ပါလက်စတိုင်းကို အစ္စရေး သိမ်းပိုက်မှု အိုင်စီဂျေ မှာ ကြားနာ - ဖေဖော်ဝါရီ ၁၉ နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Reuters
ပါလက်စတိုင်း လူမျိုးတွေ အစ္စရေး သိမ်းပိုက်မှုအောက်မှာ ကိုလိုနီစနစ်နဲ့ လူမျိုးခွဲခြားရေးစနစ်ဒဏ် ခံစားနေရကြောင်း ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီး ရီယာ့ဒ် အယ်လ်မာလ်ကီက သည်ဟိဂ်မြို့ က ကုလသမဂ္ဂ ထိပ်တန်း တရားရုံးမှာ ပြောကြားခဲ့ပါတယ်။
ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့လည်း သူက အစ္စရေးကို စွပ်စွဲခဲ့ပါတယ်။
အရှေ့ဂျေရုစလင်အပါအဝင် အနောက်ဘက်ကမ်းမှာလည်း နောက်ထပ် ပါလက်စတိုင်း ၃. ၅ သန်းကျော် ကိုလိုနီစနစ်နဲ့ လူမျိုးရေး ဖိနှိပ်မှုတွေ ကြုံနေရပါတယ် ဆိုပြီး မစ္စတာ မာလ်ကီက ပြောပါတယ်။
ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေး သိမ်းပိုက်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေ မှာ ပထမဆုံး ကြားနာတဲ့ရက်မှာပဲ မစ္စတာ အယ်လ် မာလ်ကီက ဒီလို စွပ်စွဲခဲ့တာပါ။
ဒီကြားနာမှုလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက လွန်ခဲ့တဲ့ ၁၅ လ ကတည်းက ညွှန်ကြားခဲ့ပြီး နောက်တပတ် တနင်္လာနေ့ထိ ဆက်ပြီး ကြားနာသွားဖို့ ရှိပါတယ်။
တရားသူကြီးတွေဆီက ပူးပေါင်း လိုက်နာစရာ မလိုတဲ့ အကြံပြုမှု ပေးဖို့ကတော့ နောက်လတွေနဲ့ချီပြီး ကြာနိုင်ပါတယ်။
နာဗာလ်နီ သေဆုံးမှု ဇနီးသည် ပြောဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
အလက်ဇီ နာဗာလ်နီကို ပူတင်က ဖျက်ဆီးရပ်တန့်နိုင်စွမ်းမရှိလို့ အသတ်ခံရကြောင်း ကျန်ရစ်သူ မုဆိုးမ ယူလီယာက ပြောကြား လိုက်ပါတယ်။
ရုရှ အတိုက်အခံ ခေါင်းဆောင်ဟာ အသက် ၄၇ နှစ်အရွယ်မှာ အာတိတ် စက်ဝိုင်းထဲက အကျဉ်းစခန်းမှာ သောကြာနေ့က ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။
တိုင်းပြည်အတွက် သူ့ခင်ပွန်းရဲ့ တိုက်ပွဲဝင်မှုကို ဆက်လုပ်သွားမယ်၊ ဒါကြောင့် ရုရှားပြည်သူတွေ သူနဲ့အတူ ရပ်တည်ကြပါလို့လည်း ယူလီယာ နာဗာလ်နာယာက ဗီဒီယိုနဲ့ သတင်းစကားပါးခဲ့ပါတယ်။
ရုရှား အာဏာပိုင်တွေက သူ့ယောက်ျားအလောင်းကို ကွယ်ဝှက်ထားတယ်လို့လည်း မစ္စစ် နာဗာလ်နာယာက ပြောပါတယ်။
မစ္စတာ နာဗာလ်နီရဲ့ အမေကိုလည်း သူ့သားအလောင်းကို ခုထိ ကြည့်ခွင့်မပေးသေးပါဘူး။
ဒီသေဆုံးမှုမှာ ပတ်သက်မှု မရှိဘူးလို့ပဲ ရုရှားအစိုးရက ငြင်းဆိုခဲ့ပါတယ်။
ဘုရင်စနစ် စော်ကားမှုနဲ့ သက်ဆင်ကို စွဲဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ကို မနေ့က အာမခံနဲ့ ပြန်လွှတ်ပေးပြီးနောက် ဒီကနေ့မှာပဲ ဘုရင်စနစ်ကို စော်ကားမှုနဲ့ နောက်ထပ် ရုံးတင်ခဲ့ပါတယ်။
အရင် ဆယ်နှစ်က မစ္စတာ သက်ဆင် ရုပ်သံမေးမြန်းခန်းတခုမှာ ပြောခဲ့တဲ့ စကားကို ထိုင်း အစိုးရရှေ့နေချုပ်က စစ်ဆေးနေပါတယ်။
ထိုင်း ဘီလျံကြွယ် သူဌေးကြီး သက်ဆင်ကို ဆင့်ခေါ်ရာမှာ ဘီးတပ်ကုလားထိုင်နဲ့ ရောက်လာခဲ့ပြီးစစ်ဆေးမှု ရလဒ်ကို ကြားနာဖို့အတွက် ဧပြီလမှာ ပြန်လာဖို့ အမိန့်ပေးထားပါတယ်။
မစ္စတာ သက်ဆင်ရဲ့ နိုင်ငံရေးသြဇာကို ထိန်းချုပ်ဖို့ ဘုရင်စနစ်ကို စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ထိုင်း ရှေးရိုးစွဲဝါဒီတွေ သုံးနေတာ ဖြစ်နိုင်ကြောင်း သုံးသပ်သူတွေက ပြောပါတယ်။
ဗြိတိန်ရဲ့ ရဝမ်ဒါအစီအစဉ် ကုလစိုးရိမ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗြိတိန်မှာ ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါပို့ဖို့ စီစဉ်တာဟာ ဥပဒေ အခြေခံ စည်းမျဉ်းတွေနဲ့ မညီဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောကြားလိုက်ပါတယ်။
ရဝမ်ဒါ ဥပဒေ ဟာ နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီရဲ့ စိုးရိမ်မှုကို ဗိုက်ကာ တု(က်) က ပြောကြားခဲ့ပါတယ်။
နောက် လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်လို့လည်း သူက သတိပေးပါတယ်။
ဗြိတိသျှအစိုးရရဲ့ ရဝမ်ဒါ အစီအစဉ် တရားဝင်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်အဖွဲ့တွေက မေးခွန်းထုတ်နေကြရာမှာ ဒီထုတ်ပြန်ချက်က နောက်ဆုံးဖြစ်ပါတယ်။
အဆင့်တိုင်းမှာ နိုင်ငံတကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဖြစ်အောင် လုပ်ဆောင်ဖို့လည်း ဗြိတိသျှအစိုးရကို မစ္စတာ တု(က်) တောင်းဆိုလိုက်ပါတယ်။








