ဖေဖော်ဝါရီ ၁ ရက် ထိပ်တန်းသတင်းများ - စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မှာ အကူအညီလိုသူ ၁၈ သန်းကျော်ပြီလို့ ကုလပြော

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်တပ်က အာဏာမသိမ်းခင် လွန်ခဲ့တဲ့ ၃ နှစ်က မြန်မာမှာ အရေးပေါ် လူသားချင်းစာနာမှုအကူ အညီလိုအပ်တဲ့ လူဦးရေပမာဏ ၁ သန်းဝန်းကျင်သာရှိခဲ့သော်လည်း အာဏာသိမ်း ၃ နှစ်ပြည့်တဲ့နှစ်မှာတော့ ၁၈.၆ သန်းအထိဖြစ်နေပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ ၃ ပုံ ၁ ပုံအထိ ရှိနေပြီလို့ မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က စစ်အာဏာ သိမ်း ၃ နှစ်ပြည့်တဲ့နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
တစ်ဖက်မှာလည်း စစ်အာဏာသိမ်းထားတဲ့တစ်လျှောက် စစ်တပ်ရဲ့ လုပ်ရပ်တွေထဲမှာ အရပ် သား ပြည်သူ ထောင်နဲ့ချီကို ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာတွေအပြင် အကြမ်းဖက်မှုတွေ ပိုများလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် မီးရှို့တာတွေလည်း ပါဝင်တယ်လို့ ဥရောပသမဂ္ဂ-EU ကိုယ်စား အနောက်နိုင်ငံအများစုပါဝင်တဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ထည့်ပြောထားပါတယ်။
မြန်မာက တိုက်ပွဲတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့အပြင် စစ်တပ်ရဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ပစ်ဖို့ လက်နက်စီးဆင်းမှုတွေ ရပ်တန့်သွားအောင် အားထုတ်လုပ်ဆောင်မှုတွေမှာ နိုင်ငံတကာအဖွဲ့ဝင်နိုင်ငံတွေအားလုံး ပါဝင်အားပေးထာက်ခံကြဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူအပေါ် အကြမ်းဖက်တာတွေ ရပ်တန့်ပြီး မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မြန်မာကို လူသားချင်းဆိုင်ရာ အကူအညီတွေပေးခွင့်ပြုဖို့အပြင် သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် ဖန်တီးပေးဖို့လည်း ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက ရိုဟင်ဂျာတွေ အပါအဝင် ဘာသာရေးနဲ့ တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံတာတွေ ပိုပြီးများလာတယ်လို့ ထောက်ပြထားသလို အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဖို့အတွက် အာဆီယံကိုယ်စားလှယ်တွေနဲ့ အပြု သဘောဆောင်တဲ့ ထိတွေ့ဆက်ဆံတာတွေ ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။
စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ကုလသမဂ္ဂ-UN အပါအဝင် ဥရောပသမဂ္ဂ (EU) ကိုယ်စား ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန် စတဲ့နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကနေ အခုလိုပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ အာဏာသိမ်း ၃ နှစ် ပြည့်တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ နိုင်ငံတော်ကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ် ပြီး နောက်ထပ်အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးထားပါတယ်။
ရန်ကုန်၊ ဆူးလေမှာ ပြုလုပ်တဲ့ စစ်တပ် ထောက်ခံပွဲ

ဓာတ်ပုံ ရင်းမြစ်, BBC
ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့နေ့မှာပဲ ရန်ကုန်မြို့လယ်ခေါင်၊ ဆူးလေတဝိုက်မှာ စစ်တပ်ထောက်ခံသူရာနဲ့ချီ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တဲ့မြင်ကွင်းပဲ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သာသနာ့အလံတပ်ဆင်ထားတဲ့ YBS ဘတ်စ်ကားတွေ၊ အုတ်သဲကျောက်တင်ယာဉ်တွေနဲ့ ထောက်ခံသူတွေရောက်ရှိလာခဲ့ကြပြီး "သာသနာစော်ကားသူတွေကို ဆန့်ကျင်ဖို့၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုဆန့်ကျင်ဖို့ စတဲ့ကြွေးကြော်သံတွေနဲ့ ဆူးလေမြို့တော်ခန်းမအနီး ဆန္ဒပြကြတယ်လို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။
တဖက် တော်လှန်ရေးအဖွဲ့တွေကလည်း စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့နေ့မှာ "အသံတိတ်သပိတ်" ပြုလုပ်ဖို့ နှိုးဆော်ထားခဲ့ပြီး ရန်ကုန်မြို့သာမက မြို့အများစုမှာ ပုံမှန်နေ့ရက်တွေထက် တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်မြို့မှာဆိုရင် ဆူးလေလူကူးတံတားပေါ်ကနေ ဓာတ်ပုံရိုက်ကူးသူတွေကို လုံခြုံရေးရယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်တားဆီးကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအချို့ဆီက သိရပြီး ဖမ်းဆီးခံရသူ ရှိ၊ မရှိကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
"နေ့လယ်လောက်ကပေါ့။ တံတားပေါ်မှာ ဓာတ်ပုံရိုက်တဲ့သူအချို့ရှိတယ်။ အဲဒါကို တံတားပေါ်မှာစောင့်နေတဲ့ ဝတ်စုံပြည့် ဝတ်ထားတဲ့ စစ်သားက မရိုက်ရဘူးလို့ လာတားတယ်။ ဘေးမှာကလည်း တပ်ထောက်ခံပွဲ ဓာတ်ပုံလာရိုက်တဲ့သူ တွေလည်းရှိနေတော့ သူတို့က ကျွန်တော်တို့ ဆန္ဒပြအဖွဲ့နဲ့အတူလာတာလို့ ပြောလိုက်တယ်။ အဲဒါနဲ့ ဆက်ရိုက်ဖို့ ခွင့်ပေးသွားတယ်" လို့ ကိုယ် တိုင်ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အကြမ်းဖက်ရှုတ်ချပွဲလို့ ဆိုထားတဲ့ ဒီဆန္ဒထုတ်ဖော်ပွဲကို နေ့လယ် ၂ နာရီဝန်းကျင်မှာစတင်ပြုလုပ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့လယ်ခေါင်တကြော နေရာယူထားသလို စစ်ကားတွေနဲ့လည်း လှည့်လည်သွားလာနေတယ်လို့ မျက်မြင်တွေဆီက သိရပါတယ်။
စစ်အာဏာသိမ်း ၃ နှစ်ပြည့် ဘန်ကောက် UN ရုံးရှေ့မှာ ဆန့်ကျင် ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲက လူပေါင်းထောင်နဲ့ချီဟာ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ စုဝေးပြီး အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။
ဆန္ဒဖော်ထုတ်နေကြတဲ့သူအများစုကတော့ ထိုင်းမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့သူတွေဖြစ်ပြီး အဲဒီထဲမှာ ပရဟိတအဖွဲ့အစည်းတချို့လည်းပါတယ်လို့ ဆန္ဒပြသူတွေက ဘီဘီစီကိုပြောပါတယ်။
“ဆန္ဒဖော်ထုတ်နေတဲ့လူအင်အားက ၁ ထောင်ကျော်လောက်ရှိပါတယ်။ စစ်တပ်အာဏာသိမ်းတာကို တော်လှန်တဲ့အနေနဲ့ ခုလို ဆန္ဒပြတာပါ” လို့ ဆန္ဒပြပွဲမှာပါဝင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
UN ရုံးရှေ့က ဆန္ဒပြပွဲကို မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ ညနေ ၄ နာရီမှာလည်း ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲ ထပ်ပြီးကျင်းပသွားမယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာလည်း ဒီနေ့မှာ အသံတိတ်သပိတ်နဲ့ အဖြူရောင် လှုပ်ရှားမှုဆိုပြီး ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ အပါအဝင် တနိုင်ငံလုံးမှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်မထွက်ကြဘဲ အိမ်ထဲ၊ ရုံးတွေထဲမှာပဲ နေထိုင်ကြဖို့ ဆော်သြလှုပ်ရှားမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
အာဏာသိမ်း ၃ နှစ် ပြည့်တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီက နိုင်ငံတော်ကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ် ပြီး နောက်ထပ်အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးထားပါတယ်။
စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ပြီ

မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁ ရက်ကစလို့ အာဏာသိမ်းမှုဟာ ဒီနေ့မှာ ၃ နှစ်တင်းတင်းပြည့်ပြီဖြစ်ပါတယ်။
စစ်ကောင်စီကတော့ စစ်ကောင်စီက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလကို မနေ့က နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆိုပြီး တစ်နှစ်သက်တမ်းနဲ့အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနောက် အရေးပေါ်ကာလ ၆ လ သက်တမ်းကို အကြိမ်ကြိမ်တိုးခဲ့တာ အခုတစ်ကြိမ်နဲ့ ၅ ကြိမ်ရှိပြီဖြစ်ပါတယ်။
နိုင်ငံတဝန်း တည်ငြိမ်ဖို့လိုသေးတယ်ဆိုတဲ့ သာမန် မဟုတ်သောအခြေအနေ ဆိုတဲ့ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၂၅ ကိုသုံးပြီး အကြောင်းပြချက်ပေးပြီး ဒီတစ်ကြိမ်မှာလည်း သက်တမ်းထပ်တိုးတာပါ။
အာဏာသိမ်းမှု ၃ နှစ်ပြည့်တဲ့ ဒီနေ့မှာတော့ မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသဖို့ အပြင်မထွက်၊ ရုံးမတက်တဲ့ ‘’တိတ်ဆိတ်ခြင်းသပိတ်’’ ကို ဆင်နွှဲဖို့ လူမှုကွန်ရက်မှာ တိုက်တွန်းမှု တွေရှိနေပြီး မြို့ကြီးတချို့မှာ အဲဒီသပိတ်ကို ဆင်နွှဲနေကြပါတယ်။
"လုံးဝရှင်းနေတာမျိုးတော့မဟုတ်ဘူး။ ပုံမှန်ထက်တော့ သိသိသာသာရှင်းတယ်။ စစ်ကောင်စီဘက်က အစစ်အဆေးတော့မတွေ့ရဘူး။ ဒါပေမဲ့ စစ်တပ်ထောက်ခံသူတွေ ဆူးလေမှာလုပ်မယ့် ဆန္ဒပြပွဲအတွက်တော့ မိုင်တဲရုံးနားမှာ လူစုနေကြတယ်" လို့ ရန်ကုန်မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပြည်တွင်းမှာ လုံခြုံရေးအခြေအနေကြောင့် စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လမ်းပေါ်တက် ဆန္ဒပြတာမျိုး မတွေ့ရသေးပေမဲ့ ပြည်ပမှာ အထူးသဖြင့် ထိုင်းနိုင်ငံမှာတော့ ထိုင်းရောက်မြန်မာတွေက ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးရှေ့နဲ့ ကုလသမဂ္ဂရုံးအရှေ့မှာ စုဝေးဆန္ဒပြကြဖို့ ရှိနေပါတယ်။
မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့ ကုမ္ပဏီနှစ်ခုနဲ့ လုပ်ငန်းရှင် မိသားစုကို အမေရိကန်အရေးယူ

ဓာတ်ပုံ ရင်းမြစ်, JFM
မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီ MEHL လက်အောက်ခံ မြန်မာ့ကြယ်ငါးပွင့်ကုမ္ပဏီ၊ ဦးပိုင်နဲ့ နှစ်ရှည် စီးပွားရေးပူးပေါင်းဆောင်ရွက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းစုအပါအဝင် ပိုင်ရှင်ဖြစ်တဲ့ ဦးသိန်းဝင်းဇော်၊ ဇနီးဖြစ်သူ ဒေါ်တင်မင်းလတ်နဲ့ သားသမီးတွေဖြစ်တဲ့ မသိမ့်ဝင်းထက်နဲ့ ကိုဝင်းပိုင်ကျော် တို့ကို အာဏာသိမ်းသုံးနှစ်ပြည့်မှာ အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။
အခုအရေးယူပိတ်ဆို့လိုက်တဲ့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေဟာ အာဏာသိမ်းစကတည်းက အမေရိကန်အစိုးရရဲ့ အရေးယူပိတ်ဆို့ခံခဲ့ရတဲ့ စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီကိုယ်စား နိုင်ငံခြားငွေပေး ချေတာ၊ ရေနံနဲ့ အခြားပစ္စည်းတွေ တင်သွင်းတာကို လုပ်ပေးခဲ့တယ်လို့ အမေရိကန်က ဖော်ပြပါတယ်။
၂၀၀၀ပြည့်နှစ်ကတည်းကထူထောင်ထားတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းစုဟာ ရေနံတင်သွင်းဖြန့်ဖြူးဖို့အတွက် မြန်မာစစ်တပ်နဲ့သမိုင်းဝင်ဆက်ဆံရေးရှိနေပြီး ဒီလုပ်ငန်းစုအောက်မှာ ရေနံ၊ ထုတ်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအပါအဝင် အနည်းဆုံးလုပ်ငန်းခွဲ ၉ ခုအထိရှိနေတာပါ။
အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ရုံးအဖွဲ့ OFAC ကနေ အခုလိုကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေကို အရေးယူပိတ်ဆို့ကြောင်း ဇန်နဝါရီလ ၃၁ရက် ရက်စွဲနဲ့ ထုတ်ပြန်လာခဲ့တာပါ။
ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းစု ဦးဆောင်သူ ဦးသိန်းဝင်းဇော်နဲ့ သူ့မိသားစုဝင်တွေဟာ မြန်မာ့စီးပွားရေးမှာ ကုမ္ပဏီပေါင်းအနည်းဆုံး ၂၀ ခန့် ရှိပြီး စစ်အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိနေတယ်လို့ အမေရိကန်ဘက်က ထည့်သွင်းဖော်ပြပါတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းစုထဲက စက်သုံးဆီကုမ္ပဏီကိုတော့ ဖျက်သိမ်းကြောင်း ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက စစ်တပ်ပိုင် မြဝတီသတင်းစာမှာကြေညာခဲ့ပါတယ်။ စက်သုံးဆီတင်မကဘဲ ဘဏ်၊ တယ်လီကွန်း၊ သစ် နဲ့ ကျောက်မျက်လုပ်ငန်းတွေအထိ လက်တံရှည်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုက သူတို့ရဲ့ စက်သုံးဆီကုမ္ပဏီကို လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကို အသုံးပြုပြီး ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းသုံးနှစ်ပြည့်နေ့မှာ အမေရိကန်အစိုးရကနေ ထပ်မံဒဏ်ခတ်ပိတ်ဆို့ခဲ့တဲ့ ဒီကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ကနေဒါအစိုးရက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက အရေးယူထားခဲ့ပါသေးတယ်။
ဒီကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေ ဆက်စပ်နေတဲ့ဆိုတဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကိုတော့ အာဏာသိမ်းစ ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်ကတည်းက အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူထားခဲ့ပါတယ်။
မြောက်ဦးနဲ့ ကျောက်တော်က စစ်ကောင်စီတပ်ရင်းတွေကို အေအေသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်မှာ စစ်တပ်နဲ့ အေအေကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး မြောက်ဦး အခြေစိုက် စစ် တပ် ခြေမြန်တပ်ရင်း (ခမရ-၅၄၀) နဲ့ ကျောက်တော်အခြေစိုက် စစ်တပ် ခြေမြန်တပ်ရင်း (ခမရ -၃၇၄)ကို ဇန်နဝါရီ ၃၀ ရက် တစ်ရက်တည်းမှာပဲ အေအေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အေအေဘက်က ထုတ်ပြန်ပြီးနောက် ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
မြောက်ဦးမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရင်းတွေကို အေအေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ကလည်း လေကြောင်းအသုံးပြုပြီး ခုခံတိုက်ခိုက်နေတာကြောင့် ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေတာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မြောက်ဦးမြို့တွင်း နေရာ တော်တော်များများ မီးလောင်ကျွမ်းနေပြီး မြေပြင်မှာ မီးငြှိမ်းကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးကတော့ မီးလောင်ပျက်စီးသွားတဲ့ ဒေသခံနေအိမ်စုစုပေါင်း ၁၅၀ ကျော်ရှိနေပြီလို့ ဘီဘီစီကိုပြောပါတယ်။
ကျောက်တော်မြို့တဝိုက်ကိုလည်း စစ်တပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မင်းပြားမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရင်း ၂ ခုကို အေအေဘက်က ဆက်လက်တိုက်ခိုက်နေပြီး အဲဒီတပ်ရင်း ၂ ခုထဲက (ခမရ-၃၇၉) ရဲ့ ဧရိယာတစ်ဝက်နီးပါးကိုတော့ အေအေဘက်က ထိန်းချုပ်ထားနိုင်တယ်လို့ ဒေသခံ အချို့က အတည်ပြုသလို တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားတဲ့ စစ်လက်နက်ပစ္စည်းတွေကိုလည်း အေအေဘက်က ပုံနဲ့တကွ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။








