ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းနိုင်ငံ ဒနီပရိုမြို့ ဆေးခန်း ရုရှားမစ်ဆိုင်းထိမှန်-မေလ ၂၆ ရက် ညပိုင်းနိုင်ငံတကာသတင်းများ
ယူကရိန်းနိုင်ငံ တောင်ပိုင်း ဒနီပရိုမြို့က ဆေးခန်းတစ်ခုကို ရုရှားတပ်ဖွဲ့တွေရဲ့ မစ်ဆိုင်းဒုံး ထိမှန်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း လူ ၂ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
သမ္မတ ဇလန်းစကီးက ရုရှားအကြမ်းဖက်သမားတွေဟာ လူသားမဆန်၊ ကောက်ကျစ်ယုတ်မာတဲ့ လက်နက်ကိုင်တွေအဖြစ် သူတို့ကိုယ်သူတို့ အတည်ပြု ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
အသက်ရှင်လွတ်မြောက်နိုင်ဖွယ်သူတွေကို ရှာဖွေ ကယ်ဆယ်မှုတွေ စလုပ်နေပြီလို့ ဆိုပါတယ်။
ဒါဟာ ရုရှားတပ်ဖွဲ့တွေက ဒုတိယမြောက် ညအဖြစ် မစ်ဆိုင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားမစ်ဆိုင်းနဲ့ ဒရုန်းအများစုကိုတော့ ပစ်ချနိုင်ခဲ့ပါတယ်။
ခါကိဗ်မြို့အပြင်ဘက်က ရေနံသိုလှောင်ရုံတစ်ခုမှာတော့ မစ်ဆိုင်းဒုံး နှစ်ကြိမ် ထိမှန်အပြီး မီးစွဲလောင်ခဲ့ပါတယ်။
ယူကရိန်းတို့ဆီက တုံ့ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဖို့ ရှိနေတဲ့အတွက် အဲဒီ မတိုင်ခင် ရုရှားတို့ဘက်က ဒီလိုတိုက်ခိုက်မှုတွေ အထူးသဖြင့် အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုမျိုးတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်နေကြပါတယ်။
အီရန်၊ ဘယ်လ်ဂျီယမ် အကျဉ်းသား အလဲအလှယ်လုပ်
အီရန်နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံတွေက ဘယ်လ်ဂျီယမ် ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦးနဲ့ အီရန် သံတမန်တစ်ဦးတို့ ပါဝင်တဲ့ အကျဉ်းသား လဲလှယ်မှုတစ်ခု လုပ်ခဲ့ကြပါတယ်။
အကျဉ်းသား လဲလှယ်ရေးမှာ ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ အိုမန်နိုင်ငံဆီ ဘယ်လ်ဂျီယမ် ကယ်ဆယ်ရေးဝန်ထမ်း အိုလီဗီယေ ဗန်ဒက်ကက်စ်တလေ ရောက်ရှိလာပြီလို့ ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် အလက်ဇန်းဒါး ဒီ ကရူးက အတည်ပြုပြောပါတယ်။
အီရန်အစိုးရ ရုပ်မြင်သံကြားကလည်း သူတို့ရဲ့ သံတမန် အက်ဆက်ဒိုလာ အာဆတ်ဒီ လွတ်မြောက်လာပြီ ဆိုတာကို ထုတ်ဖော် ကြေညာခဲ့ပါတယ်။
မစ္စတာ ဗန်ဒက်ကက်စ်တလေ ဟာ ပြီးခဲ့တဲ့နှစ်က အီရန်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပြီး အဲဒီနောက်မှာ သူလျှိုမှုနဲ့ ထောင်ဒဏ် နှစ် ၄၀၊ ကြိမ်ဒဏ် ၇၄ ချက် ချမှတ်ခံခဲ့ရပါတယ်။
မစ္စတာ အာဆတ်ဒီကတော့ ပြည်ပရောက် အီရန်အတိုက်အခံအုပ်စုတစ်စုကို ပြင်သစ်နိုင်ငံမှာ မအောင်မမြင်ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့မှုကို စီစဉ်ခဲ့မှုနဲ့ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ပြစ်မှုထင်ရှားခဲ့တာ ဖြစ်ပါတယ်။
ဂျပန်မှာ လူ ၄ ဦး သေဆုံးခဲ့တဲ့ ဓားထိုး၊ သေနတ်ပစ် တိုက်ခိုက်မှု အမျိုးသားတစ်ဦးကို ဖမ်းဆီး
ဂျပန်နိုင်ငံမှာ ဓား၊ သေနတ်နဲ့တိုက်ခိုက်မှုတစ်ခုအတွင်း ရဲအရာရှိနှစ်ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ရအပြီး အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
နာကာနို မြို့နားက စိုက်ပျိုးမွေးမြူရေးခြံတစ်ခုမှာ ၁၂ နာရီကြာ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့အပြီး မာဆာနိုရီ အာအိုကီ ဖမ်းဆီးခံခဲ့ရတာပါ။
အမျိုးသမီးတစ်ဦးကို သူ ဓားနဲ့ထိုးခဲ့ပြီး အဲဒီနောက် ရဲတွေ ရောက်လာချိန်မှာ ရဲတွေကို သေနတ်နဲ့ ပစ်ခဲ့တယ်ဆိုတဲ့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေကို မာဆာနိုရီ အာအိုကီက ငြင်းဆိုတာမျိုး မရှိဘူးလို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
သူဟာ နာကာနိုမြို့ ကောင်စီ အကြီးအကဲရဲ့ သားဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ရာဇဝတ်မှုမျိုးတွေက အလွန့်အလွန်ရှားပါးလှပြီး ပြီးခဲ့တဲ့နှစ်ကဆိုရင် သေနတ်ပစ်ခတ်မှုနဲ့ ဆက်နွှယ်တဲ့ လူသေဆုံးမှု ၄ ခုသာ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရမှုက တစ်ခုအပါအဝင် ဖြစ်ပါတယ်။
တောင်ကိုရီးယား လေယာဉ် မဆင်းခင် အရေးပေါ်ထွက်ပေါက်တံခါး အတင်းဖွင့်ခဲ့တဲ့ ဖြစ်ရပ် စစ်ဆေးနေ
တောင်ကိုရီးယားမှာ မြေပြင် ဆင်းသက်ကာနီး လေယာဉ်ပေါ်က အရေးပေါ် ထွက်ပေါက်တံခါးတစ်ခုကို ခရီးသည်တစ်ဦးက အတင်းဖွင့်ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လုပ်နေပြီ ဖြစ်ပါတယ်။
ဂျေဂျူးကျွန်းကနေ ဒေဂူးမြို့ဆီသွားတဲ့ အဲဒီလေယာဉ်ပေါ်က လူ ၉ ဦးကို အသက်ရှူကျပ်တဲ့ ဝေဒနာနဲ့ ဆေးရုံတင်ထားရပါတယ်။
မြေပြင်ကို ဆင်းသက်ကာနီး မိနစ်ပိုင်းအလို အဲဒီလေယာဉ် မြေပြင်အထက် ကီလိုမီတာ ၂၀၀ မှာရှိနေတုန်းမှာ ခရီးသည်က အရေးပေါ်ထွက်ပေါက်တံခါးကို ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ကျန်တဲ့ ခရီးသည်အားလုံးကတော့ သူတို့ထိုင်ခုံမှာ ခါးပတ်ပတ်ပြီး ထိုင်နေခဲ့ကြပါတယ်။