မောင်းသူမရှိဘဲ ထွက်သွားတဲ့ အိန္ဒိယ ကုန်တင်ရထား - ဖေဖော်ဝါရီလ ၂၆ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, ANI
အိန္ဒိယမြောက်ပိုင်းမှာ တနင်္ဂနွေနေ့က ကုန်တင်ရထားတစင်း မောင်းတဲ့သူမပါဘဲ ကီလိုမီတာ ၇၀ ကျော် ခရီး ရောက်သွားခဲ့တဲ့ ကိစ္စအပေါ် စုံစမ်းစစ်ဆေးဖို့ အိန္ဒိယ ရထားဌာနက အမိန့်ထုတ်လိုက်ပါတယ်။
ရထားမောင်းတဲ့သူနဲ့ သူ့လက်ထောက်ဟာ တာဝန်လဲဖို့အတွက် ရထားပေါ်ကဆင်းပြီး တခြားအဖွဲ့ကို စောင့်နေစဉ်မှာ ရထားက ကုန်းဆင်းလမ်းပေါ်ကနေ ရွေ့လျား ထွက်သွားခဲ့တာပါ။
မောင်းသူမဲ့ ဒီရထားရဲ့အမြန်နှုန်းက တနာရီ ကီလိုမီတာ ၁၀၀ နီးပါးနှုန်းအထိရှိခဲ့ပြီး သူ့ကို မရပ်နိုင်ခင် ဘူတာပေါင်း ၅ ဘူတာ ကို ရထားက ဖြတ်ကျော်သွားခဲ့ပါတယ်။
ဒီအဖြစ်မှာ လူတဦးတယောက်မှ ထိခိုက်တာမရှိခဲ့ပါဘူး။
ဒီရထားမှာ ကုန်တင်တွဲပေါင်း ၅၃ တွဲပါခဲ့ပြီး ကျောက်ခဲစတွေကို သယ်ကာ ပန်ဂျပ် ကနေ ဂျမူးကို သွားစဥ်မှာ ဒီအဖြစ် ဖြစ်ခဲ့တာပါ။
သစ်သားအတားအဆီးတွေ ရထားလမ်းပေါ်ချ အရှိန်လျော့အောင် လုပ်ပြီး ရထားရပ်သွားအောင် လုပ်ခဲ့ပါတယ်။
ဂါဇာမှာ သိမ်းကျုံးအပြစ်ပေးလို့ မရဘူးလို့ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ဂါဇာမှာ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သားပေါင်း သောင်းနဲ့ချီသေဆုံးခဲ့ရပြီလို့ ဆိုပြီး ဘယ်လို အကြောင်းကိစ္စနဲ့မှ လူတွေအားလုံးကို သိမ်းကျုံးအပြစ်ပေးလို့ မရဘူးလို့ ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးပွဲ အဖွင့်မိန့်ခွန်းမှာ မစ္စတာ ဂူတားရက်စ်က အခုလို ပြောခဲ့တာဖြစ်ပြီး ဂါဇာ ပဋိပက္ခ နဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့အရေးတွေမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တုံ့ပြန်မှုတွေ မလုံလောက်ခဲ့တဲ့အပေါ်မှာလည်း ဝေဖန်လိုက်ပါတယ်။
လုံခြုံရေးကောင်စီက လုံလောက်အောင် မလုပ်နိုင်ခဲ့တာဟာ ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်အာဏာကို အကြီးအကျယ် ချိုးနှိမ်လိုက်တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး ဥပဒေတွေက ထိုးနှက်ခံနေရတဲ့ နေရာမှာ ရောက် နေပြီလို့လည်း ဂျနီဗာက အဲဒီအစည်းအဝေးမှာ သူက ပြောသွားပါတယ်။
တောင်ကိုရီးယားမှာ ဆန္ဒပြ ဆရာဝန်တွေ အလုပ်ပြန်ဆင်းဖို့ အမိန့်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားမှာ အခုဆိုရင် သီတင်းပတ် တပတ်ကြာ သပိတ်မှောက်ဆန္ဒပြနေတဲ့ ဆရာဝန်တွေကို ကြာသပတေးနေ့ နောက်ဆုံးထားပြီး အလုပ်ပြန်မဆင်းရင် အပြစ်ပေးတော့မယ်လို့ တောင်ကိုရီးယားအစိုးရက ခြိမ်းခြောက်လိုက်ပါတယ်။
အလုပ်ပြန်မဝင်တဲ့ ဆရာဝန်တွေကို အလုပ်တာဝန် ၃ လ ရပ်ဆိုင်းတာ ဒါမှမဟုတ် အရေးယူတာ တခုခု လုပ်မယ်လို့ ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။
အလုပ်သင် ဆရာဝန် တသောင်းနီးပါး ဆန္ဒပြနေကြပြီး စီနီယာ ဆရာဝန်အများစုက တော့ အလုပ်ထဲမှာပဲ ရှိနေပါတယ်။
ဆရာဝန်တွေ ဆန္ဒပြနေတာကြောင့် ခွဲစိတ်မှုတွေ ရွှေ့ဆိုင်းနေရသလို ဆေးရုံတွေမှာ အခက်အခဲတွေ အများကြီး ဖြစ်ပေါ်နေပါတယ်။
တောင်ကိုရီးယားမှာ ဆရာဝန်တွေ နည်းနေတဲ့အပေါ် ဆေးကျာင်းသားတွေ တိုးမြှင့် လက်ခံမယ့် အစိုးရရဲ့ အစီအစဉ်အပေါ် ဆရာဝန်တွေက ဆန့်ကျင်ဆန္ဒပြနေတာပါ။








