ဘန်ကီမွန်း လျှပ်တစ်ပြက် နေပြည်တော်ခရီးနဲ့ ဒေလီ ဝမ်းပွိုင့်ဖိုက် ဒိုင်ယာလော့ဂ်

ဘန်ကီမွန်း
ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှ နေပြည်တော် ခရီး အထမြောက်ခဲ့သူ ဘန်ကီမွန်း
ရေးသားခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းထံမှာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံရေး လမ်းကြောင်း လတ်တလောမှာ အနည်းဆုံး ၂ ခု ထားရှိလာတာကို မြင်တွေ့ နေရပါတယ်။

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေလည်း ရှိနေမယ့် Track 1.5 Dialogue အစည်းအဝေး တစ်ရပ် ပြုလုပ်တော့မယ့် အချိန်မှာ၊ ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ဘန်ကီမွန်းရဲ့ အံ့အားသင့်ဖွယ် ကြိုတင် မကြေညာတဲ့ နေပြည်တော် ခရီးစဥ်လည်း ပေါ်ပေါက် လာပါတယ်။

ကမ္ဘာ့ရပ်မိရပ်ဖလို့ ခေါ်ရမယ့် သက်ကြီးဝါကြီး ခေါင်းဆောင်ဟောင်းတွေ၊ ဩဇာညောင်း ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ the Elders အဖွဲ့ရဲ့ ကိုယ်စား လာရောက်တဲ့ ဘန်ကီမွန်းရဲ့ တိုတောင်းလှတဲ့ ခရီးစဥ် အတွင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာပြည်မှာ တစ်ကျော့ပြန် စစ်အာဏာသိမ်းခံရပြီး လူ့အခွင့်အရေး အခြေအနေတွေ၊ စာနာမှု ဆိုင်ရာ အကျပ်အတည်းတွေ ဆိုးရွားလာခဲ့တဲ့ ကနဦး နေ့ရက်တွေမှာ ကတည်းက the Elders အဖွဲ့ကို ကိုယ်စားပြုပြီး မြန်မာပြည်ကို ဝင်လာနိုင်ဖို့ ၈ ယောက်မြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့သူ မစ္စတာ ဘန်ကီမွန်းဘက်က ကြိုးစားနေခဲ့ပါတယ်။

ခရီးစဥ်ဟာ အထမြောက်မလာပဲ နှစ်နဲ့ချီ ကြန့်ကြာ နေခဲ့ပြီးကာမှ အခု အချိန်မှာတော့ ကြေညာမထားဘဲနေပြည်တော်ကို တစ်ညအိပ် နှစ်ရက်ခရီး ရောက်လာတာဟာ စစ်ကောင်စီရဲ့ မီးစိမ်းပြ ဝင်ခွင့်ပြုတဲ့ အချိန်မှာ ပေါ်ပေါက်လာတဲ့ ခရီးစဥ်မျိုး ဖြစ်နိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရပါတယ်။

ဘီဘီစီရဲ့ သတင်းရင်းမြစ် တချို့ရဲ့ အဆိုအရလည်း အခု ခရီးစဥ် အထမြောက်လာဖို့ရာ စစ်ကောင်စီဘက်က ဖိတ်ခေါ် ကမ်းလှမ်းတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အများအပြား အပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု အတွက် နိုင်ငံတကာရဲ့ ရှုတ်ချ ပြစ်တင်သံတွေ အပြင်းအထန် ပေါ်ထွက်ခဲ့ပြီး မရှေးမနှောင်းမှာပဲ အခု ခရီးစဥ် ပေါ်ပေါက်ခဲ့တာဟာလည်း သတိပြုမိဖွယ် အချက် ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံ၊ သမ္မတဟောင်းနဲ့ တွေ့ဆုံ

တစ်ညအိပ်နှစ်ရက်ခရီးစဥ်မှာ ဘာတွေ ဆွေးနွေးခဲ့လဲ အသေးစိတ် မသိရ
ဓာတ်ပုံ ပုံစာ, တစ်ညအိပ်နှစ်ရက်ခရီးစဥ်မှာ ဘာတွေ ဆွေးနွေးခဲ့လဲ အသေးစိတ် မသိရ

The Elders ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်းဟာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီဘက်က ဘီဘီစီကို အတည်ပြုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြတယ်” ဆိုပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။ အတိအကျ ဘယ် အကြောင်းအရာတွေ ပါဝင်တယ် ဆိုတာမျိုးကိုတော့ မသိရပါဘူး။

ထို့ အတူပဲ သမ္မဟောင်း ဦးသိန်းစိန်နဲ့လည်း မစ္စတာ ဘန်ကီမွန်း သီးခြား တွေ့ဆုံခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပေမယ့် အသေးစိတ် အချက်တွေကိုတော့ ထုတ် မပြောပါဘူး။ အကျဥ်းချ ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်လည်း မစ္စတာ ဘန်ကီမွန်း တောင်းဆိုထားနိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီ တောင်းဆိုချက်ဟာ ကုလအထူးကိုယ်စားလှယ်၊ အာဆီယံ အထူးကိုယ်စားလှယ်တွေ လာတုန်းကလိုပဲ အခုတခေါက် ခရီးစဥ်မှာတော့ မစ္စတာ ဘန်ကီမွန်လည်း တွေ့ခွင့်မရခဲ့ပါဘူး။ ဘန်ကီမွန်းရဲ့ ဒီ ခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ မရှိဘူးလို့ ဘီဘီစီ အနေနဲ့ စုံစမ်း သိရှိ ထားရပါတယ်။

စစ်ကောင်စီရဲ့ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေတို့နဲ့တော့ မစ္စတာ ဘန်ကီမွန်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ရဲ့ သက်သေတစ်ဦး

၂၀၁၆ နေပြည်တော် ငြိမ်းချမ်းရေး ညီလာခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၆ နေပြည်တော် ငြိမ်းချမ်းရေး ညီလာခံ

၂၀၀၇ ကနေ ၂၀၁၆ အထိ ကုလအတွင်းရေးမှူးချုပ် တာဝန်ယူထားတဲ့ ကာလမှာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံနဲ့ကြား တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်းလွန်ကာလ အတိဒုက္ခ ကြီးမားစွာ ကျရောက်နေတဲ့ မုန်တိုင်းဘေးသင့် ပြည်သူတွေထံ ပေးပို့တဲ့ နိုင်ငံခြား အကူအညီတွေ၊ အထောက်အပံ့တွေကို တိုင်းပြည်ထဲ ဝင်ခွင့်ပြုဖို့ရာ မစ္စတာ ဘန်ကီမွန်းဟာ မြန်မာပြည်ကို ကိုယ်တိုင်သွားပြီး အဲဒီအချိန်က စစ်အာဏာပိုင် စစ်ဗိုလ်ချုပ်တွေကို တိုက်တွန်းခဲ့ပါတယ်။

တခါ၊ ဒေါ်အောင်ဆန်းစုကြည် လက်တွေ့အရ ဦးဆောင်မှုပေးတဲ့ NLD အစိုးရလက်ထက်၂၀၁၆ နေပြည်တော် ငြိမ်းချမ်းရေး ညီလာခံမှာလည်း မစ္စတာ ဘန်ကီမွန်း ရှိနေခဲ့ပါတယ်။

မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံမှု နှစ်ရှည်လများ ရှိထားနှင့်ပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဥ်ထဲမှာလည်း သက်သေတစ်ဦး ဖြစ်တဲ့ ဘန်ကီမွန်းဟာ မြန်မာ စစ်တပ် အပေါ် ပြင်းထန်တဲ့ ဝေဖန်မှု ပြုလုပ်တာမျိုး၊ တင်းမာတဲ့ ရပ်တည်မှု ပြသတာမျိုး ပြုလုပ်လေ့ မရှိသူ တစ်ဦး အဖြစ် လက်ရှိ စစ်ကောင်စီက မှတ်ယူမယ်ဆို မှတ်ယူနိုင်တယ် ဆိုတဲ့ ဆန်းစစ်ချက်မျိုးတွေ ရှိပါတယ်။

ပဇီကြီး ဖြစ်ရပ်ကြောင့် နိုင်ငံတကာရဲ့ ရှုတ်ချ ပြစ်တင်သံတွေ၊ ဝေဖန်မှုတွေ၊ ဖိအားတွေ အလုံးအရင်းနဲ့ ဆထက်တပိုး တိုးလာချိန်မှာ စစ်ကောင်စီ အနေနဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ နေပြည်တော် ခရီးစဥ်ကို အထမြောက်စေပြီး၊ သူတို့ဘက်က အသံကို နိုင်ငံတကာထံ ရောက်စေတာမျိုး ဖြစ်နိုင်ဖွယ် ရှိတယ်လို့ နိုင်ငံတကာ မီဒီယာတွေထက် သုံးသပ်နေကြတာကိုလည်း တွေ့ရပါတယ်။

The Elders အဖွဲ့ရဲ့ ခရီးစဥ်၊ ဘန်ကီမွန်းရဲ့ ခရီးစဥ်တွေ နောက်တွေ့လာရဦးမလား၊ ဘယ်လို ပုံစံမျိုးနဲ့ နေပြည်တော်နဲ့ကြား ဆက်ဆံရေးကို ဆက်ထားရှိကြဦးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒေလီ Track 1.5 Dialogue သို့မဟုတ် ထိတွေ့ဆက်ဆံရေး နောက်လမ်းကြောင်း

အိန္ဒိယ နိုင်ငံခြားရေးရုံး မြန်မာဋ္ဌာနက သူတွေ ပါဝင်မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိန္ဒိယ နိုင်ငံခြားရေးရုံး မြန်မာဋ္ဌာနက သူတွေ ပါဝင်မယ်

ကုလသမဂ္ဂ မျက်နှာစာမှာ နိုင်ငံကို ကိုယ်စားပြုခွင့် မရ ဖြစ်နေတာကအစ၊ ဒေသတွင်း အာဆီယံ အဖွဲ့ကပါ နိုင်ငံရေး အရ ကိုယ်စားပြုခွင့် မပေးဖြစ်နေပြီး နိုင်ငံရေး၊ သံတမန်ရေး မျက်နှာစာတွေမှာ မကြုံစဖူး အတိုင်းအတာ ပမာဏမျိုးထိ အထီးကျန်မှု၊ ချန်လှပ်ထား ခံရမှုတွေကို အခုတစ်ခေါက် အာဏာသိမ်းမှုမှာ မြန်မာစစ်တပ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒီလို အနေအထားမျိုးမှာ လက်တွေ့ ဖြေရှင်းရမယ့် စာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေ၊ နယ်စပ်ချင်းထိနေတဲ့ တိုင်းပြည်တွေထဲထိ သက်ရောက် ရိုက်ခတ်ခံနေရမှုတွေက အစ၊ ပြည်တွင်းမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အနည်းဆုံး အဆင့်တော့ အင်အားကို ထိန်းချုပ်ပြီး လုပ်ဆောင်ဖို့နဲ့ အရပ်သား ထိခိုက် သေဆုံးရမှု လျှော့ချနိုင်ရေး ဆိုတာတွေ အတွက် စစ်ကောင်စီနဲ့ကြား ထိတွေ့ရမယ့် လမ်းကြောင်းမျိုးတွေ လိုအပ်နေတယ် ဆိုတဲ့ စဥ်းစားချက်မျိုးတွေလည်း ရှိနေပါတယ်။

အဲဒီ ရှုထောင့်မျိုးကနေ အခြေခံပြီး မြန်မာ့ အရေး Track 1.5 Dialogue အမျိုးအစား တွေ့ဆုံ နှီးနှော ဖလှယ်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ ပြီးခဲ့တဲ့ မတ်လတုန်းက စပြီး ပြုလုပ်ပါတယ်။

Track 1.5 Dialogue ဆိုတာ သံခင်းတမန်ခင်း ဆိုင်ရာ ဝေါဟာရ ဖြစ်ပြီး၊ အခြေခံ သဘောကတော့ အစိုးရကို ကိုယ်စားပြုသူတွေရော၊ မပြုသူတွေပါ အတူတကွ ပူးပေါင်းပါဝင် စကားပြောဆိုကြတဲ့ ဒိုင်ယာလော့ဂ် တွေ့ဆုံပွဲမျိုး ဖြစ်ပါတယ်။

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒိုင်ယာလော့ဂ်ဟာ အကျိုးရှိစေတယ် ဆိုတဲ့ သုံးသပ်မှုနဲ့အတူ အဲဒီတုန်းကလည်း ပူးပေါင်း ပါဝင်ခဲ့တဲ့ အိန္ဒိယဟာ အချိန်သိပ်မဆိုင်းပဲ နောက်လထဲမှာပဲ အခုလို 1.5 Dialogue အမျိုးအစား မြန်မာ့အရေး ဆွေးနွေးပွဲ နောက်တချီကို ဒေလီမှာ အိမ်ရှင်လုပ် ကျင်းပတာ ဖြစ်ပါတယ်။

စစ်ကောင်စီကို ကိုယ်စားပြုတဲ့ မြန်မာကိုယ်စားလှယ်တွေ၊ မြန်မာနဲ့ နယ်စပ်ချင်းထိနေတဲ့ တရုတ်၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်က ကိုယ်စားလှယ်တွေနဲ့ အာဆီယံ ဆိုရင်လည်း မြန်မာ့အရေးကို အနီးကပ်ကိုင်တွယ် နေရ၊ ကိုင်တွယ်နေခဲ့တဲ့ အာဆီယံ အလှည့်ကျ လက်ရှိ ဥက္ကဋ္ဌနဲ့ ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကိုယ်စားလှယ်တွေလည်း ဧပြီ ၂၅ မှာ စတင်မယ့် ဒေလီဒိုင်ယာလော့ဂ်မှာ ရှိနေကြမယ်လို့ မျှော်လင့်ရပါတယ်။

အစိုးရ အရာရှိတွေတင်မက Track 1.5 Dialogue အမျိုးအစား ဖြစ်တာကြောင့် စိတ်ဝင်စားတဲ့ နိုင်ငံအသီးသီးက တတ်သိပညာရှင်တွေ၊ သုတေသီတွေလည်း တက်ရောက်ကြဖို့ ရှိနေပါတယ်။ အိမ်ရှင် အိန္ဒိယ ဘက်ကလည်း နိုင်ငံခြားရေးရုံး မြန်မာဋ္ဌာနခွဲက သူတွေ၊ မြန်မာ့အရေး ကျွမ်းကျင်သူတွေ တက်မယ်လို့ ဒေလီကလာတဲ့ သတင်းတွေက ဆိုပါတယ်။

အခု ဒေလီ ဒိုင်ယာလော့ဂ်မှာ အာရုံစိုက်ကြမှာကတော့ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ စာနာမှုဆိုင်ရာ အကူအညီတွေ ပေးရေးနဲ့ အာဆီယံ ဘုံ သဘောတူမှု ၅ ချက် လက်တွေ့ အကောင်အထည် ဖော်နိုင်ရေး နည်းလမ်းတွေ ရှာဖွေကြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုလည်း အခု ဒိုင်ယာလော့ဂ်ထဲမှာ ထည့်သွင်း ဆွေးနွေးလာဖွယ် ရှိတယ် ဆိုတဲ့ တွက်ဆမှုမျိုးတွေလည်း ရှိနေပါတယ်။