက “စစ်တပ်ဟာမုချရှုံးနိမ့်မယ်၊ သူတို့ရဲ့ နည်းလမ်းဟောင်းတွေ ဒီတစ်ကြိမ်မှာတော့ ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် တစ်ခုတည်းသော နည်းနာကတော့ ပြည်သူတွေ နှစ်ရှည်လများ မျှော်လင့်နေကြတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ကြဖို့ပဲ ဖြစ်တယ်လို့လည်း မစ္စ ယန်ဟီးလီက ဆိုပါတယ်။
မစ္စ ယန်ဟီးလီ ပြောတဲ့ စစ်တပ်ရဲ့ နည်းဟောင်းတွေဆိုတာ အချိန်ဆွဲတာ၊ ရက်စက်ကြမ်းကြုတ်တာ၊ နိုင်ငံရေး အတိုက်အခံတွေကို ဓားစာခံ သဖွယ် ဖမ်းပြီး နိုင်ငံရေး အသာစီးရယူတာ စတာတွေကို ရည်ညွှန်းတာမျိုးလို့ နားလည် ရပါတယ်။
ဒီ အချိန်မှာပဲ၊ စစ်ကောင်စီကတော့ အာဏာသိမ်းကာလ ၂ နှစ်ပြည့်ချိန် အရေးပေါ်ကာလကို သက်တမ်း နောက်ထပ် ၆ လ တိုးပြီး စစ်ခေါင်းဆောင်က အာဏာကို ဆက်လက် ချုပ်ကိုင်လိုက်ပါတယ်။
ကုလသမဂ္ဂက ဖွဲ့စည်းခဲ့တဲ့ မြန်မာ့အရေး အချက်အလက် ရှာဖွေရေး လွတ်လပ်တဲ့ ကော်မရှင် အဖွဲ့ကို ဦးဆောင်ခဲ့သူလည်းဖြစ်၊ SAC-M အဖွဲ့ကို ထူထောင်သူ တစ်ယောက်လည်း ဖြစ်တဲ့ မာဇူကီ ဒါရွတ်စမန်ကတော့ အာဆီယံ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှား အနေနဲ့ မြန်မာ့ အရေး လက်တွေ့ မျက်မှောက် အခြေအနေတွေနဲ့ ကိုက်ညီတဲ့ လုပ်နည်းလုပ်ဟန်တွေကို ချမှတ် လုပ်ဆောင်ဖို့ရာ အာဆီယံ အဖွဲ့ကြီးတစ်ခုလုံးကို တွန်းတွန်းတိုက်တိုက် ပြုလုပ်ပေးပါ ဆိုပြီး တောင်းဆိုပါတယ်။
အာဏာသိမ်းဖို့ စစ်တပ် ကြိုးစားတဲ့ကာလ ၃ နှစ်ထဲ ဝင်ချိန် မြန်မာ့ အရေးပေါ် အရေးယူ တုံ့ပြန်တဲ့ နိုင်ငံတကာ စနစ်ယန္တရား တစ်ခုလုံး ချို့ယွင်းလစ်ဟာမှုတွေ ရှိနေပြီး၊ ပိုပြီး ထိထိရောက်ရောက်နဲ့ လုံလောက်အောင် လုပ်ဆောင်ဖို့ အများကြီးလိုသေးတယ် ဆိုပြီး SAC-M ထူထောင်သူ နောက်တစ်ဦးလည်းဖြစ်၊ အချက်အလက်ရှာဖွေရေး မစ်ရှင်တုန်းကလည်း ပါဝင်ခဲ့တဲ့ နိုင်ငံတကာ ဥပဒေ ပညာရှင် ခရစ္စဆီဒိုတီးကလည်း ထောက်ပြ ပြောဆိုပါတယ်။








