ဇန်နဝါရီ ၁၆ ရက် ထိပ်တန်းသတင်းများ - ပျက်ကျခဲ့တဲ့ K-8W တိုက်လေယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့

ဓာတ်ပုံ ရင်းမြစ်, KHRG
၁၁၁၁ စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာပဲ ကရင်ပြည်နယ်မှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးမောင်းနှင်တဲ့ စစ်တပ်ပိုင် K-8W တိုက်လေယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ ဇန်နဝါရီ ၁၅ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့အစည်းကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကရင်ပြည်နယ် သံတောင်မြို့အနီးက လယ်ကွင်းတွေနားမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်နေ့ ဇန်နဝါရီ ၁၅ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေယာဉ်ပျက်ကျတဲ့နေရာကို သွားပြီးမီးရှို့ခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒါအပြင် လေယာဉ်ပျက်ကျတဲ့နေရာနားက အရပ်သားတစ်ဦးရဲ့ စပါးကျီနဲ့ တဲတစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
K-8W တိုက်ခိုက်ရေးယာဉ်ကို ကရင်နီတော်လှန်ရေးအင်အား စုတွေဘက်က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပစ်ချနိုင်ခဲ့တာလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဒုတိယဥက္ကဋ္ဌ ခွန်းဘီထူးက ဘီဘီစီကို အဲဒီအချိန်က ပြောခဲ့ပါတယ်။
K-8W တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးက ကချင်နဲ့ကယားမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၄၀ နီးပါးလုပ်ဆောင်ခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကထုတ်ပြန်တဲ့ သူ့ရဲ့ ကိုယ်တိုင်ဝန်ခံချက်ဗီဒီယိုဖိုင်မှာပြောထားပါတယ်။
စစ်ကောင်စီကတော့ ဒီဖြစ်စဉ်ဟာ လေယာဉ်စက်ချို့ယွင်းတာလို့ အစောပိုင်းကတည်းက ထုတ်ပြောထားပြီး လေယာဉ်မှူးနှစ်ဦးနဲ့အဆက်အသွယ်ရထားပြီလို့ ပြောထားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်မှူးခိုင်သန့်မိုး ဖမ်းဆီးခံရပြီးနောက်ပိုင်းတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက တစုံတရာထုတ်ပြောတာမရှိပါဘူး။
ရခိုင်မှာ တစ်ရက်တည်း ဒေသခံ ၈ ဦးထက်မနည်းသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Western News
ရခိုင်မှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တွေကြား မြို့နယ် ၇ မြို့နယ်ထက်မနည်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မနေ့ ဇန်နဝါရီ ၁၅ ရက် တစ်ရက်တည်းမှာပဲ ဒေသခံ ၈ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
အေအေဘက်ကအပြောအရ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရွာထဲစစ်ကြောင်းထိုးဝင်ရောက်တာတွေကြောင့် ဒေသခံတွေသေဆုံးခဲ့ရတာလို့ ဖော်ပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်တွေမြို့၊ တောကန်ရွာကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အသက် ၇၀ အရွယ် သက်ကြီးပိုင်း အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၂ ဦးဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သလို အဲဒီရွာက အရပ်သားနေအိမ် ၈၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ် နယ်စပ်က ပလက်ဝမြို့မှာလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံအမျိုးသား ၃ ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တစ်ရက်တည်းမှာပဲ မြောက်ဦးမြို့က မြောင်းဘွေကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ရွာခံ ၂ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအချို့ကိုကိုးကားပြီး ဒေသတွင်းမီဒီယာတွေကဖော်ပြထားတာတွေ့ရပါတယ်။
အလားတူပဲ ရခိုင် ဘူးသီးတောင်မြို့နယ်က ဆင်သေပြင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် သက်ကြီးပိုင်းအရွယ် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး နောက်ထက် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ မင်းပြားနဲ့ အမ်းမြို့တို့မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အေအေဘက်က ပစ်လိုက်တဲ့လက်နက်ကြီးတွေက အရပ်သားနေထိုင်တဲ့ မြို့ရွာတွေထဲကို ကျရောက်ပေါက်ကွဲခဲ့တာတွေလည်းရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကွတ်ခိုင်၊ နမ့်ဖတ်ကာမှာ စစ်ကောင်စီဂျက်ဖိုက်တာကို ပစ်ချခဲ့တယ်လို့ KIA ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ နမ့်ဖတ်ကာအနီးမှာ ဒီကနေ့ ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၁၂ နာရီအချိန်က စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဥ်ကို ကချင်လွတ်လပ်ရေးတပ် - KIA က ပစ်ချခဲ့တယ်လို့ ကေအိုင်အေသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။
ကနဦးသတင်းပေးပို့ချက်သာရရှိသေးတာကြောင့် အသေးစိတ်အချက်အလက်တွေကိုမပြောနိုင်သေးပေမဲ့ ကေအိုင်အေက ပစ်ချခဲ့လို့ ပျက်ကျသွားတာကိုတော့ အတည်ပြုနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။
'' ပစ်တာလည်းမှန်ပါတယ်။ ကျသွားတာလည်းမှန်ပါတယ်။ ဂျက်ဖိုက်တာတစ်စီးရပါတယ်။ ၁၂၃ တပ်ရင်းနားကျသွားတာလို့သိရပါတယ် '' လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
လက်ရှိမှာ ကွတ်ခိုင်မြို့နဲ့ ကပ်နေတဲ့ နမ့်ဖတ်ကာမှာ စစ်ကောင်စီနဲ့ ကေအိုင်အေတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး နမ့်ဖတ်ကာ အခြေစိုက်စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း - ခလရ ၁၂၃ ကို ကေအိုင်အေကထိုးစစ်ဆင်တိုက်နေတာလို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူကပြောပါတယ်။
လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ ခလရ ၁၂၃ ကို KIA တပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကတည်းက ကေအိုင်အေက ထိုးစစ်ဆင်တိုက်နေတာဖြစ်ပြီး ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ နမ့်ဖတ်ကာမှာ ဂျက်လေယာဥ်တစ်စီးပျက်ကျခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၃ နာရီအထိ သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
လက်ရှိမှာနမ့်ဖတ်ကာမြို့ရဲ့ အဝင်အထွက်ကို ကေအိုင်အေက ပိတ်ထားပြီး ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းတွေလည်းဖြတ်တောက်ခံထားရတာပါ။ လက်ရှိမှာ စစ်တပ်ရဲ့ MEC ဖုန်းလိုင်းတစ်မျိုးတည်းရနေတာဖြစ်ပါတယ်။
မြို့ခံအများစုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက လားရှိုးမြို့ပေါ်နဲ့ နီးစပ်ရာ ကျေးရွာတွေဘက် ထွက်ပြေးတိမ်းရှောင်နေရပြီး အိမ်စောင့်တွေလောက်သာ ထားခဲ့ကြတာဖြစ်ပါတယ်။
သိန္နီ-မူဆယ် ပြည်ထောင်စု လမ်းမကြီးရှိ ၁၀၅ မိုင်၊ သိန္နီနဲ့ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးနီးပါးကိုလည်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားပြီး ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားပါတယ်။
လက်ရှိမှာ သိန္နီ-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်မှာ နမ့်ဖတ်ကာက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုသာ ကျန်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကလည်း ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးမှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် တစ်စင်းပစ်ချခဲ့တယ်လို့ ကေအိုင်အေကထုတ်ပြောထားတာပါ။
၁၀၂၇ စစ်ဆင်ရေးရဲ့ သိန္နီမြို့သိမ်းတိုက်ပွဲမှာ PLA တပ်သား ၁၂ ဦးသေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, PLA
အောက်တိုဘာ ၂၇ ရက်ကတည်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီမြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ဘက်က ၁၂ ဦးသေဆုံးသေဆုံးခဲ့တယ်လို့ PLA ရဲ့ ဗဟိုနိုင်ငံရေးဌာနကနေ ဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ကို PLA နဲ့အတူ တော်လှန်ရေးမဟာမိတ်တပ်တွေက အောက်တိုဘာ ၂၇ ရက်တည်းက စတင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၇၀ ကျော်ကြာတိုက်ခိုက်ပြီးတဲ့နောက် ၂၀၂၄ ဇန်နဝါရီ ၇ ရက်နေ့မှာ သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၆) ဧရိယာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲမှာ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တို့နဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲကနေ စစ်ကောင်စီတပ်ရဲ့ လက်နက်ဂိုဒေါင်များ၊ သံချပ်ကာကားနဲ့ ဟောင်ဝှစ်ဇာအမြောက်တွေအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ PLA ဘက်က ဇန်နဝါရီ ၉ ရက်နေ့မှာ ကြေညာထားပါတယ်။
လက်ရှိအချိန်မှာတော့ သိန္နီမြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေဆဲဖြစ်ပြီး ဒေသခံတော်တော်များ စစ်ဘေးရှောင်နေကြရသလို မြို့ပေါ်ပြန်နေတဲ့သူကလည်း လူအနည်းစုသာ ရှိသေးတယ်လို့ ဒေသခံတစ်ဦးရဲ့အပြောအရ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ သိန္နီမြို့နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဟားခါး၊ ကလေးနဲ့ တီးတိန်လမ်းဆုံက သိုင်းငင်းစခန်းကို ချင်းကာကွယ်ရေးတပ်တွေ သိမ်း

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ချင်းပြည်နယ်မြို့တော် ဟားခါး၊ တီးတိန်မြို့နဲ့ စစ်ကိုင်းထဲက ကလေးမြို့လမ်းဆုံကြားက သိုင်းငင်း ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ချင်းကာကွယ်ရေးတပ် (CDF-Sinyin)က သတင်းထုတ်ပြန်ပါတယ်။
သိုင်းငင်းကျေးရွာမှာ ကြားကင်းစခန်းအနေနဲ့ စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၅ ရက်ကြာ တိုက်ခိုက်အပြီးမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ CDF-Sinyin ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဆယ်ချီကျဆုံးသလို ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေဘက်ကလည်း ၈ ဦးကျဆုံးတယ်လို့ သိရပါတယ်။
‘‘သောကြာနေ့ကတည်းက တိုက်တာ။ ၅ ရက်ကြာတယ်။ အဲဒီကြားစခန်းမှာ စစ်ကောင်စီတပ်က အင်အား ၆၀ လောက် စခန်းချနေတာ။ နောက်ပိုင်းတော့ ဘက်ပြောင်းတာ၊ ထွက်ပြေးကြတာနဲ့ အင်အား တဝက် လောက်ပဲရှိတော့တယ်။ တိုက်ပွဲထဲမှာ စစ်တပ်ဘက်က လေယာဥ်နဲ့ နေ့တိုင်း လာတိုက်တယ်’’လို့ CDF-Sinyin ပြောခွင့်ရသူက ပြောပါတယ်။
သိုင်းငင်းရွာကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အရင်ကတည်း တိုက်ခိုက်ခဲ့ဖူးပြီး အခုတစ်ကြိမ်တိုက်တဲ့ ၅ ကြိမ်မြောက်တိုက်ပွဲရောက်မှ ကြားစခန်းကို သိမ်းနိုင်ခဲ့တာလို့ သိရပါတယ်။
သိုင်းငင်းကျေးရွာဟာ ချင်းပြည်နယ်မြောက်ပိုင်းအတွက် ဗျူဟာကျတဲ့လမ်းပေါ်မှာ ရှိသလို အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးအတွက်လည်း အချက်အခြာကျတဲ့ လမ်းပေါ်မှာ ရှိပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့ ဖိအားပေး လူစုဆောင်းခံနေရ

ဓာတ်ပုံ ရင်းမြစ်, CJ
ပဲခူးတိုင်းအနောက်ဘက်ခြမ်းက လက်ပံတန်း၊ သနပ်ပင်နဲ့ ဖဒိုမြို့အနီးက ကျေးရွာတွေမှာ ပြည့်သူစစ်ဖွဲ့ဖို့ စစ်ဗျူဟာသင်တန်းပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က မဲနှိုက်ရွေးချယ် တာတွေလုပ်ပြီး ဖိအားပေး လူစုဆောင်းနေတယ်လို့ ရွာခံတွေက ဘီဘီစီကို ပြောပါတယ်။
ဖိအားပေးစုဆောင်းခံရတဲ့အထဲမှာ တောင်ငူမြို့အနီးက ရွာတွေလည်းပါတယ်လို့ တောင်ငူဒေသခံအချို့က ဆိုပါတယ်။
ရွာတစ်ရွာချင်းစီမှာရှိတဲ့ အိမ်ထောင်စုအကုန်လုံးကို မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့အိမ်က အသက် ၁၈ ကနေ ၅၀ ကြားရှိတဲ့အမျိုးသားတစ်ဦး သင်တန်းလာတက်ရမယ်လို့ မဲပေါက်ထားတဲ့ ဒေသခံတစ်ဦးရဲ့အပြောအရ သိရပါတယ်။
“ကျွန်တော်တို့ ရွာကို လူ အယောက် ၂၀ တောင်းတယ်။ ကျွန်တော်တို့အိမ်က မဲပေါက်တဲ့အထဲပါတယ်။ ထွက်ပြေးရင် နိုင်ငံတော်ပုန်ကန်မှုနဲ့ မိသားစုကို ဒုက္ခပေးမယ်လို့ ရွာလူကြီးက ပြောတယ်” လို့ လက်ပံတန်းမြို့အနီးက ရွာခံတစ်ဦးက ပြောပါတယ်။
မဲမပေါက်တဲ့အိမ်တွေအနေနဲ့ မဲပေါက်ပြီးပြည်သူ့စစ်သင်တန်းသွားရတဲ့အိမ်တွေကို ငွေကြေးပမာဏတစ်ခု လစဉ်ထောက်ပံ့ရမယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့လို မဲပေါက်ထားလို့ သွားရမယ့်လူတွေက အိမ်ကို ဘယ်အချိန်မှပြန်လာရမယ်မှန်းမသိလို့ ကျန်ခဲ့တဲ့မိသားစုတွေကို ရွာကိုဝိုင်းကြည့်ခိုင်းတဲ့သဘော”လို့ ဒေသခံကပြောပါတယ်။
ဒါအပြင် စစ်တပ်က လူစုဆောင်းတဲ့နေရာမှာ ရွာအကြီးအသေးပေါ်မူတည်ပြီး ၁၀ ဦးကနေ ၅၀ အထိ မဲနှိုက်ပြီး လူကိုစုဆောင်းနေတယ်လို့ ဖဒိုမြို့အနီးမှာနေထိုင်တဲ့ နောက်ထပ် ဒေသခံတစ်ဦးရဲ့ အပြောအရသိရပါတယ်။
“ကျွန်တော်တို့တစ်ရွာလုံးကတော့ ဘယ်သူမှသင်တန်းမတက်ဘူးလို့ ငြင်းထားတယ်။ ရွာလူကြီးကတော့ ဘယ်သူမှ မဲမနှိုက်ရင် ပေါ်တာဆွဲတာတွေလုပ်မယ်လို့ ခြိမ်းခြောက်တယ်”လို့ သူကဆိုပါတယ်။
ပဲခူးရိုးမ တစ်ဖက်ခြမ်းမှာရှိတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA/PDF) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေ ဆင်နွှဲနေချိန်မှာ စစ်ကောင်စီ ထိန်းချုပ်မှု အားကောင်းတယ်လို့ မှတ်ယူရတဲ့ ပဲခူးအနောက်ခြမ်းမှာ အခုလို ပြည်သူ့စစ် စုဆောင်းမှုသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြည်သူလူထုလုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်တွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါဟာ အခုပြည်သူ့စစ်စုဆောင်းမှုနဲ့ ဆက်စပ်သလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူကတော့ လုံခြုံရေးအရ သင်တန်းပေးဖို့ အကူအညီတောင်းခံလာတဲ့အခါမှသာ သင်တန်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာတွေ ရှိတယ်လို့ မနှစ်တုန်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။








