ဇူလိုင် ၂၀ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် -ကျောင်းသားသမဂ္ဂအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူ အင်းစိန်ထောင်ထဲ သေဆုံး

အင်းစိန်အကျဉ်းထောင်မှာ သေဆုံးသွားတဲ့ အသက် ၂၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်

ဓာတ်ပုံ ရင်းမြစ်, Dagon University Students’ Union

ဓာတ်ပုံ ပုံစာ, အင်းစိန်အကျဉ်းထောင်မှာ သေဆုံးသွားတဲ့ အသက် ၂၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

မြန်မာစစ်တပ် အာဏာသိမ်း ဆန့်ကျင်တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင် ၂၀ ရက်မှာ အင်းစိန်ထောင်ထဲမှာပဲ သေဆုံးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့နဲ့ တကသကျောင်းသားဟောင်းများ အင်အားစု ကနေ သိရပါတယ်။

မဝတ်ရည်အောင်ဟာ စစ်ကြောရေး ရောက်ရှိချိန်မှာ ဦးခေါင်းကို ထိခိုက်ခဲ့တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

"ခေါင်း အကျိတ် ဖြစ်တာပါ။ အဖမ်းမခံရခင်အထိ အဲဒီရောဂါ မရှိပါဘူး။ စစ်ကြောရေးက ဒဏ်ရာကြောင့် ဦးခေါင်း အကျိတ်တည်တာ ဖြစ်ပါတယ်။ အဲဒီကနေ ခဏခဏ သတိလစ်တာ၊ လေဖြန်းတာတွေ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ခွဲစိတ်မှု ခံယူခဲ့ရဖူးပါတယ်" လို့ တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုလင်းထက်က ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် မဝတ်ရည်အောင် သေဆုံးတဲ့အကြောင်းကို မိသားစုဆီ ဇူလိုင် ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ အကျဉ်းထောင်က ဖုန်းဆက်အကြောင်းကြားလာတယ်လို့ သိရပါတယ်။

မဝတ်ရည်အောင်ရဲ့ ရုပ်အလောင်းက အင်းစိန်ဆေးရုံ ရင်ခွဲရုံကို မနက် ၃ နာရီမှာ ရောက်နေပြီဆိုတဲ့အကြောင်းကိုလည်း ကိုလင်းထက်က ပြောပါတယ်။

ဒီနေ့က တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် ရုပ်အလောင်းကို တနင်္လာနေ့မှ ထုတ်ခွင့်ရမယ်လို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မဝတ်ရည်အောင်ကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှာ အခြားကျောင်းသား ၅ ဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က) ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရတာပါ။

၂၀၂၂ ခုနှစ် ဧပြီ ၂၄ မှာ အင်းစိန်ထောင်ကနေ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခံရပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၄ မှာ ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကို ပြန်ပြောင်းရွှေ့ခံရပါတယ်။

အင်းစိန်ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာလည်း ဦးနှောက်အကျိတ်တည် ဒဏ်ရာတွေကြောင့် နာရီ ၂၀ ကျော် သတိလစ်ခဲ့တာ၊ တက်တာ၊ နှလုံးရပ်တာတွေ ခံစားခဲ့ရတယ်လို့ ကျောင်းသား သမဂ္ဂအဖွဲ့တွေကနေ သိရပါတယ်။

မဝတ်ရည်အောင်ဟာ အင်းစိန်ထောင်ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးတာ ဟုတ်၊ မဟုတ် ရှင်းလင်းလင်းမသိရသေးသလို စစ်ကောင်စီဘက်ကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဘီးလင်းမြို့နယ် NLD အလုပ်အမှုဆောင် သထုံအကျဉ်းထောင်မှာ သေဆုံး

သထုံအကျဉ်းထောင်မှာ သေဆုံးသွားတဲ့ ဘီးလင်း NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင်

ဓာတ်ပုံ ရင်းမြစ်, ခေတ်သစ်

ဓာတ်ပုံ ပုံစာ, သထုံအကျဉ်းထောင်မှာ သေဆုံးသွားတဲ့ ဘီးလင်း NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အလုပ်အမှုဆောင် ဦးပြည့်စုံအောင်ဟာ သထုံအကျဉ်းထောင်မှာ ဇူလိုင် ၁၉ ရက်မှာ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) နဲ့ NLD ပါတီဝင်တချို့က ပြောပါတယ်။

အသက် ၄၄ နှစ်အရွယ် ဦးပြည့်စုံအောင်ဟာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေကို ခံစားနေရသူဖြစ်ပြီး ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ အကြောကပ်လို့ မေ့မြောသွားတာကနေ နေ့လယ် ၁ နာရီမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

"သူက သူ့မြို့နယ်၊ ပါတီထဲမှာတော့ တက်တက်ကြွကြွ လုပ်ကိုင်ခဲ့သူပဲ။ ပြည်သူတွေကြားမှာလည်း အသိများလို့ စစ်ကောင်စီက ဖမ်းဆီးထားတာ" လို့ NLD ပါတီဝင်တစ်ယောက်က မှတ်ချက်ပေးပါတယ်။

ဦးပြည့်စုံအောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ဖမ်းဆီးခဲ့ပြီး ဘီးလင်းမြို့နယ်အထူးတရားရုံးက ၂၀၂၂ ခုနှစ်၊ ဧပြီ ၅ ရက်မှာ ထောင်ဒဏ် ၆ နှစ် အမိန့်ချခဲ့တယ်လို့ PPNM က ထုတ်ပြန်ပါတယ်။

ဦးပြည့်စုံအောင်ဟာ စစ်ကောက်စီလက်အောက်မှာ သေဆုံးတဲ့ ဘီးလင်း NLD ပါတီခေါင်းဆောင်ပိုင်းမှာ ဒုတိယမြောက် လူပုဂ္ဂိုလ်ဖြစ်လာပါတယ်။

သူ့မတိုင်ခင်တုန်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ စစ်ကောင်စီတပ်ဖမ်းဆီးတာခံခဲ့ရသူ ဘီးလင်း NLD ပါတီဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၊ ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့ကို ဇူလိုင်လ ဆန်းရောက်မှ အလောင်းတွေပဲ ပြန်တွေ့ခဲ့ရပါတယ်။

ဓနုတပ် DPLA က တပ်ဖွဲ့ဝင် ၁၂ ဦး ဥပဒေဘောင်ထဲ ဝင်လာတယ်လို့ စစ်တပ်ပြော

 ဥပဒေဘောင်အတွင်းဝင်လာတယ်ဆိုတဲ့  PDF တွေကို ပြန်လည်ကြိုဆိုပွဲကို စစ်ကောင်စီက ပြင်ဦးလွင်မှာကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ဥပဒေဘောင်အတွင်းဝင်လာတယ်ဆိုတဲ့ PDF တွေကို ပြန်လည်ကြိုဆိုပွဲကို စစ်ကောင်စီက ပြင်ဦးလွင်မှာကျင်းပခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို စစ်တပ်က တအာင်းတပ်(TNLA) လက်ထဲကနေ ပြန်ထိန်းချုပ်ပြီးနောက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLA) တပ်ဖွဲ့ဝင် ၁၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်ထဲ ဝင်လာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ဓနုတပ်(DPLA) တပ်ဖွဲ့ဝင် အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇူလိုင် ၁၉ ရက်မှာ အခုလိုဝင်လာတာလို့ စစ်ကောင်စီက ဒီကနေ့ သတင်းထုတ်ပြန်လာတာပါ။

အဲဒီမတိုင်ခင် ဇူလိုင် ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာလည်း DPLA အဖွဲ့ဝင်တွေပါတဲ့ လူပေါင်း ဆယ်ချီ ဥပဒေဘောင်ထဲ ဝင်လာကြလို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်က ပြင်ဦးလွင်တပ်နယ်မှာ ကြိုဆိုပွဲကျင်းပပြီး မိဘတွေဆီ ပြန်လွှဲခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဓနုတပ်(DPLA)ဟာ တအာင်းတပ်(TNLA)နဲ့မဟာမိတ်ဖြစ်ပြီး နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့နဲ့ကပ်လျက်က ရှမ်းတောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသထဲမှာ လှုပ်ရှားတဲ့အဖွဲ့ဖြစ်ပါတယ်။

စစ်တပ်ထုတ်ပြန်ချက်ထဲ ဓနုတပ်(DPLA)တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ၂ ရက်ဆက်တိုက် ဘက်ပြောင်း ခိုလှုံတယ်ဆိုတာနဲ့ပတ်သက်ပြီး ဓနုတပ်(DPLA)ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီလူတွေဟာ သူတို့ တပ်ဖွဲ့ဝင်တွေ ဟုတ်၊ မဟုတ် အတည်မပြုနိုင်ဘူးလို့ DPLA ပြန်ကြားရေးတာဝန်ရှိသူက တုံ့ပြန်ပါတယ်။

"(သူတို့ထုတ်ပြန်ချက်မှာ) မျက်နှာလည်းမပြ၊ ယုတ္တိလည်းမရှိ၊ နာမည်လည်းမပါဘူး" လို့ သူက ပြောပါတယ်။

တပ်ပြေးတွေရှိတယ်လို့ သူက ဝန်ခံပေမဲ့ စစ်ကောင်စီတပ်ဆီ ရောက်သွားသူတွေက ဓနုတပ်ဖွဲ့ ဝင်တွေ ဟုတ် မဟုတ်ဆိုတာ အတည်မပြုပေးပါဘူး။

ဓနုတပ် DPLA ဆီကိုလည်း တောင်ခမ်း၊ နောင်ချို၊ အက်တော၊ ကျောက်ဂူ စတဲ့ တိုက်ပွဲတွေကနေ ဖမ်းဆီးမိတာ၊ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ တအာင်းတပ်(TNLA)က ၂၀၁၇ စစ်ဆင်ရေးအတွင်း ထိန်းချုပ်ခဲ့တဲ့နောင်ချိုကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြန်သိမ်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်း TNLA တပ်ဖွဲ့ဝင်အချို့အပါအဝင် သူ့မဟာမိတ်တပ်တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်- မန္တလေး(MDY-PDF)နဲ့ ဓနုတပ်(DPLA) အဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း လူ ၄၀ ကျော် ပြီးခဲ့တဲ့ ၃ ရက်အတွင်း ဥပေဒဘောင်အတွင်း ခိုလှုံလာတယ်လို့ ထုတ်ပြောနေ ပါတယ်။

စစ်တပ်လက်နက်ကြီးကြောင့် ဖယ်ခုံမြို့နယ်အရှေ့ပိုင်းမှာ ဒေသခံ ၅ ဦး သေဆုံး

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ပျက်စီးသွားတဲ့နေအိမ်

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ပျက်စီးသွားတဲ့နေအိမ်

ရှမ်းပြည်နယ်နဲ့ ကရင်နီ(ကယား)အစပ် ဖယ်ခုံမြို့နယ်ထဲက ဖယ်ခုံအင်းအရှေ့ဘက်ကျေးရွာ ၆ ရွာထဲကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၁၈ ရက်နေ့လယ်ပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။

ဒီ လက်နက်ကြီး ပစ်ခတ်တာတွေကို လွိုင်ကော်မြို့၊ လွိုင်လင်လေးမြို့နဲ့ မိုးဗြဲမြို့တွေမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့အမြောက်တပ်တွေကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"မိုးဗြဲကို သိမ်းပြီးတော့ စစ်ကောင်စီက ဖယ်ခုံဘက်ကို စစ်ကြောင်းဝင်တယ်။ အဲဒီမှာ ဖယ်ခုံအင်း(မိုးဗြဲဆည်)အရှေ့ဘက်က ရွာတွေက ထွက်ပြေးလို့မရဘဲ ပိတ်မိနေတာရှိတယ်။ အဲဒီနေရာကို လက်နက်ကြီးကျတာ။ ဘယ်ရွာကို ကျသလဲတော့ အတိအကျ မသိရသေးဘူး"လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ကိုဗညားက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေဟာ လွိုင်ကော်- ကုန်းသာ- မိုးဗြဲလမ်းမကြီးတစ်လျှောက် ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်နေတယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေကြောင့်လည်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေးဌာနအောက်မှာရှိတဲ့ စာသင်ကျောင်းပေါင်း ၅၀၀ ကျော် ယာယီပိတ်ထားရပါတယ်။

ကျောင်းသားငါးသောင်းကျော်တက်နေတဲ့ ကရင်နီက အခြေခံပညာကျောင်းတွေ ယာယီပိတ်လိုက်ရ

ကြားကာလ စာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, နွေဦးဂုရုလေးများ

ဓာတ်ပုံ ပုံစာ, ကြားကာလ စာသင်ကျောင်း

ကယား(ကရင်နီ) ပြည်နယ်ထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးတာတွေ ရှိနေတာကြောင့် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေး ဌာနအောက်က အခြေခံပညာစာသင်ကျောင်း ၅၀၀ ကျော်ကို ယာယီပိတ်ထားလိုက်ပြီလို့ IEC အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။

ပညာသင်နေတဲ့ကလေးတွေရဲ့ လုံခြုံရေးကို ဦးစားပေးတဲ့အနေနဲ့ IEC ပညာရေးဌာနနဲ့ ချိတ်ဆက်ထားတဲ့ အခြေခံပညာကျောင်းမှန်သမျှကို ပြီးခဲ့တဲ့ရက်ပိုင်း ကစပြီး ပိတ်လိုက်တာဖြစ်ပါတယ်။

IEC ပညာရေးအောက်မှာ ဖွင့်ထားတဲ့ အခြေခံပညာ ကျောင်းပေါင်း ၅၀၀ ကျော်ရှိပြီး ဆရာဆရာမ ၄၅,၀၀ ကျော်က ကျောင်းသူကျောင်းသား ၅၀,၀၀၀ ကျော်ကို ပညာသင်ပေးနေတာပါ။

"ဘယ်လောက်အထိ ပိတ်မလဲဆိုတာတော့ မသိနိုင်သေးဘူးပေါ့နော်။ လေယာဉ်က ဒီနေ့အထိ တောက်လျှောက်ဝဲနေတာ။ ကျောင်းတွေပိတ်ထားတော့ ကလေးတွေ မိဘနဲ့အတူ ရှိနေလို့ရတယ်"လို့ ကိုဗညားက ပြောပါတယ်။

ဖားဆောင်း၊ မော်ချီးနဲ့ ဒီးမောဆိုအနောက်ဘက်ခြမ်းက ကျောင်းတွေလည်း ပိတ်ထားပြီး လေယာဉ်မဝဲတော့တဲ့ ကာလမှာ ပြန်ဖွင့်တာတွေရှိတယ်လို့ ကရင်နီစစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ထွန်းမြန်မာဒိုနေရှင်းက တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဌာနနဲ့ ချိတ်ဆက်ထားတဲ့ စာသင်ကျောင်းတွေ ယာယီပိတ်ဖို့ NUG က မေ ၅ မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကာလတုန်းက IEC ပညာရေးဌာနအောက်မှာရှိတဲ့ ကျေးရွာအလိုက် ကျောင်းကော်မတီတွေ၊ ရပ်မိရပ်ဖတွေကို ဖွင့်လို့ရနိုင်တဲ့ အခြေအနေရှိရင်ဖွင့်လို့ရပြီး ပိတ်ချင်ရင်လည်း ပိတ်လို့ရတယ်လို့ IEC ပညာရေးဌာနက မှတ်ချက်ပေးခဲ့ပါတယ်။

ဒါကြောင့် ကျောင်းတချို့ ဆက်ဖွင့်တာတွေ ရှိနေခဲ့ပါတယ်။ အခုချိန်မှာတော့ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လာသလို လေကြောင်း တိုက်ခိုက်ခံရ တာတွေလည်း ဆက်တိုက်ရှိနေတဲ့အတွက် IEC ပညာရေးဌာနအောက်ကျောင်းတွေမှန်သမျှ ပိတ်ဖို့ ဒေသတွင်းမှာ ညွှန်ကြားလိုက်တာလို့ ကိုဗညားက ပြောပါတယ်။

ဒါ့အပြင် ရှမ်း-ကယား(ကရင်နီ)နယ်စပ်က မိုးဗြဲမြို့ကို ထိန်းချုပ်လိုက်တဲ့ စစ်တပ်ဟာ မိုးဗြဲဆည် အရှေ့ဘက် ဖယ်ခုံမြို့နယ်ထဲကို စစ်ကြောင်းထိုးနေချိန် လက်နက်ကြီးနဲ့ ပစ်ခတ်ခတ်ခဲ့တာကြောင့် ဇူလိုင်လ ၁၉ ရက်မှာ လူ ၅ ဦးသေဆုံးပြီး နောက်ထပ် ၂ ဦးဒဏ်ရာရတယ်လို့ ကိုဗညားက ပြောပါတယ်။

အဲဒီက ကျေးရွာ ၆ ရွာက ဒေသခံတွေဟာ စစ်ကောင်စီ စစ်ကြောင်းကြောင့် အစောပိုင်းမှာ ပိတ်မိခဲ့ပေမဲ့ အခုတော့ ပြည်သူတွေကိုလည်း အကုန်လုံးနီးပါး ကယ်ထုတ်နိုင်ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်တုန်းက ဖယ်ခုံမြို့နယ် စစ်ရှောင်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးအပါအဝင် မိသားစု ၃ ဦး သေဆုံးသလို ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ IEC က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်ထဲမှာ ကရင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၉၄ ဦး ဒဏ်ရာရခဲ့သလို လက်နက်ကြီး၊ ဒရုန်း၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂၉ ဦးရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗီယက်နမ် Ha Long Bay မှာ သင်္ဘောမှောက်မှု သေဆုံးသူ ၃၇ ဦးအထိရှိလာ

ဟာလောင်ဘေးဟာ ကျွန်းစုလေးတွေ ရာချီရှိလို့ ခရီးသွားတွေကြား နာမည်ကြီးပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟာလောင်ဘေးဟာ ကျွန်းစုလေးတွေ ရာချီရှိလို့ ခရီးသွားတွေကြား နာမည်ကြီးပါတယ်

ဗီယက်နမ်နိုင်ငံက ကမ္ဘာကျော် ဟာလောင်ဘေးရေပြင်မှာ ခရီးသွားတွေကို တင်လာတဲ့သင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့တာကြောင့် သေဆုံးသူ ၃၇ ဦးအထိရှိလာပြီလို့ သိရပါတယ်။

မနေ့ ဇူလိုင် ၁၉ ရက်မှာ ရာသီဥတုဆိုးရွားတာကြောင့် နိုင်ငံမြောက်ပိုင်းမှာ ဒီသင်္ဘောမှောက်ခဲ့တာပါ။

သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ခရီးသည်အများစုဟာ မြို့တော်ဟနွိုင်းကနေ ဟာလောင်ဘေးကို အလည်လာကြတဲ့ ဗီယက်နမ် မိသားစုတွေလို့ သိရပါတယ်။

မိုးကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ခရီးမပေါက်ဖြစ်နေပေမဲ့ ‌ဇူလိုင် ၂၀ ရက်ညပိုင်းမှာ တင် လူ ၁၁ ဦးကို အသက်ရှင်လျက်ကယ်တင်ထားနိုင်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဇူလိုင် ၂၀ ရက်ညပိုင်းမှာ  ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂၀ ရက်ညပိုင်းမှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အခြေအနေ

Wonder Seas လို့နာမည်ပေးထားတဲ့ အဲဒီသင်္ဘောဟာ ရုတ်တရက်တိုက်တဲ့မုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့တာလို့ ဗီယက်နမ် ကမ်းခြေစောင့်တပ်နဲ့ ရေတပ်က ပြောပါတယ်။

မျက်မြင်တစ်ဦးကတော့ ဇူလိုင် ၂၀ ရက် ဒေသခံတော်ချိန် မွန်းလွဲ ၂ နာရီမှာ ကောင်းကင် တစ်ခုလုံး မည်းမှောင်ခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ သင်္ဘော ဝမ်းဗိုက်ထဲကနေ အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးကို အသက်ရှင်လျက် ပြန်ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပြန်ဆယ်ယူ ထားတဲ့ အလောင်းတွေထဲမှာ ၈ လောင်းထက် မနည်းဟာ ကလေးငယ်တွေဖြစ်တယ်လို့လည်း VNExpress သတင်းဌာနက ရေးပါတယ်။

ကယ်ဆယ်ရေးလုပ်တာတွေကိုတော့ ညလုံးပေါက် ဆက်ပြီး ပြုလုပ်ထားပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်းကလည်း သေဆုံးသူတွေရဲ့ ကျန်ရစ်မိသားစုဝင်တွေကို မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း ပြောထားပါတယ်။

ဗီယက်နမ်အစိုးရကတော့ အခုဖြစ်ရပ်ကို အသေအချာကိုင်တွယ် စုံစမ်းသွားမယ်လို့ ပြောပါတယ်။

ကွမ်နင်း ပြည်နယ်ထဲက ဟာလောင်ဘေးဟာ ကျွန်းငယ်လေးတွေ စုစည်းနေတာကြောင့် နာမည်ကြီးပြီး ၂၀၁၉ ခုနှစ်တုန်းကဆိုရင် အဲဒီကို လာလည်ပတ်တဲ့ ခရီးသွား ၄ သန်းအထိရှိခဲ့တယ်လို့ ယူနက်စ်စကို ကမ္ဘာ့ အမွေအနှစ်အဖွဲ့က ပြောပါတယ်။

ရနောင်း- ကော့သောင်း- ရန်ကုန်ပြေးဆွဲတဲ့ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်

ပင်လယ်ထဲ မမှောက်ခင် မြင်တွေ့ရတဲ့ ကုန်တင်သင်္ဘော

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ပင်လယ်ထဲ မမှောက်ခင် မြင်တွေ့ရတဲ့ ကုန်တင်သင်္ဘော

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ဖြတ်ပြီး ရန်ကုန်ကို ကုန်အပြည့်နဲ့ ထွက်လာတဲ့ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောတစ်စင်းဟာ ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ မတော်တဆဖြစ်ပြီး ပင်လယ်မှာ တိမ်းမှောက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးဆီကနေ သိရပါတယ်။

အဲဒီသင်္ဘောဟာ ကော့သောင်းကနေ ရန်ကုန်မြို့ကို အဝင် ရန်ကုန်မြစ်ဝ ရေကြောင်းပြစခန်းနဲ့ ရေမိုင် ၇ မိုင်အကွာ ပင်လယ်ပြင်မှာ နစ်မြုပ်တာ ဖြစ်ပါတယ်။

အဲဒီသင်္ဘောဟာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းခရီးစဉ်အတိုင်း ပုံမှန်သွားနေကျ ဖြစ်ပြီး သင်္ဘော တည်ငြိမ်မှုကို ထိန်းပေးတဲ့ ဝမ်းဗိုက်ထဲက ရေတိုင်ကီထဲ ရေဝင်သွားတာကြောင့် အခုလို နစ်မြုပ်ခဲ့တာလို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ပြောပါတယ်။

"ရေဝင်တော့ ရေယာဉ်ရဲ့ ပုံမှန်တည်ငြိမ် လှုပ်ရှားနိုင်ခြေပျက်သွားပြီး မှောက်ခုံမြုပ်တာပါ။ ရေဝင်တာရယ်၊ လေတိုက်တာရယ်၊ လှိုင်းနဲ့ ရေစီးဖိအားပေါ် မူတည်ပြီး တုံးလုံးလဲတဲ့ သဘောပါ။ ကုန်အလေးချိန်ပိုတာကြောင့် မဟုတ်ပါဘူး"လို့ အခြေအနေ သိရှိသူက ပြောပါတယ်။

သင်္ဘောနစ်မြုပ်နိုင်ခြေကို သိချိန် စောတာကြောင့် ကုမ္ပဏီသင်္ဘောနဲ့ ရေတပ်က သင်္ဘော နှစ်စင်းတို့ အကူအညီကြောင့် ကုန်တင်သင်္ဘောပေါ် ပါလာတဲ့ သင်္ဘောသားတွေကို ကယ်ထုတ်နိုင်တယ်လို့လည်း သိရပါတယ်။

သင်္ဘောသား ဘယ်နှယောက်ကို ကယ်ထုတ်ခဲ့လဲဆိုတာ သေချာမသိရပေမဲ့ ပုံမှန်အားဖြင့် ကမ်းရိုးတန်းသွား သင်္ဘောပေါ်မှာ သင်္ဘောသား အယောက် ၂၀ ဝန်းကျင် ပါတတ်တယ်လို့ ကမ်းရိုးတန်းသွား သင်္ဘောမောင်းနှင်သူတစ်ယောက်က ပြောပါတယ်။

"စောသိတာရယ်၊ ဘေးအကူ အနီးစပ်ဆုံး ရှိတာရယ်၊ ရာသီဥတု ကောင်းနေချိန်မို့ လူတွေကို အရင်ကယ်လို့ရလိုက်တယ်"လို့ အခြေအနေ သိရှိသူက ပြောပါတယ်။

သင်္ဘောမှောက်တဲ့အတွက် ကုန်ပစ္စည်းတွေကတော့ စွန့်လွှတ်လိုက်ရတယ်လို့လည်း သိရပါတယ်။ အဲဒီသင်္ဘောပေါ်မှာ မြန်မာပြည်တွင်း လိုအပ်တဲ့ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းတွေ သယ်ယူလာတာ ဖြစ်တယ်လို့ သိရပါတယ်။

Coldplay ပွဲမှာ ရုပ်သံမှာပါတဲ့ အမေရိကန် စီအီးအို ရာထူးက နုတ်ထွက်

ပျံ့နှံ့ခဲ့တဲ့ရုပ်သံကနေ မြင်ရတဲ့ မြင်ကွင်း

Coldplay အဆိုတော်အဖွဲ့ရဲ့ ရှိုးပွဲမှာ လက်ဖော်ကိုင်ဖက်အမျိုးသမီးကို သိုင်းဖက်ထားတဲ့ ရုပ်သံမှာ မြင်ခဲ့ရသူ အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုရဲ့ စီအီးအိုဟာ အခုတော့ ရာထူးကနေ နုတ်ထွက်သွားပါပြီ။

အမေရိကန် နည်းပညာကုမ္ပဏီ Astronomer ကတော့ ''အန်ဒီ ဘိုင်ရွန်ဟာ နုတ်ထွက်စာတင်လာလို့ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာတွေကလည်း လက်ခံခဲ့တယ်'' လို့ ကြေညာချက် ထုတ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက် ပြည်နယ်က ဖောက်ဘရော့မှာ ပြုလုပ်တဲ့ Coldplay အဖွဲ့ ဖျော်ဖြေပွဲမှာ အမျိုးသားတစ်ယောက်က အမျိုးသမီး တစ်ယောက်ကို အနောက်ကနေ သိုင်းဖက်ထားတဲ့မြင်ကွင်း ကွင်းထဲက စခရင်ကြီးပေါ်မှာ ပေါ်ခဲ့ပြီးတဲ့နောက် နှစ်ယောက်သား ဒီမြင်ကွင်းကို ရှောင်ခဲ့ကြတဲ့ရုပ်သံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာပါ။

အမေရိကန်မီဒီယာတွေကတော့ ဗီဒီယိုထဲက အမျိုးသားဟာ Astronomer ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်လည်းဖြစ်၊ အိမ်ထောင်ရှင်တစ်ဦးလည်းဖြစ်တဲ့ မစ္စတာဘိုင်ရွန်ဖြစ်ပြီး အမျိုးသမီးကတော့ ကုမ္ပဏီရဲ့ HR ဌာနက ခရစ္စတင် ကာဘော့ ဆိုသူတွေ ဖြစ်ကြတယ်လို့ သတင်းဖော်ပြပါတယ်။

ကုမ္ပဏီဘက်ကတော့ ကုမ္ပဏီခေါင်းဆောင်ပိုင်းတွေကို ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်နဲ့ စံတန်ဖိုးတွေ မျှော်လင့်ထားပေမဲ့ မကြာသေးခင်တုန်းကတော့ ဒီစံနှုန်း မပြည့်တာရှိခဲ့တယ်'' လို့ ဆိုပါတယ်။

အခုတော့ ကုမ္ပဏီဘက်က နောက်ထပ် ခေါင်းဆောင်တစ်ဦးကို ရှာဖွေနေပြီလို့ပြောသလို ထုတ်ကုန်ပိုင်းဆိုင်ရာအကြီးအကဲက ကုမ္ပဏီကို ယာယီ ခေါင်းဆောင်မယ်လို့ ဆိုပါတယ်။