ဇွန်လ ၁၅ ရက် ထိပ်တန်းသတင်းများ-ကရင်နီပြည်နယ်ထဲ​စစ်ရေးအခြေအနေတွေ ပိုတင်းမာလာနိုင်လား

ရေးသားခဲ့သည်။

ရန်ကုန်နဲ့မန္တလေးက ရွှေလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ခေါ်ယူမေးမြန်းနေ

Gold

ဓာတ်ပုံ ရင်းမြစ်, ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း

ရွှေဈေးကွက်မှာ အခေါက် ရွှေစျေးနှုန်း တစ်ကျပ်သားကို ကျပ်သိန်း ၃၀ အထက်မှာ ရှိနေတာကြောင့် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ရွှေလုပ်ငန်းတချို့ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတယ်လို သတင်းတွေ ထွက်ပေါ်နေတယ်။

ရွှေစျေးနှုန်းမြင့်တက်တာကြောင့် စစ်ကောင်စီက ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူမေးမြန်းတာတွေ ရှိခဲ့တယ်ဆိုတာမှန်ကန်တယ်လို့ အမည်မဖော်လိုတဲ့ ရွှေလုပ်ငန်းရှင်တစ်ဉီးက ဘီဘီစီကို ပြောပါတယ်။

“ဖမ်းတာတော့ မဟုတ်ပါဘူး။ လောဆယ်ဆယ် ခေါ်ယူပြီး မေးတာ စမ်းတာပေ့ါ။ သူတို့ သိချင်တဲ့ အချက်အလက်တွေ မေးတာပါ။ သူတို့တွေ ပြန်လွတ်လာ မလွတ်လာဆိုတဲ့ နောက်ဆက်တွဲ သတင်းကိုတော့ မကြားရသေးဘူး“လို့ သူက ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့အထိ စျေးနှုန်းတွေအရ ရွှေစျေးကွက်မှာ အခေါက်ရွှေစျေး တစ်ကျပ်သားကို ပြင်ပရွှေပေါက်စျေးကျပ် သုံးဆယ့်တစ်သိန်းနှစ်သောင်းကျော် (၃၁၂၅၀၀၀) ကျော် စျေးရှိပြီး ၁၅ပဲရည် တစ်ကျပ်သားကိုတော့ နှစ်ဆယ့်ကိုးသိန်းနှစ်သောင်းကျော် (၂၉၂၉၀၀၀) ပေါက်ဈေးရှိပါတယ်။

ရွှေလုပ်ငန်းရှင်များအသင်းက သတ်‌မှတ်တဲ့ ရွှေဈေးနှုန်းကတော့ အခေါက်ရွှေ တစ်ကျပ်သားကို နှစ်ဆယ့်သုံးသိန်းတစ်သောင်းနဲ့ ( ၂၃၁၀၀၀၀) နဲ့ ၁၅ ပဲရည် တစ်ကျပ်သားကို နှစ်ဆယ့်တစ်သိန်း‌ခြောက်သောင်းကျော် (၂၁၆၆၀၀၀) သတ်မှတ်ထားပါတယ်။

အခုလို စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တချို့ကို ခေါ်ယူမေးမြန်းနေတယ်ဆိုတာနဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းနေပေမဲ့အဆက်အသွယ်မရသေးပါဘူး

ဆားတောင်မြို့နယ်၊ သာဇင်ရွာက PDF စခန်း ဝင်ရောက်စီးနင်းခံရ သာဇင်ရွာလည်းမီးရှို့ခံရလို့ အိမ် ၆၀၀ ကျော် မီးလောင်ပျက်စီး

Sagaing Region.

ဓာတ်ပုံ ရင်းမြစ်, စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်။ ဆားတောင်မြို့၊ သာဇင်ကျေးရွာမှာရှိတဲ့ PDF လက်နက်ထုတ်လုပ်ရေးစခန်းကို ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ TZ People Defense Force အဖွဲ့ တာဝန်ခံက ပြောပါဝယ်။

စခန်းအတွင်းမိုင်းထုတ်လုပ်နေချိန် အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် လက်နက်တွေအပါအဝင် မိုင်းထုတ်လုပ်ရေးနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေမီးလောင် ဆုံးရှုံးခဲ့တယ်လို့ သူက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ရွာထဲကို စစ်ကြောင်းဝင်လာလို့ ဒေသခံတွေ ထွက်ပြေးခဲ့ကြရပြီး အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးကတော့ မီးလောင်သေဆုံးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာသားဒေသခံတွေကိုလည်းဖမ်းဆီးခဲ့ပြီး အဲဒီထဲက အမျိုးသမီးတွေကိုတော့ ဒီကနေ့ ဇွန်လ ၁၅ ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ရွာသား အယောက် ၂၀ ဝန်းကျင်ကို တော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဆုံးရှုံးသွားတဲ့ လက်နက်နဲ့ မိုင်းထုတ်လုပ်ရေးပစ္စည်းတွေဟာ ငွေကျပ် သိန်း ၁၂၀ ကျပ်ဖိုးရှိပြီး ရွာရဲ့ အိမ်ခြေ ၃ပုံ ၂ ပုံ (အိမ်ခြေ ၆၀၀ ကျော်) ဟာလည်း မီးရှို့ခံရလို့ ပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

ဒီနေ့ ဇွန်လ ၁၅ ရက်နေ့မွန်းလွဲပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေဟာ သာဇင်ရွာအနီးမှာရှိတဲ့ ပေါက်မရွာကို မီးရှို့နေပြီး လက်ရှိအခြေအနေကို မသိရသေးဘူးလို့ TZ People Defense Force အဖွဲ့ တာဝန်ခံက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက သာဇင်ရွာဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ ညနေပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မြစ်ကြီးနား မီးရထားဝင်းအတွင်းကျူးကျော်သူတွေဆိုပြီး နေထိုင်သူတွေ ဒီနေ့ စတင်ပြောင်းရွှေ့နေရ

Myint Kyee Na, Kachin

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကချင်ပြည်နယ်၊ မြစ်ကြီးနား မီးရထားဝင်းထဲက ‌မြေဧရိယာ ဧက ၆၀ ကျော်မှာ ကျူးကျော်နေထိုင်တယ်လို့ စွပ်စွဲခံရသူတွေကို ဇွန်လ ၁၅ ရက်နေ့မှာ နောက်ဆုံးထား ဖျက်သိမ်းဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ဆိုင်းဘုတ်ထောင် အသိပေးထားတာဖြစ်ပြီး ဒီနေ့မှာတော့ စတင်ပြောင်းရွှေ့နေကြပြီလို့ သိရပါတယ်။

“ကားတွေ၊ သုံးဘီးတွေနဲ့ ပြောင်းရွှေ့နေကြပြီး ပြောင်းနေကြတယ်။ ဒီမှာ(မီးရထားဝင်း) အခု က သက်ဆိုင်ရာကအခုလိုအချိန်တော့မရှိဘူးမလာဘူး။ ညပိုင်းဆိုရင်တော့ ရဲနဲ့တပ်က ဧည့်စာရင်းတွေ ဝင်စစ်တယ်။ ကျူးတွေကိုလည်းစစ်တယ်။ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးနော် ဆိုပြီး ၃ ညရှိပြီး မဖျက်သေးဘူးလား ဆိုပြီပြောတာလည်းရှိတယ်" လို့ မီးရထားဝင်းအတွင်း နေထိုင် အစစ်ခံရသူက သူကြုံတွေ့ရတဲ့အခြေအနေကို ဘီဘီစီကို ပြောပါတယ်။

မီးရထားဝင်းမှာ နေထိုင်တဲ့ လက်ရှိဝန်ထမ်း၊ ပင်စင်စားနဲ့ မီးရထား ဝန်ထမ်းတွေနဲ့ ပတ်သက်ဆက်နွှယ်ပြီး နေထိုင်သူတွေကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပြောင်းရွှေ့ပေးဖို့ အာဏာပိုင်တွေက ဇွန်လ ၁ ရက်နေ့တည်းက သတိပေးကြေညာထားတာပါ။

ဒါကြောင့် မီးရထားဝင်းအတွင်းနှစ်ကာလရှည်ကြာစွာ နေထိုင်ခဲ့သူတွေ ဖြစ်တဲ့ မီးရထားဝန်ထမ်းတချို့နဲ့ ပင်စင်စားဝန်ထမ်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး နေထိုင်သူတွေ၊ ကျန်ရှိနေတဲ့ CDM ဝန်ထမ်းတွေအပါအဝင် အကုန်ပြောင်းရွှေ့ရတာဖြစ်ပါတယ်။

မီးရထားဝင်းအတွင်း နေထိုင်ခွင့်ပြုထားတဲ့ဝန်ထမ်းလိုင်းခန်းကလွဲလို့ ကျန်တဲ့နေရာတွေမှာ အခန်းဖွဲ့၊အိမ်ဆောက်ပြီးနေထိုင်နေကြတဲ့သူတွေအားလုံးကိုဒီနေ့ဇွန်လ ၁၅ ရက် နောက်ဆုံးထားဖယ်ရှားဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲဒီလိုသတ်မှတ်ထားတဲ့နေရာမှာ နေထိုင်ခြင်းမရှိတဲ့အထဲ လက်ရှိတာဝန်ထမ်းဆောင်နေဆဲမီးရထားဝန်ထမ်းတချို့လည်း ဖယ်ရှားပေးရတဲ့အထဲ ပါဝင်တယ်လို့သိရပါတယ်။

သူရ ဦးတင်ဦးအိမ်မှာ ဧည့်သည် လက်မခံတော့ဘူးလို့ဆို

Aung San Suu Kyi, U Tin Oo, NLD

ဓာတ်ပုံ ရင်းမြစ်, Social Media

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကလည်း ဖြစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း လည်း ဖြစ်သူ သူရ ဦးတင်ဦးရဲ့ နေအိမ် ခြံဝင်းရှေ့မှာ ဧည့်လက်မခံတော့ဘူး ဆိုတဲ့ ဆိုင်းဘုတ် ချိတ် ထားတာမှန်ကန်တယ် လို့ သူရဦးတင်ဦး မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က သဘာဝ တရားရိပ်သာ ဆရာတော် အရှင်ဦးဥတ္တမသာရ ဦးဆောင်တဲ့ အဖွဲ့တစ်ခုက ရန်ကုန်မြို့ ဗဟန်းရွှေတောင်ကြား၊ ဗောဓိရိပ်သာလမ်းက သူရဦးတင်ဦးနေအိမ်ကို ကြွရောက်တွေ့ဆုံပြီးတဲ့နောက်ပိုင်း သဘာဝတရားရိပ်သာဆရာတော်ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ပြောကြားချက်တွေအပေါ် ‌ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီနောက် သီတင်းတစ်ပတ်အကြာမှာတော့ အခုလို ဧည့်တွေ့လက်မခံတော့ ဘူးဆိုပြီး ဖြစ်လာတာလို့ ဆိုပါတယ်။

သဘာဝ တရားရိပ်သာ ဆရာတော်ဘက်ကတော့ သူရ ဦးတင်ဦးကို သွားရောက်တွေ့ဆုံပြီး လက်ရှိ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေနဲ့ ကျန်းမာရေး အကြောင်း မေးမြန်းခဲ့တာလို့ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန် ပြောဆိုထားပါတယ်။

သဘာဝ တရားရိပ်သာ ဆရာတော်က “ဒေါ်အောင်ဆန်းစုကြည်ကသာ လက်ရှိ မငြိမ်းချမ်းတာတွေ ငြိမ်းချမ်းသွားစေဖို့ ပြည်သူရဲ့အကျိုးအတွက် ငြိမ်းချမ်းရေးပဲ လုပ်တော့မယ်ဆိုရင် တပ်နဲ့လည်း ပို အဆင်ပြေသွားနိုင်မယ်လို့ ယူဆလို့ ရပါတယ်။ သူက လောကီနည်းနဲ့ နိုင်ငံရေးလုပ်တာကို မစွန့်တဲ့ အတွက် တပ်ကလည်း တင်းမာနေတာပါ”လို့ သူရ ဦးတင်ဦးနဲ့ တွေ့ဆုံစဥ်မှာ ပြောကြားခဲ့တာကို အဲဒီဗီဒီယိုဖိုင်မှာလည်း ပါရှိပါတယ်။

‌ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ အနားယူခိုင်းပြီး ငြိမ်းချမ်းရေးကိုပဲ ဦးစားပေး ‌ဆောင် ရွက်ပေးဖို့ ဆရာတော်ရဲ့ မိန့်ကြားချက်တွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံရမှုတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှုပေါင်း ၁၉ အမှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရပြီး နေပြည်တော်အချုပ်ထောင်တွင်းက အဆောက် အအုံတစ်ခုမှာ တစ်ဦးတည်း သီးခြားထိန်းသိမ်းခြင်း ခံထားရပါတယ်။

တက္ကသိုလ်ဝင်တန်းအောင် အကျဉ်းသားတွေကို ပညာဆက်လက်သင်ကြားခွင့်ရဖို့ လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်း

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အကျဉ်ထောင်အသီးသီးနေ စာမေးပွဲဖြေဆိုပြီး အောင်မြင်ခဲ့တဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို ပညာဆက်လက်သင်ကြားခွင့်ပြုဖို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ( MNHRC ) ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ချက်မှာ အကြံပြု တိုက်တွန်းထားပါတယ်။

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် စာမေးပွဲကို အင်းစိန်ထောင်အပါအဝင် အကျဥ်းထောင် ၇ ခုထဲက အကျဥ်းသား ၄၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၄ ဦး အောင်မြင်ခဲ့တာြဖစ်ပါတယ်။

ဒီထဲမှာ ဂုဏ်ထူးနဲ့အောင်မြင်သူ ၄၁ ဦးဖြစ်တယ်လို့ အကျဥ်းဦးစီးဌာနက ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်းစိန်ထောင်က ၁၀ ဦး၊ မန္တလေးအိုးဘိုထောင်က ၂၉ ဦးနဲ့ အခြားအကျဉ်းထောင်တွေက ၅ ဦးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ၅ ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ၄ ဘာသာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၇ ဦးနဲ့ ၁ ဘာသာဂုဏ်ထူးရှင် ၆ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးမှာ စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ တစ်သိန်းခွဲကျော်ရှိခဲ့ပြီး ၆၇ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီကျင်းပတဲ့ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲမှာ တော့ ၄၆ ရာခိုင်နှုန်းအောင်မြင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်ထဲ​စစ်ရေးအခြေအနေတွေ ပိုတင်းမာလာနိုင်လား

Kayah State

ဓာတ်ပုံ ရင်းမြစ်, KNDF

ဇွန်လ ၁၃ ရက်နေ့ တစ်ရက်တည်းမှာပဲ ကရင်နီပြည် မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်း သုံးခု နဲ့ ရဲစခန်းတစ်ခု ကို ကရင်နီ အမျိုးသားများ ကာကွယ် ရေးတပ် နဲ့ မဟာမိတ်ပူးပေါင်း အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ တပ်စခန်း ၃ ခုဟာ စစ်ကောင်စီက နှစ်ပေါင်း ဆယ်ချီ တပ်စွဲထားခဲ့တဲ့ နေရာတွေဖြစ်ပြီး အဲဒီ တောင်လှစခန်း၊ မယ်တင်နွယ်စခန်းနဲ့ BP-14(နယ်စပ်မှတ်တိုင် အမှတ် ၁၄) တပ်စခန်းတို့အပြင် မယ်စဲ့မြို့ ရဲစခန်းကိုပါ ကရင်နီပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်တွေ သိမ်းယူခဲ့တယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ သတင်းပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

၂၀၂၁ ခုနစ် အာဏာသိမ်းမှု မတိုင်ခင်က အဲဒီတပ်စခန်းတွေနားမှာ စခန်းငယ်တွေ ထားခဲ့ပေမဲ့ အာဏာ သိမ်းအပြီး လက်နက်ကိုင်တော်လှန်မှုတွေနဲ့ ကြုံလာရချိန်မှာတော့ စခန်းငယ်တွေကနေ ဆုတ်ခွာပြီး တပ်စခန်းတွေအတွင်းမှာသာ စုပေါင်းတပ်စွဲနေခဲ့ကြတာ လို့ သိရပါတယ်။

တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်တပ်က လေကြောင်းကနေ အနည်းဆုံး ၄ ကြိမ်အထိ ပစ်ခတ် တိုက်ခိုက်တာမျိုးရှိခဲ့ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်တွေ သိမ်းပိုက်ပြီး စခန်းတွေကနေ ပြန်လည် ထွက်ခွာခဲ့ကြတယ်လို့ ကရင်နီကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စခန်းတွေ စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီ ဘက်က အကျအဆုံးများနိုင်ပြီး အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲလိုတိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ ဇွန်လ ၁၂ ရက်နေ့ က လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဦးဆောင်တဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကို ဖွဲ့စည်းလိုက်ပြီး ကရင်နီပြည်နယ်မှာ စစ်ရေး၊ ကာကွယ်ရေး တွေအပြင် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စတာတွေကို အကာအကွယ်ပေးဖို့ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

"အခုဆိုရင် ထိုင်းနိုင်ငံဘက်ကို တချို့သော ခိုလှုံမှုတွေလုပ်နေတဲ့အခြေအနေမျိုးကြုံနေရတယ်။ သို့သော်လူထုတွေရဲ့လုံခြုံရေးကိုဆောင်ရွက်ပြီးတာနဲ့ စစ်ကောင်စီရဲ့ထိုးစစ်တွေကို ပြန်လည်ပြီးမှ ခုခံကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးဆက်လက်ပြီးတော့မှ လုပ်ဆောင်သွားဖို့ပဲရှိပါတယ်ခင်ဗျ" လို့ ကြားကာလ အုပ်ချုပ်ရေး စတင်တော့မယ့် ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီရဲ့ စစ်ရေး ထိုးနှက်မှုတွေကို ကာကွယ်ဖို့ IEC ရဲ့ ဒုဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

IEC ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီက ပြည်နယ်အစိုးရတရပ်အနေနဲ့ ရပ်တည်လုပ်ဆောင်မှာ ဖြစ်ပြီး ပြည်ထောင်စုအစိုးရအမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်၊ လုံခြုံရေးရဲတပ်ဖွဲ့တွေ၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေး စတဲ့အခန်းကဏ္ဍတွေကိုလည်း ပီပီပြင်ပြင်ဖော်ဆောင်လုပ်ဆောင်နေပြီလို့ သိရ ပါတယ်