ကလေးယူတဲ့ ဝန်ထမ်းတွေအတွက် တောင်ကိုရီးယားကုမ္ပဏီတခုက ဒေါ်လာ ၇ သောင်းကျော် ဆုချ - ဖေဖော်ဝါရီ ၅ ရက် နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

တောင်ကိုရီးယား ဆောက်လုပ်ရေး ကုမ္ပဏီ တခုက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကလေး ယူခဲ့တဲ့ သူ့ရဲ့ ဝန်ထမ်းတွေကို ကလေး တယောက်စီအတွက် ဒေါ်လာ ၇၀,၀၀၀ ကျော် ထောက်ပံ့တယ်လို့ ကြေညာလိုက်ပါတယ်။

နိုင်ငံမှာ မွေးဖွားနှုန်းကျဆင်းနေတာကို မြှင့်တင်ဖို့ ကြိုးစားကြရာမှာ ဒီထောက်ပံ့မှု ဟာ ပုဂ္ဂလိက ကုမ္ပဏီတခု အနေနဲ့ အများဆုံး ပမာဏပါ။

မွေးဖွားနှုန်း ကျဆင်းနေတာကို မပြောင်းလဲနိုင်ရင် လာမယ့် အနှစ် ၂၀ အတွင်း တောင်ကိုရီးယားဟာ တိမ်ကောပျောက်ကွယ်သွားမယ်လို့ အဲဒီ ကုမ္ပဏီ ဘွန်ယွန်း ဂရု ရဲ့ ဥက္ကဋ္ဌ လီဂျွန်းကွန်က ပြောပါတယ်။

ဘီလျံနာ တယောက်ဖြစ်တဲ့ မစ္စတာ လီဟာ အခွန်ရှောင်မှုတွေနဲ့ အရေးယူတာကို ၂ ကြိမ်တိုင် ခံရဖူးပါတယ်။

သူထောင်ထဲမှာ နေခဲ့ရပြီး တောင်ကိုရီးယား သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ မနှစ် သြဂုတ်လက လွတ်မြောက်လာကာ စီမံခန့်ခွဲမှု အလုပ်တွေကိုလည်း ဆက်လက် လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အရှေ့အလယ်ပိုင်းကို ရောက်လာ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ဟာ ဒီနေ့မှာ ဆော်ဒီအာရေးဗီးယားကို ရောက်လာပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ ကြား ပဋိပက္ခဖြစ်လာခဲ့ပြီး နောက်ပိုင်း အရှေ့ အလယ်ပိုင်း ဒေသကို သူ ၅ ကြိမ်မြောက်သွားရောက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အစ္စရေး၊ အီဂျစ်၊ ကာတာ နဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

အီရတ်၊ ဆီးရီးယား နဲ့ ယီမင်တို့မှာ အီရန်နဲ့ ဆက်နွှယ်မှုရှိတဲ့ ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းကနေတိုက်ခိုက်ခဲ့ ပြီး မစ္စတာ ဘလင်ကင်ရဲ့ အခုလို ခရီးစဉ်ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

မော်လ်ဒိုက်က အိန္ဒိယစစ်သားတွေကို ပြန်ပို့မယ်လို့ သမ္မတက ကတိပေး

နိုင်ငံတွင်းမှာ အခြေချ တပ်စွဲထားတဲ့ အိန္ဒိယ စစ်သားတွေထဲက ပထမ အသုတ်ကို အချိန်တလကျော်လောက်ကာလ အတွင်းမှာ ပြန်ပို့မယ်လို့ မော်လ်ဒိုက် သမ္မတ မိုဟာမက် မိုအစ်ဇ် က ကတိပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက လုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ သူအနိုင်ရရှိ ခဲ့ပြီးနောက် လွှတ်တော်မှာ ပထမဆုံး မိန့်ခွန်းပြောကြားစဉ် သူက အခုလို ပြောခဲ့တာပါ။

အိန္ဒိယ စစ်သားတွေ ထွက်ခွာသွားကြစေရေး သူတောင်းဆိုခဲ့တဲ့ အချက်ကို မော်လ်ဒိုက် ပြည်သူအများစုက ထောက်ခံခဲ့ကြတယ်လို့ တရုတ်လိုလားသူအဖြစ် သတ်မှတ်ထားကြတဲ့ သမ္မတ မိုအစ်ဇ် က ပြောပါတယ်။

မော်လ်ဒိုက်မှာ အိန္ဒိယ စစ်သား ၈၀ လောက် ရှိနေပါတယ်။

သူတို့ဟာ အရင် မော်လ်ဒိုက် သမ္မတ လက်ထက်က ရောက်နေတာဖြစ်ပြီး အိန္ဒိယက သူတို့ အရင်နှစ်တွေတုန်းက လှူထားတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဥ်တွေကို စောင့်ကြည့် ထိန်းသိမ်းဖို့ သူ့တပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားတာလို့ ပြောပါတယ်။