မတ်လ ၂၀ ရက် ထိပ်တန်းသတင်းများ - စစ်ကောင်စီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းကိုသွား

ရေးသားခဲ့သည်။

ညောင်ခါးရှည်မှာ ကားပိတ်ပြန်

နာရီနဲ့ချီအောင် ကားပိတ်ဆို့တတ်တဲ့ ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားက ညောင်ခါးရှည် ညောင်ခါးရှည်စစ်ဆေးရေး ဂိတ်မှာ မတ်လ ၂၀ရက်နေ့မှာလည်း ကားရာဂဏန်း အထိကားတန်းရှည်ကြီးဖြစ်နေတဲ့အထိ ပိတ်ဆို့နေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

စိတ်မရှည်တဲ့ယာဥ်မောင်းတချို့ကတေ့ ကျော်တက်ကြလို့ မော်လမြိုင် ကနေ ရန်ကုန် ဘက်လာတဲ့ လမ်းကြောင်းမှာ ယာဥ်ကြောက ၄ထပ်၊ ၅ထပ် အထိ ဖြစ်သွားတယ်လို့ ယာဥ်မောင်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကုန်ကားသမားတွေကတော့ မနေ့ညနေထဲက ဒီမနက်အထိ X-Ray ဖြတ်ဖို့ စောင့်နေရတုန်းလို့ သိရပါတယ်။ ကားရာချီပိတ်ဆို့နေတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျသိရှိရတာမရှိသေးပါဘူး။

ဒေါ်စောမြရာဇာလင်း ALP ဥက္ကဋ္ဌ ဖြစ်လာ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ရဲ့ ဥက္ကဋ္ဌအသစ် ဒေါ်စောမြရာဇာလင်း ဖြစ်လာပြီး NCA လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမယ်လို့ ဘီဘီစီကိုပြောပါတယ်။

ပါတီခေါင်းဆောင်ပိုင်းကို ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက် ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ရှေးရှုသွားမယ်လို့ ‌ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးအတွက် လက်နက်ကိုင်အဖွဲ့အဖြစ် ALP/AA ကို ၁၉၆၈ ခုနှစ်ကစတင်ပြီး ဖွဲ့စည်း တည်ထောင်ခဲ့တာပါ။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အတွင်းမှာ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ကိုရေးထိုးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်ဖို့ ဆုံးဖြတ်ထားမှု ရှိမရှိအပေါ် ဘီဘီစီကမေးမြန်းရာမှာတော့ ‘’ငြိမ်းချမ်းရေးကိုအဓိကသွားနေတာဖြစ်လို့ မှတ်ပုံတင်ဖို့အချိန်မလုံလောက်သေးဘူး’’ လို့ သူကပြောပါတယ်။

ပါတီအနေနဲ့ စစ်ကောင်စီဥက္ကဋ္ဌကို တင်ပြဆွေးနွေးတာ၊ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နဲ့ဆွေးနွေးတာအပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ စဥ်းစားချက်တွေရှိတယ်လို့ သူကပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟာ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကိုလက်ခံပြီး နေပြည်တော်ကိုသွားရောက်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက တစ်ဖွဲ့ဖြစ်ပြီး ဒေါ်စောမြရာဇာလင်းကဒုတိယဥက္ကဋ္ဌအနေနဲ့ ဦးဆောင်သွားရောက်ခဲ့တာဖြစ်ပါတယ်။

ထိုင်းမှာ ၃ လအတွင်း မြန်မာ ၅၀၀ ခန့် ဖမ်းဆီးခံထားရ

ရိုဟင်ဂျာအချို့လည်း ဖမ်းဆီးခံရတာရှိ

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ကြဖို့ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းဘက် ကနေ အထောက်အထားမဲ့ ဝင်ရောက်လာကြသူတွေလို့ ယူဆရတဲ့ မြန်မာနိုင်ငံသား ၅၀၀ လောက်အထိ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ရဲ့ Migrant Department က ပြုစုထားတဲ့ စာရင်းတွေအရ အခုလို ဖမ်းဆီးခံရတဲ့ အရေအတွက်တွေကို သိရတာပါ။

အခုဖမ်းဆီးခံရသူအများစုက ထိုင်းနိုင်ငံတောင်ပိုင်း၊ ကချနဘူရီခရိုင်ဘက်ကနေ ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ကြသူ အများဆုံးဖြစ်ပါတယ်။ ထိုင်းသတင်းတွေ၊ မြန်မာရွှေ့‌ပြောင်းအလုပ်သမားကွန်ယက်တွေရဲ့ ဖော်ပြချက်တွေအရ မြေပြင်ကအမှန်တကယ်ဖမ်းဆီးရမိသူအရေအတွက်တွေကို တိုက်ဆိုင်စစ်ဆေးပြီး ကောက်ယူထားတာလို့ စာရင်းပြုစုသူတွေထံကသိရပါတယ်။ သတင်းတွေမှာ ဖော်ပြခံရမှုမရှိတဲ့ ဖမ်းဆီးမှုတွေလည်း ရှိနိုင်တာကြောင့် အခုသိရှိရထားတဲ့ အရေအတွက်ဟာ အနည်းဆုံးပမာဏဖြစ်နိုင်တယ်လို့လည်း Migrant Departmentရဲ့ စာရင်းတွေအရသိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၃ရက်အတွင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်ရာ့ချ်စီမာခရိုင်ထဲက ရာဘာခြံတစ်ခုမှာ ရိုဟင်ဂျာအယောက် ၄၀ လောက်ကို ထိုင်းရဲတပ်ဖွဲ့က သတင်းအရသွားရောက်ဖမ်းဆီးခဲ့တာမျိုးရှိခဲ့ပါတယ်။

အဲဒီ ရိုဟင်ဂျာတွေဟာ မလေးရှားဘက်ကိုဆက်သွားဖို့ရှိသူတွေလို့ ထိုင်းရောက်မြန်မာနိုင်ငံသားအရေး ကူညီသူတွေထံကသိရပါတယ်။ သူတို့ကိုပွဲစားတွေက ရာဘာခြံထဲမှာထားခဲ့တာမျိုးလို့ မြန်မာအရေးကူညီသူ တွေက ယူဆပြောဆိုကြပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးပြီးနောက်ပိုင်း ထပ်မံလုပ်ဆောင်နေတဲ့အသေးစိတ် ကိုတော့ သိရှိရတာမရှိသေးပါဘူး။

ရိုဟင်ဂျာ အယောက် ၄၀ လောက်ကို ၂၀၂၃ခုနှစ် လက်ရှိ ၃လအတွင်းမှာ ပထမဆုံးအကြိမ် ထိုင်းမှာ ဖမ်းမိ တာလို့ Migrant Department ရဲ့ အချက်အလက်တွေအရသိရပါတယ်။

ထိုင်းနိုင်ငံကို နေ့စဥ်နဲ့အမျှ ဝင်ရောက်နေတဲ့ အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတပ်ဖွဲ့က လည်း ကျပ်မတ်ဖမ်းဆီးတာတွေကို နေ့တိုင်းနီးပါးလုပ်နေတယ်လို့ ထိုင်းရောက်မြန်မာနိုင်ငံသားကူညီရေး အဖွဲ့တွေထံကသိရပါတယ်။

အဲလိုဖမ်းဆီးရမိသူတွေကိုလည်း လူကုန်ကူးခံရသူတွေမှအပ တရားမဝင်ဝင်ရောက်သူတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အနည်းဆုံး ထောင်ဒဏ် ၃လကနေ ၆လအထိကို ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းထားတာမျိုးရှိပါတယ်။

အဲဒီနောက် နှစ်ဘက် အာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးတာမျိုးတွေကို လုပ်ဆောင်နေတယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသားအရေးကူညီ ပေးနေတဲ့ အဖွဲ့တွေထံကသိရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းကိုသွား

တပ်တွင်းစည်းလုံးညီညွတ်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ အလေးထားမှာကြား

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ PDF တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ထဲက အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကို မနေ့က သွားရောက်ခဲ့ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးအလေးထားဆောင်ရွက်ဖို့ မှာကြားခဲ့ပါတယ်။

စစ်သည်တွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်းရော တပ်မတော်ကိုပါ သစ္စာရှိဖို့ စစ်ကောင်စီဥက္ကဋ္ဌက တစ်ဆက်တည်း မှာပါတယ်။

မုံရွာတပ်နယ် အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဟာ ပြီးခဲ့တဲ့လက စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက ၁၄ မြို့နယ်၊ မကွေးတိုင်းထဲက ၅ မြို့နယ် နဲ့ ချင်းပြည်နယ်ထဲက ၇ မြို့နယ် ကို တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်နေတဲ့ စစ်တိုင်းတစ်ခုလည်းဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးတဲ့နောက် စစ်ကိုင်းတိုင်းကို ပထမဆုံးသွားတဲ့ ခရီးစဥ်လည်းဖြစ်ပါတယ်။

လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးဖို့နဲ့ ငြိမ်းချမ်းမှုရဖို့၊ တရားဥပဒေစိုးမိုးရေးရရှိဖို့ ဦးတည်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌဟာ မုံရွာတပ်ဆေးရုံက ဒဏ်ရာရ အရာရှိ၊စစ်သည်တွေနဲ့ ပြည်သူ့စစ်(ဋ္ဌာနေ)တွေကိုပါ သွားရောက်ကြည့်ရှုပါတယ်။

စစ်ကိုင်းတိုင်းဟာ ဒေသကာကွယ်ရေးတပ်တွေအားအကောင်းဆုံး တိုင်းတစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ပါ အပြောင်းအလဲ လုပ်ခဲ့ရတဲ့ စစ်တိုင်းတစ်ခု ဖြစ်ပါတယ်။