ဇူလိုင်လ ၂၇ ရက်ထိပ်တန်းသတင်းများ- ကလေးမြို့နယ်ထဲ လက်နက်ကြီးကျလို့ လူ ၇ ဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ မိုင်အနည်းငယ်အကွာ စစ်ကိုင်းနဲ့ချင်းပြည်နယ်အစပ်က လက်ပန်ချောင်းကျေးရွာထဲကို မနေ့ညပိုင်းတုန်းက စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီး ၂ လုံး ကျလို့ လူ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်က လက်ပန်ချောင်းကျေးရွာထဲ ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ မသိရပေမဲ့ ခမ်းပတ်မြို့နယ်မှာဖြစ်နေတဲ့ စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ပွဲကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆပါတယ်။
‘‘ခမ်းပတ်မှာတိုက်ပွဲဖြစ်နေတာ တစ်ပတ်ကျော်ကြာပြီဆိုတော့ ဒီဘက်မှာလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ ပစ်ခတ်တာဖြစ်နေတယ်။ ဘယ်အချိန်ဖြစ်မယ်ဆိုတာ မသိရတော့ ကျွန်တော်တို့ဆို သဲအိတ်တွေကာထားတဲ့ ရေချိုးခန်းထဲ ဝင်ပုန်းကြရတယ်။ အရင်ကလည်း ၂ ကြိမ်လောက် လက်နက်ကြီးကျဖူးတယ်။ ဒါပေမဲ့ စစ်ပြေးရတာ မလုပ်ချင်ကြတော့ ဒေသခံတွေက ဘုရားကျေးဇူးအောက်မေ့ပြီး နေထိုင်နေကြရတာပါပဲ’’ လို့ လက်ပန်ချောင်းရွာသားတစ်ဦးက ပြောပါတယ်။
မနေ့ညပိုင်းကျ ကျတဲ့လက်နက်ကြီးကတော့ ရွာအပြင်ဘက်မှာ တစ်လုံးနဲ့ ရွာထဲက နေအိမ်တစ်လုံးအနီးကို ကျခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေဟာ တစ်အိမ်တည်းက မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။
လက်ပန်ချောင်းကို အရင်ကလည်း လက်နက်ကြီးကျဖူးတာကြောင့် တစ်ကြိမ်တုန်းကဆိုရင် လက်နက်ကြီးထိမှန် လို့ ရွာသားတစ်ဦး လက်ဖြတ်ခဲ့ရတယ်လို့ ရွာခံတွေက ဘီဘီစီကိုပြောထားပါတယ်။
တဖက်မှာလည်း စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေတိုက်ပွဲကြောင့် ကလေးမြို့ထဲအထိ ထွက်ပြေးတိမ်းရှောင်သူတွေ ရောက်လာတဲ့ ခမ်းပတ်မြို့ထဲမှာတော့ ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦးအလောင်းကို မနေ့တုန်းက တွေ့ခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရမှုအပြီးမှာ ခမ်းပတ်မြို့တပ်နဲ့ရဲစခန်းရှိတဲ့နေရာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ချိန် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်တာနဲ့ ရဟတ်ယာဥ်နဲ့ ပစ်ခတ်တာတွေကြောင့် ခမ်းပတ်မြို့က ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ကလေးမြို့၊ တမူးမြို့နဲ့ အိန္ဒိယနယ်စပ်အထိ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
မလေးရှားမှာ ကုန်တင်သင်္ဘောမှောက်ပြီး မြန်မာ ၄ ဦးပျောက်ဆုံး

ဓာတ်ပုံ ရင်းမြစ်, MMEA
မလေးရှားနိုင်ငံ၊ ဆာဘူရောင်းပင်လယ်ပြင်အနီး ပိုလောင်းဘူရုဂ်ကျွန်းမှာ နစ်မြုပ်ခဲ့တဲ့ ကုန်တင်သင်္ဘော MV Tung Sung မှာ သင်္ဘောသား ၈ ဦး ပါသွားပြီး အဲဒီထဲက မြန်မာနိုင်ငံသား ၄ ဦး က ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ(MMEA) က သတင်းထုတ်ပြန်ထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လက်ရှိမှာ သင်္ဘော ၄ ဦး ရဲ့ ရုပ်အလောင်းကို ပဲ ပြန်ရထားလို့နောက်ထပ် ၄ ဦးကို ဆက်လက်ရှာဖွေနေဆဲလို့ လည်းသိရပါတယ်။
တစ်ပတ်ကျော်ကြာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေပေမဲ့ နောက်ထပ် သင်္ဘောသား ၄ ဦး ကို ရှာမတွေ့သေးလို့ အခုဆိုရင် သင်္ဘောကို ရေမျက်နှာပြင်ပေါ်ပြန်လှန်ပြီးရှာဖို့ သင်္ဘော ရှာဖွေရေးကုမ္ပဏီကို အပ်ထားတယ်လို့ သိရကြောင်း ပျောက်ဆုံးသင်္ဘောသားတွေရဲ့ နောက်ဆုံးအခြေအနေကိုသိရှိတဲ့ ပင်လယ်ထဲကမြန်မာသင်္ဘောသားတွေဘဝ အဖွဲ့ တည်ထောင်သူ ကိုမျိုးကျော်အောင် ကပြောပါတယ်။
ရရှိထားတဲ့ ရုပ်အလောင်းတွေကို DNA(မျိုးဗီဇ) တိုက်စစ်ဖို့ သင်္ဘောသား ၄ ဦးရဲ့ ဖခင်တွေရဲ့ဆံပင်တွေကို မြန်မာကုမ္ပဏီဘက်က မလေးရှားကို ပို့ဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။
''လက်ရှိမှာ အလောင်းပြန်ရတဲ့ ၄ ယောက်ကလည်း မသဲကွဲတဲ့အခြေအနေဆိုတော့ဘယ်သူဘယ်ဝါတွေက သေဆုံးတယ်၊ ပျောက်ဆုံးတယ်ဆိုတာကို အတည်မပြုနိုင်သေးဘူး။အခုတော့ သင်္ဘော ကုမ္ပဏီ ဘက်ကတော့ မြန်မာမိသားစုတွေ ဘက်က ဆံပင်တွေဘာတွေတောင်းတယ်။ DNA တိုက်ဆိုင်စစ်ဆေးတာတွေလုပ်ပြီး အတိအကျသတင်းထုတ်ပြန်တာမျိုးကို သင်္ဘော ကုမ္ပဏီဘက်က လုပ်နေပါတယ်''လို့ ကိုမျိုးကျော်အောင်က ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MMEA
သင်္ဘောသား ၈ဦးပါဝင်တဲ့ MV Tung Sung ဟာ မလေးရှား ကူချင်းမြို့ကနေ ဆာရီကိုင်ကို သွားချိန်မှာ ရာသီဥတုဆိုးရွားမှုနဲ့ကြုံခဲ့ရပြီး တိမ်းမှောက်ခဲ့တာပါ။
ဒီရက်ထဲ ကျန်တဲ့သင်္ဘောသား ၄ ဦး ကို ဆက်လက် ရှာဖွေနေပြီး သေဆုံးသွားသူတွေဟာ အသက်ကယ်ဆယ်ရေးဝတ်စုံတွေ ဝတ်ဆင်ထားတာ မရှိတာကို တွေ့ရကြောင်း မလေးရှား MMEA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာသင်္ဘောသား ၄ ဦး ဟာ ဒီသင်္ဘောမှာ အလုပ်လုပ်ဖို့အတွက် အမေရိ ကန်ဒေါ်လာ ၂,၀၀၀ ပေးခဲ့ရပြီး Global Max Aisa (GMA) SRPS ကုမ္ပဏီကတဆင့်သွားခဲ့တာလို့သိရပါတယ်။
ဒီလို သင်္ဘောမှောက်သွားတဲ့အတွက် ပျောက်ဆုံးနေသူတွေရဲ့ တိကျတဲ့သတင်းရခဲ့ရင် ရသင့်ရထိုက်တဲ့ အာမခံကြေးနဲ့နစ်နာကြေးရဖို့ မိသားစုနဲ့ ဆက်သွယ်ပြီးဆောင်ရွက်ပေးနေတယ်လို့လည်း ကိုမျိုးကျော်အောင် ကပြောပါတယ်။
ပျောက်ဆုံးနေတဲ့ မြန်မာ ၄ ဦးဟာ သင်္ဘောမှာ အလုပ်လုပ်ကိုင်နေတာ ၇ လ ကျော်သာရှိသေးပြီး အသက် ၂၀ နဲ့ ၃၀ ကြားလူငယ်တွေဖြစ်တယ်လို့သိရပါတယ်။
ဒေါက်တာဇော်မြင့်မောင် အိုးဘိုထောင်မှာပဲရှိနေ

ဓာတ်ပုံ ရင်းမြစ်, ပေါက်ဖော်ကွန်ရက်
ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုထောင်ထဲမှာဆက်ရှိနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်နဲ့နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။
လတ်တလောမှာ ဒေါက်တာဇော်မြင့်မောင် ကို နေအိမ်မှာပြန်ထားဖို့ မိသားစုကို ဆက်သွယ်တာတွေရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် နေပေမဲ့ အဲဒီသတင်းတွေမဟုတ်မှန်ကြောင်း နီးစပ်သူက ဆက်ပြောပါတယ်။
'' ထောင်ထဲမှာပါပဲ၊ ကျန်းမာရေးကောင်းပါတယ်။အပြင်မှာထွက်နေတဲ့အိမ်မှာဆိုတဲ့သတင်းတွေက မဟုတ်ပါဘူး'' လို့ ထောင်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အဂတိအမှု၊ ကိုဗစ်ကာလစည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သဘာဝဘေးစီမံပုဒ်မ၊ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့အမှုစတဲ့ အမှု ၉ မှု စွပ်စွဲတရားစွဲခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံထားရတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အာရှနိုင်ငံအချို့ တောင်းဆိုထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အာရှနိုင်ငံအချို့က ထိပ်ပိုင်းအဆင့်ရှိသူတွေက စစ်ကောင်စီကို တောင်းဆိုထားတယ်လို့ သံတမန်အသိုင်းအဝိုင်းက ဘီဘီစီကိုအတည်ပြုပါတယ်။
တွေ့ဆုံဖို့ တောင်းဆိုထားတဲ့အထဲ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၊ ဂျပန် ၊စင်ကာပူ နဲ့ မလေးရှား က ထိပ်ပိုင်းအဆင့်ရှိသူတွေပါတယ်လို့ သံတမန်အသိုင်းအဝိုင်းကပြောပါတယ်။
အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒွန်ပရာမွတ်ဝီနိုင်းက တွေ့ဆုံခွင့်ရခဲ့ပြီးတဲ့နောက်မှာ ဒီလိုပြောဆိုမှုတွေရှိလာတာလို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ စစ်ကောင်စီရဲ့ တွေ့ဆုံခွင့်ပေးတယ်ဆိုတဲ့အပေါ် သံသယရှိတယ်လို့ ပြောထားပြီး မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒသဘောထားကို ပြည်သူလူထုထံကို လွတ်လပ်စွာတင်ပြနိုင်ဖို့ အာဆီယံ ခေါင်းဆောင်တွေက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ အညီလွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်ပေးဖို့ ဆိုပြီးတောင်းဆိုထားပါတယ်။
ငွေကြေးတန်ဖိုးကျနေတယ်လို့ပြောဆိုနေကြချိန် စီးပွားရေးတက်ဖို့ စစ်ခေါင်းဆောင်မျှော်မှန်း

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
လက်ရှိဘဏ္ဍာရေးနှစ်မှာ နိုင်ငံ့စီးပွားရေး ၄ ရာခိုင်နှုန်းခန့် တိုးတက်မယ်လို့ မျှော်မှန်းထားတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က လုပ်တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
မနှစ်ကဘဏ္ဍာရေးနှစ်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး လက်ရှိဆောင်ရွက်နေတဲ့ ကုန်ထုတ်လုပ်မှုတွေကို အမှန်တကယ်ဆောင်ရွက်နိုင်ရင် စီးပွားရေးက ထပ်မံတိုးတက်မယ် လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကတည်းက မြန်မာငွေကြေးတန်ဖိုးဆက်တိုက်ကျဆင်းခဲ့ပြီး စီးပွားရေးမတည်မငြိမ်ဖြစ်နေပေမယ့် စစ်ခေါင်းဆောင်ကတော့ စီးပွားရေးတိုးတက်မယ်လို့ ဆက်တိုက်ပြောနေတာပါ။
ကျပ်နှစ်သောင်းတန် ငွေစက္ကူကို အကန့်အသတ်နဲ့ထုတ်မှာဖြစ်လို့ ငွေကြေးဖောင်းပွမှုလုံးဝဖြစ်ပေါ်စေမှာမဟုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပြီး ဝေဖန်မှုတွေနဲ့ပတ်သက်လို့ စီးပွားရေးအရ ကမောက်ကမဖြစ်အောင် နိုင်ငံရေးအရ တိုက်ခိုက်တာဖြစ်တယ် လို့ သူက ပြောပါတယ်။
စားသုံးဆီကို ပြည်ပကနှစ်စဉ်တင်သွင်းနေရလို့ နိုင်ငံခြားငွေကုန်ကျနေလို့ ပြည်တွင်း စားသုံးဆီဖူလုံရေးအားပေးနေပြီး ၂၀၂၅ ခုနှစ်ကစပြီး စားသုံးဆီဖူလုံမှုရရှိမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အလားတူ စက်သုံးဆီကိုလည်း ပြည်ပကနှစ်စဉ်တင်သွင်းနေရလို့ စက်သုံးဆီသုံးစွဲမှုကို လျှော့ချမယ် လို့ သူကထပ်ပြောပါတယ်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ပြီး ဘဏ္ဍာငွေသုံးစွဲမှုမှာ ပြည်ပ ချေးငွေများလုံးဝချေးယူခြင်းမရှိဘဲ ပြည်ပထောက်ပံ့ငွေအနေနဲ့လည်း ၂၀၂၂ ခုနှစ် နှောင်းပိုင်းရောက်မှ အနည်းငယ်ရခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
ကျပ် နှစ်သောင်းတန်း ထုတ်ဝေမယ့် စစ်ကောင်စီအစီအစဥ်ဟာ လိုအပ်တဲ့ရန်ပုံငွေကို ဖြည့်တင်းဖို့ အားထုတ်မှုဖြစ်တယ်လို့ ပြောသလို အာဏာသိမ်း စစ်ကောင်စီကဖြစ်စေ၊ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေတာဟာ တရားဝင်မှု မရှိတာကြောင့် နှစ်သောင်းတန်ငွေစက္ကူကို တရားမဝင်ငွေစက္ကူတွေအဖြစ် သတ်မှတ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရက ဒီနေ့မှာပဲ ကြေညာချက်ထုတ်ပြန် ထားပါတယ်။
နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေဖြေရှင်းဖို့ ထိုင်းနဲ့ စစ်ကောင်စီဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
မြန်မာစစ်ကောင်စီနဲ့ ထိုင်းနိုင်ငံခြားရေး အတွင်းဝန်တွေတွေ့ဆုံပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေတိုက်ဖျက်ရေးအပါအဝင် နှစ်နိုင်ငံ ကုန်သွယ်စီးပွားနဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးထားတယ်ဆိုပြီး ထိုင်းဘက်က သတင်းထုတ်ပြန်လာပါတယ်။
နယ်စပ်ဒေသတွေမှာဖြစ်နေတဲ့ နှစ်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေတိုးလာနေတာကို ကိုင်တွယ်ဖြေရှင်းရေး နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့သလို ဘတ်ငွေနဲ့ကျပ်ငွေ တိုက်ရိုက်ငွေပေးချေနိုင်တဲ့အစီအစဥ်လို စီးပွားရေးနဲ့ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာ ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့်အနေနဲ့ မြန်မာစစ်ကောင်စီအတွင်းဝန်ဦးချမ်းအေးနဲ့ ထိုင်းနိုင်ငံခြားရေးအတွင်းဝန် ဆာရွန် ချာရိုဆူဝမ်တို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ အခုသီတင်းပတ်အတွင်းတွေ့ဆုံချိန် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းဘက်ကတော့ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပိုလက်တွေ့ကျတဲ့အခင်းအကျင်းဖြစ်လာအောင် မြန်မာစစ်ကောင်စီအနေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်ဖို့ အကြံပြုခဲ့တယ်လို့လည်း သိရပါတယ်။
တဖက်မှာလည်း မြန်မာနယ်စပ်မှာဖြစ်နေတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ၊ အွန်လိုင်းအခြေပြုလိမ်လည်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ထိုင်းဘက်ကရော၊ တရုတ်ဘက်ကပါ မြန်မာစစ်ကောင်စီကို တိုက်တွန်းနေတာဖြစ်ပါတယ်။








