သမ္မတဘိုင်ဒန်ကို ခြိမ်းခြောက်တဲ့အမျိုးသား FBI စီးနင်းမှုမှာပစ်သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အခြားအရာရှိတွေအပေါ် အကြမ်းဖက်ဖို့ ခြိမ်းခြောက်မှုတွေ အွန်လိုင်းပေါ် တင်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ အမေရိကန်ထောက်လှမ်းရေးဗျူရို (FBI) ရဲ့ စီးနင်းမှုအတွင်းမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယူးတားပြည်နယ်ကို သမ္မတ ဘိုင်ဒန်လာရောက်မယ့် ခရီးစဥ်မတိုင်ခင်မှာ FBI ထောက်လှမ်းရေးတွေက အဲဒီပြည်နယ်မှာနေထိုင်တဲ့ ခရိတ် ရော်ဘတ်ဆင်ဆိုတဲ့ အမျိုးသားကို ဝရမ်းနဲ့ဖမ်းဆီးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ရာဇဝတ်ကြောင်းအရတိုင်ချက်မှာတော့ ရော်ဘတ်ဆင်ဟာ မစ္စတာ ဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အမှုဖွင့်ဖို့ ကြိုးပမ်းတဲ့ အစိုးရရှေ့နေတစ်ဦးကို ဖေ့ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ခြိမ်းခြောက်တဲ့ ပို့စ်တွေ တင်ထားတယ်လို့ ဖော်ပြပါတယ်။
FBI ဘက်ကတော့ အသေးစိတ်ပြောဖို့ ငြင်းဆိုပါတယ်။
စီးနင်းရှာဖွေမှုကိုတော့ ဆော့လိတ်စီးတီးမြို့ကနေ မိုင်ပေါင်း ၄၀ နီးပါးအကွာမှာရှိတဲ့ ပရိုဗိုမြို့မှာ ဒေသခံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီ ၉ မိနစ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရော်ဘတ်ဆင်ဟာ မစ္စတာ ဘိုင်ဒန်ကိုရော၊ အမေရိကန်သမ္မတဟောင်းထရမ့်က အပြာမယ်တစ်ဦးကို နှုတ်ဆိတ်ခငွေကြေးပေးခဲ့တယ်ဆိုတဲ့အမှုကို စုံစမ်းနေတဲ့ အယ်လ်ဗင် ဘရက်ဆိုသူ အစိုးရရှေ့နေကိုရော သတ်မယ်လို့ ခြိမ်းခြောက်တာတွေနဲ့ သေနတ်ပုံတွေကို ဖေ့ဘွတ်ခ်မှာ တင်ထားတယ်ဆိုတာကို တိုင်တန်းချက်မှာ အဓိကဖော်ပြထားပါတယ်။
ဒါအပြင် အမေရိကန်ရှေ့နေချုပ် မားရစ် ဂါလန့်နဲ့ နယူးယောက်ရှေ့နေချုပ် လက်တီရှာ ဂျိမ်းစ်တို့ကို ခြိမ်းခြောက်စာတွေလည်း လုပ်ထားတယ်လို့ အဲဒီတိုင်တန်းချက်မှာပါရှိပါတယ်။
ရော်ဘတ်ဆန်ဟာ ဖေ့ဘွတ်ခ်မှာ ''ဘိုင်ဒန်တစ်ယောက် ယူးတားကို လာမယ်လို့ကြားတယ်။ ပြောက်ကျား ဝတ်စုံဟောင်းကို ပြန်ထုတ်ထားပြီး M24 စနိုက်ပါရိုင်ဖယ် သေနတ်ကိုလည်း ဖုန်သုတ်ထားပြီးပြီ'' လို့ ရေးသားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါဟာ ရော်ဘတ်ဆင်တစ်ယောက် သူ့ရဲ့ ဖေ့ဘွတ်ခ် အကောင့် ၂ ခုမှာတင်ထားတဲ့ အကြမ်းဖက်မှုပါတဲ့ မက်ဆေ့တွေနဲ့ လက်နက်ဓာတ်ပုံတွေ ဒါဇင်ချီထဲက အချို့ဖြစ်ပါတယ်။
တိုင်တန်းချက်မှာတော့ မစ္စတာထရမ့်ပိုင်ဆိုင်တဲ့ Truth Social ဆိုတဲ့လူမှုကွန်ရက်မှာ မစ္စတာ ဘရက်ကို ခြိမ်းခြောက်တဲ့ပို့စ်ကို တင်ခဲ့တာကြောင့် ရော်ဘတ်ဆင်ကို ဖက်ဒရယ်အဆင့် ထောက်လှမ်းရေးတွေရဲ့ အာရုံစိုက်မှုရခဲ့တာလို့လည်း ပါရှိပါတယ်။ လူမှုကွန်ရက်ကုမ္ပဏီဘက်ကလည်း FBI ရဲ့ နိုင်ငံတော်အဆင့်ခြိမ်းခြောက်မှုစောင့်ကြည့်ရေးစင်တာကို အသိပေးခဲ့တာလို့ သိရပါတယ်။
FBI ထောက်လှမ်းရေးတွေက ရော်ဘတ်ဆင်ဆီကို သွားရောက်ချိန်မှာတော့ အဲဒီပို့စ်ဟာ စိတ်ကူးယဥ်ပို့စ် သက်သက်သာဖြစ်ပြီး ''ကျွန်တော်တို့ ပြောကြဆိုကြတာ ဒီမှာတင်ရပ်ကြစို့။ ခင်ဗျားတို့ ဖမ်းဝရမ်းပါမှ ပြန်လာခဲ့''ဆိုပြီး သူက တုံ့ပြန်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ရော်ဘတ်ဆင်ကိုယ်တိုင်က ထောက်လှမ်းရေးတွေနဲ့တွေ့ဆုံခဲ့မှုကို ပို့စ်တွေ တင်ခဲ့ပြီး အဲဒီပို့စ်တွေမှာ လက်ဖြောင့် စနိုက်ပါသေနတ်သမားတွေ ဝတ်လေ့ရှိတဲ့ပြောက်ကျားဝတ်စုံ ဝတ်ထားပုံတွေနဲ့ တွေ့ခဲ့ရသလို အရာရှိတွေကိုလည်း ခြိမ်းခြောက်ထားတာတွေလည်း ပါဝင်နေပါတယ်။
အင်္ဂါနေ့နှောင်းပိုင်းမှာ တင်ခဲ့တဲ့မက်ဆေ့ချ်တွေမှာတော့ ''ယူးတားပြည်နယ်ဟာ စနိုက်ပါသမားတစ်ယောက်က ဘိုင်ဒန်ကို ရှင်းလိုက်လို့ အခုသီတင်းပတ်မှာ နာမည်ကြီးလာတဲ့နေရာဖြစ်လာနိုင်တယ်'' လို့ ရေးထားပါတယ်။
မစ္စတာဘိုင်ဒန်ဟာ ယူးတားပြည်နယ်ကို သမ္မတတစ်ဦးအနေနဲ့ ပထမဆုံးသွားရောက်ဖို့ရှိပြီး စစ်ပြန်တွေရဲ့ဆေးရုံနဲ့ ပါ့စီးတီးက ရန်ပုံငွေရှာဖွေပွဲကိုလည်း သွားရောက်ဖို့ရှိနေပါတယ်။








