NUG တစ်နှစ်အတွင်း အဆုံးသတ်တိုက်ပွဲ တကယ်တမ်း ဖော်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, MoD-NUG
အခုလာမယ့် တစ်နှစ်တာ ကာလဟာ အဆုံးသတ် တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ပဲ ဆိုပြီး NUG က လတ်တလောမှာပဲ ထုတ်ပြန်ပါတယ်။ သူတို့ဟာ မဟာမိတ် အင်အားစုတွေနဲ့ မဟာဗျူဟာမြောက် စုစည်းထားတယ်၊ အာဏာသိမ်းစစ်တပ်ကို ဘက်ပေါင်းစုံက ထိုးနှက်မယ် လို့လည်း ဆိုထားပါတယ်။
NUG ဖွဲ့စည်းတည်ထောင်ခဲ့တာ တစ်နှစ်တာ ပြည့်မြောက်တဲ့ ကာလအချိန်၊ တစ်နှစ်ပြည့် အစီရင်ခံစာနဲ့ အတူ ပြည်သူ့ ခုခံရေးစစ်ရဲ့ လာမယ့် တစ်နှစ်တာအတွင်း ဘာတွေရည်မှန်းထားသလဲ ဆိုတာ ထုတ်ပြန်တာ ဖြစ်ပါတယ်။
တစ်နှစ်ပြည့်အချိန်မှာ ပြန်သုံးသပ်ရင် စစ်ရေးမှာ တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ခိုင်မာတဲ့ PDF ဖွဲ့စည်းထားတယ်လို့ NUG က ဆိုပါတယ်။
နယ်မြေစိုးမိုးရေးမှာလည်း တစ်နိုင်ငံလုံးရဲ့ ၅၀% ကျော်ကို စိုးမိုးထားပြီး ဖြစ်တယ်လို့ ကြေညာပါတယ်။ ဒါ့အပြင် မဟာမိတ် စုဖွဲ့မှု အပိုင်းကိုကြည့်ရင်လည်း စစ်ကောင်စီကို အပြီးသတ် ချေဖျက်ဖို့ရာ တိုင်းရင်းသား မဟာမိတ်တွေနဲ့ကြား တိကျခိုင်မာတဲ့ သဘောတူမှု ရရှိထားတယ်လို့ NUG က ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ရင်းမြစ်, NUG
နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍကို ကြည့်ပြန်ရင်လည်း နိုင်ငံတကာ အစိုးရ အဖွဲ့တွေရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့ NUG ကိုယ်စားလှယ်တွေ လူချင်းတွေ့ဆုံမှုတွေပါ ပြုလုပ်နေကြပြီး၊ စစ်ကောင်စီဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကြား ပြန်ဝင်တိုးဖို့ရာ အခြေအနေ မရှိတော့ဘူးလို့ ဆိုထားပါတယ်။
အဲဒီအချက်တွေ အပါအဝင် တစ်နှစ်ပြည့် အစီရင်ခံစာ အကျဥ်းချုပ်နဲ့ အတူ၊ လာမယ့် တစ်နှစ်တာ အတွက် အစီအစဥ်ဆိုပြီးတော့လည်း NUG က တစ်ပါတည်း ထုတ်ပြန်တာ ဖြစ်ပါတယ်။
အဲဒီ တစ်နှစ်တာ အစီအစဥ်ထဲမှာ အထက်မှာ ဖော်ပြခဲ့သလို အခုလာမယ့် တစ်နှစ်တာဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ် ဖြစ်တယ်၊ ဘက်ပေါင်းစုံကနေ နောက်ဆုံး ပွဲသိမ်း ထိုးနှက်မယ် စသဖြင့် ပြောထားပါတယ်။
အဲဒီလို ဖြစ်ဖို့ရာ အဓိက လိုအပ်ချက်တွေကတော့ ... ပြည်သူလူထုရဲ့ ထောက်ခံ ပါဝင်မှု၊ တော်လှန်ရေး အင်အားစုတွေရဲ့ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု၊ တော်လှန်ရေး ရန်ပုံငွေ ဖြည့်ဆည်းမှုနဲ့ လက်နက်တပ်ဆင်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတော့ အခု လာမယ့် တစ်နှစ်တာ အတွင်း NUG ကြွေးကြော်ထားသလို လက်နက်ကိုင်တော်လှန်ရေး နောက်ဆုံးအဆင့်ကို ရောက်လာပြီး အောင်အောင်မြင်မြင် အဆုံးသတ်ဖို့ ဆိုတာ ပကတိ အခြေအနေတွေကို ထင်ဟပ်ပါရဲ့လား။ ဘယ်လောက် လက်တွေ့ကျသလဲ .. စတာတွေကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့်တာဝန်တွေ ယူခဲ့ပြီး မြန်မာ့ အရေးကို နှစ်ရှည်လများ အနီးကပ် စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသီ ဒေးဗစ် မက်သီဆန်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, bistandsaktuelt
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ။ ။ NUG က သူတို့ တည်ထောင်တာ တစ်နှစ်ပြည့်ချိန် ထုတ်ပြန်လာတဲ့ အထဲ လာမယ့် တစ်နှစ်တာဟာ အဆုံးသတ် တိုက်ပွဲ အတွက် အဆုံး အဖြတ်နှစ် ဖြစ်လိမ့်မယ်၊ နောက်ဆုံးပွဲသိမ်း ထိုးနှက်ချက် ဖြစ်မယ် အစရှိသဖြင့် ပြောထားတာ တွေ့ရပါတယ်။ ဒီတော့ NUG ရဲ့ အဲဒီ ပြောဆိုမှုတွေဟာ ဘယ်လောက်လက်တွေ့ကျလဲ၊ ပကတိ အခြေအနေတွေ အပေါ် ဘယ်လောက် ထင်ဟပ်လဲ ဆိုတဲ့ အပေါ် ဒေးဗစ် အနေနဲ့ ဘယ်လို သုံးသပ်ထားပါသလဲ ခင်ဗျ။
ဒေးဗစ် မက်သီဆန်။ ။ NUG ဘက်က သူတို့ အနေနဲ့ ဘယ်လမ်းကြောင်းမျိုးကို သွားနေတယ်၊ မြန်မာ စစ်တပ် အပေါ် အောင်နိုင်ဖို့ရာ ဘယ် အရာတွေကို ဦးစားပေး လုပ်ဆောင်မယ် စသဖြင့် ခြုံငုံပြောထားတဲ့ တစ်နှစ်တာ အတွက် ကြေညာချက် ပုံစံ ထုတ်ပြန်ပေးတာဟာ ကောင်းပါတယ်။
သူတို့ ပြောဆိုထားချက်တွေထဲ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ရည်မှန်းချက်တွေ အပါအဝင် အများပြည်သူ ပူးပေါင်း ပါဝင်ရေးတို့လို အကြောင်းရာ အမျိုးမျိုးကို ခြုံငုံမိအောင် ထည့်သွင်း ထားပါတယ်။
ဒါတွေ အားလုံးဟာ ကြိုဆိုရမယ့် အရာတွေ ဖြစ်ပေမယ့်၊ အဲဒီ ခြုံငုံ ပြောဆိုထားချက်တွေ သက်သက်ကို ကြည့်မယ် ဆိုရင်တော့ ၊ အသေးစိတ် အချက်အလက်တွေ မပါဝင်ပဲ ခပ် ဝေဝေဝါးဝါး ပုံစံမျိုးကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ့ အပေါ်မှာလည်း ကျွန်တော် အတိုင်းအတာ တစ်ခုအထိ နားလည် နိုင်ပါတယ်။ ဘယ်လို ဘယ်ပုံတွေ လုပ်မယ် ကိုင်မယ် ဆိုတဲ့ ဗျူဟာမြောက် အချက်အလက် အကြောင်းအရာ ဆိုတာမျိုးတွေက လူပုံအလယ် ထုတ်ပြောဖို့ မဖြစ်နိုင်ပါဘူး။
ကျွန်တော့် အနေနဲ့ အဓိက ထောက်ပြ ချင်တာကတော့ ထုတ်ပြန်ချက် တစ်ခုလုံးရဲ့ အဓိက ပုံဖော်မှုဟာ တစ်နှစ် အတွင်း အောင်ပွဲရယူမယ် ဆိုတဲ့ အချက်ကို NUG က ပြောနေတာမျိုး ဖြစ်ပါတယ်။
လက်ရှိ အခြေအနေတွေကို ကြည့်ရင် အင်မတန် အညှာအတာ ကင်းပြီး ဆောက်တည်ရာမဲ့ အခြေအနေမျိုးတွေ ပေါ်ပေါက် နေစေတဲ့ ပဋိပက္ခတွေကို လူတွေ့ လက်တွေ့ ရင်ဆိုင် ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။ မသေချာ မရေရာခြင်း အတိ ပေါ်ပေါက် ဖြစ်ထွန်း နေတာကသာ ပကတိအခြေအနေ အစစ်အမှန် ဖြစ်ပါတယ်။
ဒီအချိန်မှာ အခုလိုမျိုး “တစ်နှစ်အတွင်း” ဆိုတဲ့ အချိန်ကာလ အပိုင်းအခြား time frame ပေးတာမျိုးဟာ လုပ်ကောင်းတဲ့ အရာမျိုးလို့ ကျွန်တော့် အနေနဲ့ မရှုမြင်ပါဘူး။
နောက်တစ်ချက် ကျွန်တော် စိုးရိမ် မိတာကတော့ သူတို့ အနေနဲ့ နယ်မြေ ထိန်းချုပ်မှု ဘယ်လောက် ရာခိုင်နှုန်း ရှိတယ် ဆိုတဲ့ ပြောဆိုမှု အပေါ်မှာ ဖြစ်ပါတယ်။ တချို့ အချက်အလက်တွေဟာ အများပြည်သူကို misleading လို့ခေါ်တဲ့ “နားလည်မှု လွဲမှားစေတာ၊ တလွဲ သဘောပေါက်စေတာမျိုး” ဖြစ်သွားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ထိန်းချုပ်နယ်မြေတွေနဲ့ ပတ်သက်ပြီး NUG ရဲ့ ပြောဆိုမှုတချို့ဟာ အများပြည်သူကို လမ်းလွဲ သွားစေနိုင်တယ် ဆိုတာ ဘာကို ဆိုလိုတာလဲ ဒေးဗစ်ရေ ... ။
ဒေးဗစ် မက်သီဆန်။ ။ အမျိုးသား ညီညွတ်ရေး အစိုးရက သူတို့ဟာ တိုင်းပြည်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို စိုးမိုး ထိန်းချုပ် ထားနိုင်တယ် ဆိုပြီး ပြောတဲ့ အပေါ် ကျွန်တော် စိုးရိမ်ပါတယ်။ ဒါဟာ ဖြစ်နိုင်ခြေ မရှိသလောက်ပါပဲ။
သူတို့ချည်းသက်သက်ကို ဆိုလိုတာ မဟုတ်ပဲ မိတ်ဖက် တိုင်ရင်းသား အင်အားစု အသီးသီးရဲ့ စွမ်းဆောင်မှု အားလုံးကို စုပေါင်း ပုံဖော် ပြောဆိုတာမျိုး အဖြစ် အဓိပ္ပာယ် ဖွင့်မယ့်သူတွေလည်း ရှိနေနိုင်ပါတယ်။
ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်းစီဟာ မူလ ဖွဲ့စည်း တည်ဆောက်မှုကို ကျော်လွန်ပြီး တော်လှန်ရေးကြီး တစ်ရပ်ကို တစ်လုံးတစ်စည်းတည်း စုပေါင်း ဆင်နွှဲ နေကြတယ် ဆိုတာမျိုး အထိ ရောက်နေပြီလို့ မမြင်ရသေးပါဘူး။
နယ်မြေ ထိန်းချုပ်မှုတွေ အတိုင်းအတာ တစ်ခု အထိ ရှိကြပြီး စစ်ကောင်စီတပ်တွေနဲ့ကြား ထိတွေ့ တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့ ကရင် KNU ဖြစ်စေ၊ ရခိုင် AA တို့ ဖြစ်စေ ... သူတို့ဟာ သူတို့ အဖွဲ့အစည်းတွေကို rebrand လို့ ခေါ်တဲ့ အဖွဲ့အစည်းပုံရိပ် ပြင်ဆင် ပြောင်းလဲတာမျိုး မလုပ်ကြပါဘူး။။ ဥပမာ- နွေဦးတော်လှန်ရေး မဟာမိတ် အဖွဲ့ဝင် ဆိုတာမျိုး ပြောင်းလဲ ခံယူတာ မတွေ့ရပါဘူး။ ဝ တပ်ဖွဲ့ UWSA ဆိုရင် ပိုပြီး ဝေးပါလိမ့်မယ်။
အခုလို ... နယ်မြေ ထိန်းချုပ်မှု ၅၀ ရာခိုင်နှုန်းကျော် ရှိတယ် ဆိုတဲ့ အပြောမျိုးဟာ မြန်မာ့အရေး အထူးအကြံပေး ကောင်စီ ဆက်-အမ် (SAC-M) အဖွဲ့ဆီက ထွက်လာခဲ့တဲ့ ထုတ်ပြန်ချက်နဲ့ ဆက်စပ် နေတယ်လို့ ကျွန်တော် မြင်ပါတယ်။
SAC-M ရဲ့ အစီရင်ခံစာထဲမှာ ပါတဲ့ “နယ်မြေ ထိန်းချုပ်မှု ၅၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီ လက်ထဲမှာ မရှိဘူး” ဆိုတဲ့ အချက်ကို ပဲ့တင်ထပ်ပြီး ထပ်ဆင့် ကိုးကား ပြောတာတွေ အတော် လိုက်လုပ် နေကြပါတယ်။
စစ်ကောင်စီ တကယ်ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်တာ နယ်မြေ ရာခိုင်နှုန်း ၂၀ ဝန်းကျင်ပဲ ရှိတယ် ဆိုတဲ့ SAC-M အစီရင်ခံစာပါ အချက်မျိုးဟာ လူအများကို လမ်းလွဲ သွားစေနိုင်တယ်လို့ ကျွန်တော် စိုးရိမ် မိပါတယ်။
နယ်မြေပိုင်စိုးမှု ရာခိုင်နှုန်း အများစုဟာ NUG နဲ့ တော်လှန်ရေး မိတ်ဖက်တွေ လက်ထဲမှာလို့ ပြောနေချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခ ရှိနေတဲ့ နေရာတိုင်း ... စစ်ကိုင်းနဲ့ မကွေး လို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာရော၊ ချင်းတောင်တန်းဒေသနဲ့ တိုင်းပြည်ရဲ့ အရှေ့တောင်ဘက် ဒေသတွေမှာပါ လူတွေ ဘယ်လောက် အတိ ဒုက္ခရောက် နေကြသလဲ ဆိုတာ လက်တွေ့ မြင်နေရပါတယ်။
နောက်တစ်ခု NUG အပေါ် အထင်အမြင် လွဲမှားသွားစေနိုင်တဲ့ အန္တရာယ်ကတော့ အဲဒီလို “ရာခိုင်နှုန်း ၅၀ ကျော် ထိန်းချုပ်နိုင်ပြီ” ဆိုတဲ့ အပြောမျိုးဟာ တိုင်းပြည်တလွှား ပေါ်ပေါက်နေတဲ့ ခုခံတော်လှန်မှု အမျိုးမျိုးရဲ့ နာမည်ကောင်းကို NUG ကပဲ မောင်ပိုင်စီးလိုက်တာလား ... ခရက်ဒစ် ဝင်ယူတာလား ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိစေနိုင်ပါတယ်။
လက်တွေ့မှာလည်း NUG ထံက ဘဏ္ဍာရေး အကူအညီရော၊ လက်နက် အထောက်အပံ့ပါ ရရှိမနေတဲ့ ... NUG ရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက် ရှိမနေကြတဲ့ အင်အားစုတွေ အများကြီးပါပဲ။ အကြမ်းမဖက်နည်းနာနဲ့ အာဏာဖီဆန်ကြတဲ့ CDM သမားတွေ၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDFတွေ၊ တိုင်းရင်းသား အဖွဲ့တွေ အများကြီး ရှိပါတယ်။
မြန်မာ စကားမှာလည်း “နှမ်းဖြူးတယ်” ဆိုပြီး ပြောတာမျိုး ရှိတယ်မလား ... အားလုံးပြီးမှ ဝင်ပြီး သူပဲ လုပ်သလိုလို ပုံစံမျိုးဖမ်းတယ်လို့ NUG အပေါ် အထင်အမြင် လွဲသွားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ အခုနက ဒေးဗစ် ပြောခဲ့သလိုပဲ .. NUG ကိုင်တွယ်ရတဲ့ အရာတွေဟာ စစ်ရေး မျက်နှာစာ တစ်ခုတည်းတင် မကပဲ ... စီးပွားရေး၊ နိုင်ငံရေး ... နိုင်ငံတကာ ဆက်ဆံရေး အစရှိသဖြင့် မျက်နှာစာ တော်တော်များများ ရှိပါတယ်။ ဒီတော့ NUG အနေနဲ့ ဘယ် ကဏ္ဍတွေမှာ တကယ့်ကို အားသက်ချက်တွေ ရှိတယ်လို့ မြင်ထားလဲ ဒေးဗစ်ရေ ...
ဒေးဗစ် မက်သီဆန်။ ။ စစ်ကောင်စီ ကျူးလွန်နေသမျှ ရက်စက်မှုတွေ၊ အဆင်ခြင်မဲ့မှုတွေ၊ လူမဆန်မှုတွေနဲ့ ယှဥ်ထိုးရင် NUG၊ NUCC နဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ နိုင်ငံရေး အရ မှန်ကန်မှုဟာ အငြင်းပွားဖွယ်ရာ မရှိပါဘူး။
စစ်ကောင်စီဘက်က နိုင်ငံရေး အရ ပြင်ဆင်မှု၊ နိုင်ငံရေး လမ်းကြောင်း ဖွင့်ပေးမှု အနေနဲ့ ၂၀၂၃ ရွေးကောက်ပွဲလို့ ပြောနေပေမယ့်၊ အဲဒီ ရွေးကောက်ပွဲ အပေါ် ဘယ်သူတွေကပဲ အလေးအနက်ထားတယ် ဆိုတာကလည်း သိသာ နေပါတယ်။
NUG ဘက်က စစ်ကောင်စီ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်တာဟာ တိကျ ပြတ်သားတဲ့ နိုင်ငံရေး ရပ်တည်မှု၊ နိုင်ငံရေး ဦးဆောင်မှု အဖြစ် မြင်နိုင်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲ ဝင်မယ့်သူတွေ အပေါ် ဘယ်လို သဘောထားမှာလဲ ... ပစ်မှတ်ထား တိုက်ခိုက်တာ ... သတ်ဖြတ်တာမျိုးတွေ ဖြစ်လာမလား ... စတဲ့ ရှုပ်ထွေးမှုတွေလည်း ပေါ်လာနိုင်ပါတယ်။
လက်ရှိ ပေါ်ပေါက်နေခဲ့တဲ့ လူတစ်ဦးချင်းစီ အပေါ် ပစ်မှတ်ထား သတ်ဖြတ်မှုတွေနဲ့ စပ်လျင်းပြီးတော့လည်း မေးခွန်း တွေ ၊ စိုးရိမ်မှုတွေ ရှိနှင့်နေပြီး ဖြစ်ပါတယ်။ ဒီတော့ NUG နဲ့ NUG လက်အောက်ခံ ဖြစ်စေ၊ သီးခြား လက်နက်ကိုင် အင်အားစု ဖြစ်စေ ... ပစ်မှတ်ထား သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ စဥ်းစား ဆုံးဖြတ်တဲ့ နေရာတွေမှာ အတော်လေး သတိ ထားသင့်ပါတယ်။
အစစအရာရာ တိုင်ပင်ကြ၊ ဆွေးနွေးကြ၊ ပူးပေါင်း ဆောင်ရွက်ကြတဲ့ အခါမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အရပ်ဘက် အဖွဲ့တွေ၊ ရပ်ရွာလူထု ခေါင်းဆောင်တွေ အားလုံးကို တတ်နိုင်သမျှ ပါဝင် စေဖို့ လိုပါတယ်။ မတူတဲ့ အမြင်တွေ၊ အပြုသဘော ဝေဖန်မှုတွေကိုလည်း လက်ခံ ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့သာ ဦးဆောင်မှု ကဏ္ဍကို တည်ဆောက် ယူနိုင်မယ်လို့ ထင်ပါတယ်။
NUG ပြောသမျှ “ဘုရားသခင်နှုတ်ထွက်စကား” သဖွယ် အားလုံးက လိုက်နာရမယ်လို့ မမျှော်လင့် နိုင်ပါဘူး။ NUG ဟာ နိုင်ငံရေး အရ မိုနိုပိုလီ လုပ်တယ်၊ လက်ဝါးကြီး အုပ်တယ် ဆိုတဲ့ အမြင်မျိုး တချို့ အင်အားစုတွေကြားမှာ ရှိနေတယ်လို့ ကျွန်တော် နားလည် ပါတယ်။ ဒါဟာ ပူးပေါင်း လုပ်ဆောင်ရေးတွေမှာ အခက်တွေ့စေနိုင်ပါတယ်။
နိုင်ငံတကာ ဆက်ဆံရေးကို ကြည့်ရင်လည်း အားသာချက် အားနည်းချက်တွေ ရှိပါတယ်။ NUG နိုင်ငံခြားရေး ဝန်ကြီး အပါအဝင်၊ NUG ရဲ့ တချို့ ခေါင်းဆောင်ပိုင်းက သူတွေ နိုင်ငံတကာမှာ ထိုးဖောက် သွားလာ နေကြတယ်၊ ထိတွေ့ ဆက်ဆံနေကြတယ်၊ ဆွေးနွေးပြောဆိုမှု၊ တောင်းဆိုမှုတွေ လုပ်ဆောင် နေကြတယ် ... စသဖြင့် ကောင်းမွန်တဲ့ အချက်တွေ ရှိနေပါတယ်။
တစ်ဖက်မှာလည်း ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်၌ အားကိုးလို့ မရတဲ့ ယန္တရား ဖြစ်နေပြီး၊ အာဆီယံနည်း ဆိုတာကလည်း ဘယ်လိုမှ ရှေ့မရောက်နိုင်တဲ့ နည်း ဖြစ်နေရတဲ့ အနေအထားပါ။ အမေရိကန် အပါအဝင် ဒီမိုကရေစီ နိုင်ငံတွေနဲ့ကြားမှာ နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်တာ မှန်ပါတယ်။
ဒါပေမဲ့ ဒီလို မိတ်ဖက် နိုင်ငံတွေဟာ အရင်ကလည်း မြန်မာ့ဒီမိုကရေစီ အရေးမှာ non- lethal support လို့ ခေါ်တဲ့ စစ်ရေး မဟုတ်တဲ့ နည်းနာတွေနဲ့ အစဥ်အဆက် အားပေး ထောက်ပံ့ နေခဲ့ကြတာ ဖြစ်ပါတယ်။ NUG မရှိရင်လည်း အဲဒီ ထောက်ပံ့မှုတွေ ရှိနေနိုင်ပါတယ်။
NUG ရှိတော့ ဒီ အထောက်အပံ့တွေ စီးစင်းမှု ဘယ်လိုတွေ ပိုပြီး ကောင်းမွန်လာတယ်၊ ချောမွေ့လာတယ်၊ ပမာဏ အတိုင်းအတာ ဘယ်လောက်ကြီးမားလာတယ်၊ မိတ်ဖက် နိုင်ငံတွေကြား ချိတ်ဆက် ဆောင်ရွက်မှုတွေ ဘယ်လောက် အားကောင်းလာတယ် စသဖြင့် ကိုယ့်ရဲ့ တည်ရှိမှုရဲ့ အရေးပါပုံကို သက်သေ ပြသရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ NUG ကို တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြုတဲ့ ကမ္ဘာ့နိုင်ငံရယ်လို့ မရှိသေးပါဘူး။ ဒီတော့ နိုင်ငံတကာပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ကြား ဖြစ်စေ၊ တစ်နိုင်ငံချင်းစီနဲ့ ဖြစ်စေ ပိုပြီး ထိရောက်တဲ့ ထိတွေ့ ဆက်ဆံမှုတွေ ဖော်ဆောင်ပြီး ... de facto acceptance လို့ ခေါ်တဲ့ လက်တွေ့အရ အစိုးရသဖွယ် ဆက်ဆံ ခံရတာမျိုး အခြေအနေထိ ရောက်လာအောင် NUG ဘက်က ဆက်လက် လုပ်ဆောင်ဖို့ လိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘီဘီစီ။ ။ ဒီတော့ ဒေးဗစ်ရေ .... အခု တစ်နှစ်အတွင်းမှာ တော်လှန်ရေးရဲ့ နောက်ဆုံး အဆင့်ဆိုတာကို မြင်တွေ့လာရဖို့ တကယ်တမ်း မျှော်လင့် နိုင်လား ... ။
ဒေးဗစ် မက်သီဆန်။ ။ ကျွန်တော့် အမြင်ကတော့ စစ်တပ်ရဲ့ ကျဆုံးခန်းကို ဘယ် အချိန် မြင်တွေ့ရမလဲ ဆိုတာကို အချိန်ကာလ အပိုင်းအခြားနဲ့ ပြောဖို့ရာ စောလွန်းပါတယ်။ ၆ လ ကနေ ၊ ၁ နှစ် ... ၂ နှစ် အစ ရှိသဖြင့် ပြောလာသူတွေ ရှိရင်လည်း သူတို့ ဘာပြောတာလဲ ဆိုတာ သူတို့ကိုယ်သူတို့ရော သိရဲ့လားလို့ ကျွန်တော် မေးခွန်းထုတ်မိမှာ ဖြစ်ပါတယ်။
မြန်မာ့ အရေးဟာ အင်မတန်မှ မသေချာ မရေရာမှုတွေများနေဆဲ ဖြစ်ပြီး၊ တရားသေ မှတ်ယူလို့ မရတာတွေလည်း ရှိနေပါတယ်။ တရားသေ မှတ်ယူလို့ မရဘူးလို့ ဆိုရာမှာ ... လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ နေရာ တစ်ခုနဲ့ တစ်ခုကြားမှာကို ထပ်တူပြု တွက်ဆလို့ မရတာတွေ ရှိပါတယ်။
မကွေး၊ စစ်ကိုင်းက အနေအထားနဲ့ ၊ အေအေ နဲ့ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်က အခြေအနေတွေဟာ မတူကြပါဘူး။ ရှမ်းဆိုရင်လည်း သူတို့ ရှမ်းပြည်နယ် အတွင်း သီးခြား စရိုက်လက္ခဏာတွေ ရှိနေပါတယ်။
ဗဟိုချုပ်ကင်းမဲ့ပြီး အဖွဲ့တွေ အစိတ်အစိတ် အမွှာမွှာ ရှိနေသလို၊ စစ်ရေး ပဋိပက္ခရဲ့ ပြင်းထန်မှု အတိုင်းအတာနဲ့ ဖြန့်ကျက် စိုးမိုး ထားနိုင်မှု အနေအထားတွေဟာလည်း နယ်မြေ ဒေသ အလိုက် ထပ်တူမညီပဲ ကွဲပြား နေပါတယ်။
ဒီတော့ ပကတိ အခြေအနေတွေ အပေါ် မျက်မှောက်ပြုနိုင်ဖို့ လိုပါတယ်။ ဒီ အခြေအနေတွေ ကြားမှာ ဘယ်လိုမျိုး အကောင်းဆုံး အထိရောက်ဆုံး ဖြစ်အောင် လက်တွဲ လုပ်ဆောင်ရမလဲ ဆိုတာကို ဖော်ဆောင် ကြရင်တော့ဖြင့် စစ်တပ်ရဲ့ ကျဆုံးခန်းဟာ တစ်နေ့ မလွဲမသွေ ရောက်လာမှာ ဖြစ်ပါတယ်။








