မေလ ၁၃ ရက် ထိပ်တန်းသတင်းများ - မိုခါ မုန်တိုင်း ဗဟိုချက် မနက်ဖြန် နေ့လယ်ပိုင်းမှာ စစ်တွေမြို့အနီး ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်း

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
"အလွန့်အလွန်အားကောင်းတဲ့ မုန်တိုင်းအဆင့်" သတ်မှတ်ထားတဲ့ မိုခါမုန်တိုင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ စပြီး ရခိုင်ကမ်းရိုးတန်းကို ကျော်ဖြတ်ပြီးနောက် နေ့လယ်ပိုင်းမှာ မုန်တိုင်းဗဟိုချက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီနောက် မုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး ချင်း၊ မကွေးနဲ့ စစ်ကိုင်း ဆီကို “အားအလွန်ကောင်းသော အဆင့်” နဲ့ ဆက်ပြီး ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။
ဒီနေ့ညကစပြီး ရခိုင်ကမ်းရိုးတန်းဘက်မှာ လေတိုက်နှုန်း မိုင် ၁၂၀ အထိ တိုက်ခတ်နိုင်ပြီး ပင်လယ်လှိုင်းအမြင့် ၁၆ ပေကနေ ပေ ၂၀ အထိ ရှိနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ညကနေစပြီး ၁၅ ရက် တနင်္လာနေ့အထိ ရန်ကုန်နဲ့ မန္တလေး အပါအဝင် တိုင်းနဲ့ပြည်နယ် အတော်များများမှာ နေရာကွက်ပြီး မိုးကြီးမယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ညနေ ၇ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
ကော့ရိတ် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံထားရ

ဓာတ်ပုံ ရင်းမြစ်, CJ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ မေလ ၈ ရက် ကနေ မေလ ၁၁ ရက်အတွင်း မြို့ပေါ် ရပ်ကွက်တွေက ဒေသခံ ၃၀ ကျော် ကို ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုမှာ ပါဝင်ပတ်သက်မှု၊ KNU လက် အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ခွဲတစ်ခုဖြစ်တဲ့ ကျားဖြူစစ်ကြောင်း ကို ထောက်ပံ့မှု စတဲ့ စွပ် စွဲချက်တွေ နဲ့ ဖမ်းဆီးခြင်းခံထားရတယ်လို့ ကော့ကရိတ်ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်ခရိုင်ထဲက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေက ဦးဆောင်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ကူညီခဲ့ကြသူတွေကို မဲမသမာမှု ၊ တစ်ခါ မြို့တွင်းက CDM ဝန်ထမ်းတွေ၊ NLD ပါတီဝင်တွေနဲ့ အရပ်ဖက်ပရဟိတအဖွဲ့အစည်းတချို့က အဖွဲ့ဝင်တွေကို
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတချို့ကို ထောက်ပို့လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ပြီး ကော့ကရိတ် မြို့မရဲစခန်းမှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ် ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက လူ ၃၀ ကျော် လောက် ဖမ်းထားတယ်။ ၉၇ တပ်ကို ဝင်တိုက်ခံရတဲ့ မေ ၈ ရက် နေ့လယ်ပိုင်းပေါ့။ သတင်း ထွက်တာကတော့ KNU က ကျားဖြူ စစ်ကြောင်းကို မြို့ကလူတွေ ပတ်သက်လို့ ၊ ထောက်ပို့လုပ်လို့ ဖမ်းတယ်ပေါ့ ဆိုပြီး သတင်းကြားသိရပါတယ်။ လုပ်ငန်းရှင်တွေ၊ မြို့ထဲက စျေးဆိုင် ကြီးပိုင်ရှင်တွေကိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေမှာ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းတယ်၊ အရင်ကလည်း အဲဒီလိုဖမ်းဖူးတယ်။ အခုက ဖမ်းတာ လူအများဆုံးပေါ့”လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကော့ကရိတ် မြို့ တွင်း စစ်အာဏာသိမ်း ကာလ ၂ နှစ်ကျော် အတွင်း ဖမ်းဆီး ထိန်းသိမ်း တရားစွဲ ထောင်ချခံရသူတစ်ရာဝန်းကျင်ထိ ရှိနေပြီး ဖမ်းဆီး စစ်ဆေးစဥ် ကာလအတွင်း ငွေကြေးနဲ့ ပြန်လည် ညှိနှိုင်းနိုင်လို့ ပြန်လွတ်ခဲ့သူ ၃၀ ခန့် ရှိ ကြောင်း နဲ့ ဆက်လက်ဖမ်းဆီးခံထားရသူ ၃၀ ခန့် ရှိကြောင်း ကော့ကရိတ် မြို့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ရေး လှုပ်ရှားဆောင်ရွက်သူတွေရဲ့ မှတ်တမ်း အချက်အလက်တွေအရ သိရပါတယ်။
“အခု ဖမ်းခံ ရတဲ့ သူတွေ အများစု က စစ်တပ်က စွပ်စွဲသလို ထောက်ပို့ လုပ်တာတို့ မဲမသမာမှုတို့ နဲ့ ဘာမှ မဆိုင်ပါဘူး၊ တော်လှန်ရေးမှာ လည်းမပါသလို၊ နိုင်ငံရေးမှာ လည်းမပါကြသူတွေ။ စစ်တပ်တို့ ၊ ကြံခိုင်ရေးတို့၊ အုပ်ချုပ်ရေး ပိုင်း တို့နဲ့ ပေါင်းပြီး စီးပွားရေး လုပ်သူတွေ ကို ဖမ်းတာ၊ နာရေးကူညီမှု အသင်းကဆိုလည်း အရင် ကြံခိုင်ရေးပါတီ က လူတွေ ဖြစ်တယ်။ အခု ဖမ်းတဲ့ လူ ၃၀ ကျော်မှာ နိုင်ငံရေး၊ တော်လှန်ရေး၊CDM နဲ့ ပတ်သက် တာ ၁၀ ယောက်မပြည့် ဘူး” လို့ ကော့ကရိတ် မြို့ခံ တစ်ဦး က ပြောပါတယ်။
လတ်တလော ကော့ကရိတ်မြို့ မှာ ဒေသခံ တွေ ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်တွေ နဲ့ တွေ့ ဆုံခွင့် မရသေးသလို ၊ ဖမ်းဆီး စစ်ဆေးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဆိုင်ကလုန်းမုန်တိုင်းအတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေအန္တရာယ်သတိပေး

ဓာတ်ပုံ ရင်းမြစ်, Explosive Ordnance Risk Education in Myanmar
လာမယ့်ရက်အတွင်း မြန်မာ့ကမ်းရိုးတန်းဒေသကို မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ချေရှိနေတာကြောင့် မုန်တိုင်းအတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်တွေကိုသတိထားကြဖို့ Explosive Ordnance Risk Education in Myanmar က အသိပေးလာပါတယ်။
အဲ့ဒီလက်နက်ပစ္စည်းတွေဟာ မိုးကြီး၊ ရေကြီး၊ မြေပြိုတာတွေဖြစ်တဲ့အခါမှာ နဂိုမူလနေရာကနေ အခြားနေရာတွေကို နေရာရွေ့သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိမသိ၊မမှတ်မိနိုင်တဲ့ ပစ္စည်းတစုံတရာတွေ့ရှိပါက လုံးဝမထိဖို့အပါအဝင် ရွေ့ပြောင်းတာနဲ့ ထုရိုက်တာတွေမလုပ်ဖို့ပါ သတိပေးထားပါတယ်။
ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်သက်တမ်းအရှည်ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံထဲက ကချင်၊ ကယား၊ ရှမ်း၊ ကရင်၊ မွန်၊ တနင်္သာရီနဲ့ ရခိုင်ပြည်နယ်စတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ရှိနေသလို အာဏာသိမ်းပြီးနောက်မှ တိုက်ပွဲတွေရှိလာခဲ့တဲ့ စစ်ကိုင်း၊ မကွေးလို ဒေသတွေမှာပါ ဒီဘေးအန္တရာယ်အကြောင်း သတိပြုဖို့ လိုနေတာပါ။
တခါ မိုခါဆိုင်ကလုန်းဖြတ်သန်းမယ့် ဒေသတွေမှာလည်း စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းစတဲ့ ဒေသတွေပါဝင်နေပါတယ်။
မိုခါမုန်တိုင်းဒဏ်ခံရနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးရိုဟင်ဂျာဒုက္ခသည်စခန်းကို ကူညီဖို့ပြင်ဆင်ထားပြီလို့ ကုလပြော

ဓာတ်ပုံ ရင်းမြစ်, UN
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိပြီး လူဦးရေ တစ်သန်းနီးပါးရှိတဲ့ ကမ္ဘာ့အကြီးဆုံးရိုဟင်ဂျာဒုက္ခသည်စခန်း ကော့ဆက်စ် ဘဇား (Cox’s Bazar) လည်း အားအလွန့်အလွန်ကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကျရောက်နိုင်တာကြောင့် ကူညီနိုင်ဖို့ အသင့်ပြင်ဆင်ထားပြီလို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။
ကော့ဆက်စ် ဘဇားစခန်းအကြီးအကဲဖြစ်သူ Nihan Erdoganရဲ့ ပြောစကားအရ ကြီးကြီးမားမားကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားပြီလို့ ဆိုပါတယ်။
"ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM က စီမံပေးတဲ့ စခန်း ၁၇ ခုမှာ ကြိုတင်ပြင်ဆင်မှုအနေနဲ့ အလံသတိပေးစနစ်နဲ့ ဒုက္ခသည်စေတနာ့ဝန်ထမ်းအယောက် ၁၀၀ ကိုလေ့ကျင့်ပေးထားပါတယ်။ အရေးပေါ် အမိုးအကာပစ္စည်းတွေနဲ့ တကိုယ်ရည်သန့်ရှင်းရေးအတွက်လိုအပ်တာတွေကိုလည်း ပြင်ဆင်ထားသလို စေတနာ့ဝန်ထမ်းတွေအတွက်ပါ တကိုယ်ရည်ကာကွယ်ရေးကိရိယာတွေ ပြင်ဆင်ထားတယ်" လို့ စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေလည်း လူနာတင်ကား အစီး ၄၀ နဲ့ ရွှေ့လျားမိုဘိုင်းကျန်းမာရေးအဖွဲ့ ၃၃ ဖွဲ့ကိုပါ ပြင်ဆင်ပေးထားပြီလို့လည်း ဖော်ပြပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေလည်း အစာခြောက်တန်ချိန် ၂၃၀ သာမက အာဟာရဖြည့် ၂၄. ၅ တန်အပြင် နေ့စဉ် ကျွေးမွေးနိုင်ဖို့အတွက်ပါ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
တခါ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်မယ့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်နဲ့ အနီးအနားဒေသတွေက လူဦးရေပေါင်း ၄၀၀,၀၀၀ ကျော်အတွက်လည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ကနေ တလကျော်ကြာ ပံ့ပိုးပေးနိုင်မယ့် စားနပ်ရိက္ခာတွေကို ကြိုတင်နေရာချထားပြီလို့ ဒီကနေ့မေလ ၁၃ ရက်မှာပဲ သတင်းထုတ်ပြန်ပါတယ်။
ကနီမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ၊ ကလေးငယ် ၂ ယောက်သတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) စခန်းကနေ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ကနီမြို့နယ်ထဲက ကျေးရွာတွေဘက်ကို မနေ့ မေလ ၁၂ ရက်မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာခဲ့ပြီးတဲ့နောက် လယ်ရှည်ရွာအနီးက နွားကျောင်းနေတဲ့ ကလေးငယ် ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။
"လယ်ရှည်ရွာတောတိုက်နားမှာ နွားကျောင်းထွက်ရင်း စစ်ကြောင်းနဲ့တိုးပြီး အပစ်ခံရတာပါ။ တယောက်က နေရာမှာတင် သေဆုံးပြီး နောက်တယောက်က ဗိုက်ပွင့်လို့ ဆေးခန်းအပို့မှာ လမ်းမှာတင်ဆုံးသွားပါတယ်" လို့ ကနီဒေသခံတယောက်က ပြောပါတယ်။
သေဆုံးသူမိန်းကလေးငယ်တွေဟာ အသက် ၆ နှစ်နဲ့ အသက် ၁၃ နှစ်အရွယ်တွေလို့လည်း သိရပါတယ်။
ဒီကနေ့ မေလ ၁၃ ရက်မနက်ပိုင်းမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား တွင်းဝရွာအနီးမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလိုသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကို ဘီဘီစီက မေးမြန်းဖို့ကြိုးစားနေပါတယ်။
မိုးဇလ ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မိုခါ ဆိုင်ကလုန်းက စစ်တွေအနောက်တောင်ဘက်ကို ရေမိုင် ၁၀ မိုင် တိုးပြီး ကပ်လာ

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)ဟာ စစ်တွေမြို့ ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၄၀ မိုင်ခန့်ကို ရောက်လာပြီလို့ ဒီကနေ့ မေ ၁၃ ရက် မနက်ပိုင်း ၉နာရီကျော်အထိ တိုင်းတာရရှိချက်ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒီကနေ မနက်အစောပိုင်း ထုတ်ပြန်ချက်မှာတော့ ရေမိုင် ၃၅၀ ရှိနေတာကနေ နေ့လယ်ပိုင်းအရောက်မှာ ရေမိုင် ၃၄၀ ဖြစ်လာပြီး နီးကပ်လာတဲ့သဘောနားလည်ရပါတယ်။
အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီမှာ မိုင်(၁၀၅) ကနေ (၁၁၅)မိုင်နှုန်းအထိ ရှိမယ်လို့ပြောထားပါတယ်။ ဒါ့ကြောင့် လတ်တလော အချက်အလက်မှာတင် မုန်တိုင်းရဲ့ ပြင်းအားမှာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း နာဂစ် ရဲ့ ပြင်းအားအောက် အနည်းငယ်သာလျော့နည်းမယ်လို့ အရပ်ဘက်မိုးလေဝသလေ့လာသူတွေကလည်း သတိပေးထားတာပါ။
မိုခါ Mocha မုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ် ၇ ခုကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်အလိုက် သတိပေးချက်မှာတော့ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ် ၊ မောင်တောမြို့နယ် ၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ် ၊ ပေါက်တောမြို့နယ် နဲ့ မြန်အောင်မြို့နယ်တို့ ဟာ မုန်တိုင်းအန္တရာယ် စိုးရိမ်ရတဲ့ မြို့နယ်တွေဖြစ်ပါတယ်။
မုန်တိုင်း သတိပေးချက်အရ အနီရောင်အဆင့်ဟာ မုန်တိုင်းမြန်မာ့ကမ်းရိုးတန်းဆီ ကို မဖြတ်ကျော်မီ (၁၂)နာရီအလိုအချိန်လို့ သတ်မှတ်ထား ပေမယ့် အခုဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA) ဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကိုစစ်တွေမြို့(Sittwe)အနီး ကနေ အားအလွန်ကောင်းတဲ့ အဆင့် နဲ့ ဖြတ်ကျော်နိုင်တဲ့ အတွက်အနီရောင်အဆင့်လို့ သတ်မှတ်ကြောင်းလည်း မိုးဇလ သတိပေးထားပါတယ်။
ညောင်ပင်သာရွာအစုလိုက်သတ်ဖြတ်ခံရမှု KNU ဘာပြောလဲ။

ဓာတ်ပုံ ရင်းမြစ်, KNU
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ ညပိုင်းတုန်းက ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အပိုင် ညောင်ပင်သာရွာထဲမှာ ဖြစ်ခဲ့တဲ့ လူအစုလိုက်သတ်ဖြတ်ခံရမှုမှာ အရပ်သားအလောင်း ၁၉ လောင်းကောက်ယူထားနိုင်ပြီး အခြားပျောက်ဆုံးနေသူတွေရှိသေးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီ မေလ ၁၀ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ညောင်ပင်သာရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNU တပ်မဟာ ၃ လက်အောက်ခံအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး၊ ဒုဗိုလ်၊ တပ်ကြပ်ကြီးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ KNU က ပြောပါတယ်။
ည ၈ နာရီအချိန်မှာတော့ စစ်ကောင်စီရဲ့ စုပေါင်းစစ်ကြောင်းဟာ ညောင်ပင်သာရွာထဲဝင်ရောက်ခဲ့ပြီးနောက် ရွာထဲကနေ မီးလောင်နေတာကိုတွေ့မြင်ခဲ့ရတာကြောင့် နောက်တနေ့ မေလ ၁၁ ရက်မှာ KNU တပ်ဖွဲ့ဝင်တွေက ညောင်ပင်သာရွာထဲ ဝင်ရောက်ရှင်းလင်းချိန်မှာတော့ အခုလို မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုတွေ့မြင်ခဲ့ရတာလို့ ဖော်ပြပါတယ်။
KNU ရဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ KHRG ရဲ့ စာရင်းတွေအရ ညောင်ပင်သာရွာထဲကနေ အမျိုးသား ၈ လောင်း၊ အမျိုးသမီး ၉ လောင်းအပြင် ကျားမ ခွဲခြားမရသေးတဲ့ ရုပ်အလောင်း ၂ လောင်းပါတွေ့ရှိထားပါတယ်။ စုစုပေါင်း ၁၉လောင်းထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ လောင်းလည်းတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
အခုဖြစ်စဉ်ဖြစ်ခဲ့တဲ့ ညောင်ပင်သာရွာဟာ KNU ရဲ့တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာရှိတာဖြစ်ပြီး အဲ့ဒီဒေသတကြောဟာ နေ့စဉ်လိုလိုတိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်းဖြစ်ပါတယ်။
.ပြီးခဲ့တဲ့ ဧပြီလ တစ်လထဲမှာပဲ KNU ရဲ့ တပ်မဟာအကုန်လုံးမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပိုတိုးချဲ့လာနေပြီး လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား ၁၁ ခုကို အကြိမ်ရေ ၃၁၀ ထက်မနည်းကျူးလွန်ခဲ့တယ်လို့ ဒီကနေ့ မေလ ၁၃ ရက်မှာ KNU က အသေးစိတ်ထုတ်ပြန်လာပါတယ်။
ကြီးကြပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုလက်မှတ်ရှိမှသာ ပုဂ္ဂလိကကျောင်းဆရာအဖြစ် လုပ်ကိုင်ခွင့်ရမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ပုဂ္ဂလိကကျောင်းတွေမှာ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေတဲ့လုပ်ရပ်တွေခွင့်မပြု
ပုဂ္ဂလိကပညာရေးဥပဒေကို အာဏာသိမ်းစစ်ကောင်စီက မနေ့ မေလ ၁၂ ရက် ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်ပြီး ကိုယ်ပိုင် (ဒါမှမဟုတ်)ပုဂ္ဂလိက ကျောင်းတွေကို ဒေသဆိုင်ရာအကြီးအကဲတွေဖွဲ့ကာ ထိန်းချုပ်ထားတဲ့အချက်တွေပါနေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ထောက်ပြဝေဖန်နေကြပါတယ်။
ဒီပညာရေးဥပဒေအရ ဝန်ကြီးဌာနကနေ ကြီးကြပ်ရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းကာ ပုဂ္ဂလိကကျောင်းတွေကို စံချိန်စံညွှန်းသတ်မှတ်ပေးတာအပါအဝင် ပုဂ္ဂလိကကျောင်းနဲ့ နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာပါဝင်သင်ကြားတဲ့ ကျောင်းတွေကိုပါ မှတ်ပုံတင်ထုတ်ပေး၊ အပြီးပိတ်သိမ်းတာကိုပါ စိစစ်မယ်လို့ ဆိုလာပါတယ်။
တခါ ပုဂ္ဂလိကကျောင်းဆရာတွေအဖြစ်လည်း ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ချက်နဲ့ညီ၊ မညီ စစ်ဆေး လက်မှတ်ထုတ်ပေးသူသာ လုပ်ကိုင်ခွင့်ရမှာဖြစ်သလို မှတ်ပုံတင်ကြေးနဲ့ နှစ်စဉ်ကြေးပေးသွင်းသူတွေသာ မှတ်ပုံတင်လက်မှတ်ရယူနိုင်မယ်လို့ ဖော်ပြပါတယ်။ ပုဂ္ဂလိကျောင်းဆရာတဦးရဲ့ မှတ်ပုံတင်သက်တမ်းကိုလည်း သုံးနှစ်အဖြစ် သတ်မှတ်တယ်လို့ ဥပဒေမှာထည့်ထားပါတယ်။
ပညာရေးဥပဒေပါ တားမြစ်ချက်တွေမှာလည်း ပုဂ္ဂလိကကျောင်းဆရာလက်မှတ်မရှိသူကို ဆရာအဖြစ်ခန့်အပ်သင်ကြားခွင့်မပြုရ၊ ကျောင်းတွေမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေးဒါမှမဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တွေမလုပ်ဖို့ ဆိုတဲ့အချက်တွေပါ ရေးသားထားပါတယ်။
ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ပါက ပုဒ်မအလိုက် ထောင်ဒဏ်တွေကျခံရနိုင်မှာဖြစ်သလို အနည်းဆုံးငွေကျပ် သိန်း ၅၀ ကနေ သိန်း ၅၀၀ အထိ ငွေဒဏ်သတ်မှတ်ထားတဲ့အပြင် အခုဥပဒေအရ အရေးယူတဲ့ ပြစ်မှုတွေကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေအဖြစ်ပါ သတ်မှတ်ပါတယ်။
အခုပြဋ္ဌာန်းလိုက်တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေဟာ နိုင်ငံတကာစံနှုန်း၊ အခြေခံမူတွေနဲ့ပါ ကွဲလွဲနေသလို ခေတ်နောက်ကျတဲ့ ပညာရေးအယူအဆတခုဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဝေဖန်ထားကြပါတယ်။
မိုခါမုန်တိုင်းလမ်းကြောင်းပေါ်မှာရှိနေတဲ့ စစ်တွေဒေသခံတွေ နေရပ်စွန့်ခွာပြီ

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးကို အားအလွန့်အလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ဗဟိုပြုနေလို့ စစ်တွေမြို့ခံတွေ မုန်တိုင်းရှောင်ဖို့ မြို့ကို စွန့်ခွာနေကြတာဖြစ်ပါတယ်။
ဒီကနေ မေ၁၃ ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းမြို့တွေကိုရွှေ့ပြောင်းကြတာ နဲ့ တခြားမုန်တိုင်းလွတ်နိုင်မယ့် မြောက်ဦး ၊ကျောက်တော် တို့လို ဒေသတွင်းမြို့တွေကို အမြန်ဆုံးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
မနေ့ညနေပိုင်းအထိ စစ်တွေမြို့ခံအများစုက မြို့မှာ ဆက်နေကြဖို့ စီစဉ်နေကြပေမဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေနဲ့ အရပ်ဘက်မိုးလေဝသပညာရှင်အချို့ရဲ့ နိုင်ငံတကာမိုးလေဝသစောင့်ကြည့်ရေးအချက်အလက်တွေအပေါ်ကိုးကားပြောဆိုသတိပေးချက်တွေကြောင့် ဒီကနေ့မနက်မှာတော့ ရာသီဥတုအခြေအနေကြောင့် မုန်တိုင်းရှောင်ဖို့ ဖြစ်လာတာလို့ သိရပါတယ်။
မုန်တိုင်းကို မိုးဇလ က ဒီကနေ့မနက်ပိုင်းမှာအနီရောင်အဆင့်သတ်မှတ်လိုက်သလို အရပ်ဘက်လေ့လာသူအချို့ကလည်း စစ်တွေမြို့ကလူထုတွေ ဒီကနေ့ မေ ၁၃ ရက် နေ့လယ် ၁၂ နာရီမတိုင်ခင် ဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ အထပ်ထပ်သတိပေးနေတာပါ။
မုန်တိုင်းကို အနီရောင်အဆင့်သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီကနေ့ မေ၁၃ ရက် မနက်ပိုင်းအထိ တိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အား ကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ”(MOCHA) ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ အနောက်တောင် ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair) ရဲ့ မြောက်- အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar)ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီ ကို ၁၀၅ မိုင် ကနေ ၁၁၅ မိုင်နှုန်းဖြစ်တယ်လို့ဆိုပြီး အနီရောင့်အဆင့်သတ်မှတ်ထားပါတယ်။
အရပ်ဘက်မိုးလေဝသလေ့လာသူအချို့ကတော့ လေတိုက်နှုန်းက တစ်နာရီကို ၁၃၅ မိုင်အထိဖြစ်နိုင်ပြီးနာဂစ်လိုပြင်းအားရှိနိုင်လို့ အထူးသတိထားကြဖ်ို့အသိပေးနေပြီး စစ်တွေမြို့အနီးဖြတ်သန်းမယ့် မုန်တိုင်းလမ်းကြောင်းက ပြောင်းလဲမှုမရှိသလို ဒေသခံလူထုတွေအနေနဲ့ ဒီကနေ့ နေ့လယ် ၁၂ နာရီမတိုင်ခင် ဘေးကင်းစိတ်ချရတဲ့နေရာကိုပြောင်းရွှေ့ထားကြဖို့ အထပ်ထပ်သတိပေးနေတာဖြစ်ပါတယ်။








