ရက်သားလသား ကလေးလူနာတွေကို အယ်ရှီဖာ ဆေးရုံကနေ ရွှေ့ပြောင်း - နိုဝင်ဘာ ၁၉ ရက်နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လမစေ့ပဲမွေးဖွားတဲ့ ကလေးငယ်လူနာ ၃၁ ယောက်ကို အယ်လ်ရှီဖာ ဆေးရုံကနေ ရွှေ့ပြောင်းထုတ်နိုင်ခဲ့ပြီလို့ ဂါဇာ ကျန်းမာရေး အရာရှိတယောက်က ပြောပါတယ်။
ဂါဇာကဆေးရုံများဆိုင်ရာ ဒါရိုက်တာ မိုဟာမက် ဇကက်က ဒီကလေးတွေကို ဆရာဝန် ၃ ယောက်၊ သူနာပြု ၂ ယောက်နဲ့အတူ ဂါဇာကနေ ရာဖာ နယ်စပ်ဂိတ်ကို ဖြတ်ပြီး အီဂျစ်ကို သယ်ထုတ်နိုင်ဖို့ စီစဉ်နေကြောင်း ပြောပါတယ်။
အစောပိုင်းတုန်းက နိုင်ငံတကာ ဆရာဝန်တွေဟာ အယ်လ်ရှီဖာ ဆေးရုံကို လာကြည့် ခဲ့ကြပြီး အဲဒီမှာ ဖြစ်နေတာက သေနတ်နဲ့ ပစ်ခံထားရတဲ့၊ ဗုံးကြဲခံထားရတဲ့ အပျက်အစီး အမှတ်အသားတွေကိုတွေ့ရတယ်၊ ဝင်ပေါက်မှာ သေဆုံးသူတွေကို အစုလိုက် မြှုပ်ထားရတယ်၊ တွေ့လိုက်ရတာက သေမင်းဇုန် လိုပဲလို့ သူတို့က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အစ္စရေး စစ်တပ်ဟာ အဲဒီဆေးရုံကို ဟားမတ်စ်တို့က စစ်ရေးအရ အသုံးချနေတယ်လို့ ဆိုကာ ဆေးရုံကို ဝင်စီးနင်းခဲ့ပါတယ်။
ရိုဟင်ဂျာတွေ သယ်ဆောင်လာတဲ့ စက်လှေတွေ အာချေးမှာ ကမ်းကပ်ခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရိုဟင်ဂျာ ၅၀၀ ကျော်ကို သယ်ဆောင်လာတဲ့ စက်လှေ ၃ စီးကို အင်ဒိုနီးရှား နိုင်ငံ အာချေး ပြည်နယ်မှာ ကမ်းကပ် ခွင့်ပြုလိုက်ပါတယ်။
လူတွေ အများကြီး သယ်ဆောင်ထားပြီး ခိုင်ခန့်မှု အားနည်းတဲ့ ဒီစက်လှေတွေထဲ က တစီးဟာ အာချေးကမ်းခြေတခုကို စပြီးရောက်လာစဉ် ပင်လယ်ထဲကို ပြန်သွားဖို့ တွန်းထုတ်ခံခဲ့ရပါတယ်။
ဒီလိုနဲ့ ရက်ပေါင်းအတော်ကြာပြီးမှ အဲဒီစက်လှေ အခုလို ကမ်းကို ဆိုက်ကပ်ခွင့်ရ သွားတာပါ။
ရိုဟင်ဂျာ တွေဟာ မြန်မာနိုင်ငံမှာ ရက်စက်ဖိနှိပ်မှုဒဏ်တွေကြုံခဲ့ကြရသလို၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေမှာလည်း ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင် နေကြရပါတယ်။
ဒါကြောင့် သူတို့ဟာ အသက်ဘေးနီးတဲ့ ပင်လယ်လမ်းကြောင်းကို ဖြတ်ပြီး တခြား နိုင်ငံတွေကို ထွက်ခွာနေကြတာတွေ ရှိနေပါတယ်။
အိန္ဒိယမြောက်ပိုင်း ပြည်နယ်တခုမှာ ဟလယ် အမှတ်အသားကို ပိတ်ပင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှာ အာဏာပိုင်တွေက ဟလယ် (Halal) အမှတ်အသားကို အစားအသောက်တွေမှာ မတပ်ဖို့ ပိတ်ပင်လိုက်ပါတယ်။
ဒါတွေက လက်ရှိ ဥပဒေတွေကို ချိုးဖောက်တယ်လို့ သူတို့က အကြောင်းပြပါတယ်။
အစ္စလာမ် ဥပဒေနဲ့ အညီ အစားအသောက်တွေကို ထုတ်လုပ်စီစဉ်ထားကြောင်း အမှတ်အသားအဖြစ် ဟလယ် အသိအမှတ်ပြု လက်မှတ်ကို ထုတ်ပေးကြ၊ တပ်ကြ တာပါ။
ဒီလို တံဆိပ်တပ်ခြင်းဖြစ် စားသုံးသူတွေအကြား ရှုပ်ထွေးမှုတွေ ဖြစ်ရတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။
ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှာ ဟိန္ဒူအမျိုးသားရေး ဝါဒီ BJP ပါတီက အုပ်ချုပ်နေတာ ဖြစ်ပေမဲ့ ဒီပြည်နယ်အတွင်းမှာ မွတ်စလင် သန်း ၄၀ နီးပါး နေထိုင်နေကြကာ တပြည် နယ်လုံး လူဦးရေရဲ့ ၅ ပုံ ၁ ပုံ ရှိပါတယ်။
ဟလယ် လက်မှတ် ထုတ်ပေးတဲ့ ကုမ္ပဏီတွေက ဒီလို ပိတ်ပင်တာဟာ ထုတ်လုပ်သူ တွေနဲ့ စားသုံးသူတွေကို ရှုပ်ထွေးမှု အကြီးအမား ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။








