ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ ဖျက်သိမ်းခံရဖွယ်ရှိ - ဇန်နဝါရီလ ၃၁ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, EPA
ထိုင်း တော်ဝင်ဘုရင်မိသားစုအပေါ် သိက္ခာကျစေမှု ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ Move Forward ပါတီရဲ့ အဆိုပြုတင်ပြချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ကျတယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Move Forward ပါတီဟာ ထိုင်းပြည်သူတွေရဲ့ ထောက်ခံမှုအများဆုံးရထားတဲ့ ပါတီဖြစ်ပြီး ထိုင်းဘုရင်မိသားစုကို စော်ကားတယ်လို့ ယူဆရင် ထောင်ဒဏ် ကြီးကြီးမားမား ကျခံရနိုင်တဲ့ အဲဒီ ဥပဒေကို ပြင်ဆင်ရေးဆွဲရေးဆိုတဲ့ အချက်ပါဝင်တဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရှေးရိုးစွဲဝါဒီတွေက ဒီအဆိုပြုချက်ကို လက်ခံဖို့ သိပ်စိတ်မပါကြဘဲ အစိုးရဖွဲ့ဖို့ Move Forward ပါတီရဲ့ ကြိုးပမ်းချက်ကို ပိတ်ပင်ကန့်ကွက်ခဲ့ကြပါတယ်။
အခုဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ Move Forward ပါတီ ဖျက်သိမ်းရဖွယ် ရှိနေပြီး ပါတီခေါင်းဆောင်တွေလည်း နိုင်ငံရေးလောကကနေ ပိတ်ပင်ခံရဖွယ် ရှိနေပါတယ်။
သြဇာအာဏာကြီးမားတဲ့ ထိုင်းဘုရင်မိသားစုအပေါ် ဝေဖန်တာမျိုး၊ လှောင်ပြောင်တာမျိုး မှန်သမျှကို ဒီဥပဒေနဲ့ အရေးယူနိုင်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဆူဒန်နိုင်ငံမှာ စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ စစ်ရှောင်ဒုက္ခသည်အရေအတွက်ဟာ ၈ သန်းနီးပါး ရှိလာနေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
စစ်ရှောင်ဒုက္ခသည်တွေကို အမြန်ဆုံးနဲ့ ထပ်လောင်း ထောက်ပံ့ကူညီကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ အကြီးအကဲ ဖိလစ်ပို ဂရန်ဒီ က အိမ်နီးချင်း အီသီယိုပီးယားနိုင်ငံကို ရောက်ရှိစဉ် ပန်ကြားလိုက်ပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကနေ လူတွေ ဘယ်လို ထွက်ပြေးခဲ့ကြသလဲ၊ အိမ်ပြန်ဖို့ ဘယ်လောက်တောင် ကြောက်နေကြသလဲဆိုတာကို ကိုယ်တွေ့ကြုံခဲ့ရသူတွေဆီကနေ သူကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ဆူဒန်အစိုးရတပ်ဖွဲ့နဲ့ Rapid Support လက်နက်ကိုင်တပ်ဖွဲ့အကြား စစ်ပွဲကြောင့် လူတွေသန်းနဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသလို ဒါဖိုးမြို့မှာ လူအစုလိုက်အပြုံလိုက် အကြပ်အတည်းကြုံနေကြရပြီး လူမျိုးစုအချင်းချင်း သတ်ဖြတ်မှုတွေ ဖြစ်လာနေပါတယ်။
ရုရှားရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် စစ်ဆန့်ကျင်သူ တင်သွင်း

ဓာတ်ပုံ ရင်းမြစ်, EPA
ရုရှားနိုင်ငံမှာ မကြာခင် ကျင်းပဖို့ ရှိတဲ့ သမ္မတရွေးကောက်ပွဲမှာ ဗလာဒီမီယာ ပူတင်နဲ့ ယှဉ်ပြိုင် အရွေးခံဖို့ ဆန္ဒရှိတဲ့ စစ်ဆန့်ကျင်သူ နိုင်ငံရေးသမား ဘောရစ်စ် နာဒက်ဇ်ဒင် က ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ထောက်ခံလက်မှတ်ရေးထိုးမှု အလုံအလောက် တင်ပြနိုင်ပြီလို့ ပြောပါတယ်။
ဘောရစ်စ် နာဒက်ဇ်ဒင်ဟာ နောက်ဆုံးသတ်မှတ်ထားတဲ့ နေ့မှာပဲ ရုရှားရွေးကောက်ပွဲ အာဏာပိုင်တွေထံ လက်မှတ်ပေါင်း တစ်သိန်းကျော် တင်ပြလိုက်ပါတယ်။
သူ့ကို ရွေးကောက်ပွဲဝင်ပြိုင်ခွင့် စည်းမျဉ်းနဲ့ မညီဘူးဆိုပြီး ရွေးကောက်ပွဲအာဏာပိုင်တွေက ပယ်ကောင်း ပယ်လိုက်နိုင်တယ်လို့ သူ့ကို ထောက်ခံသူ အတော်များများက စိုးရိမ်နေကြပါတယ်။
သူ့ထက်ပို လူသိများတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ အကျဉ်းကျ ဒါမှမဟုတ် ပြည်ပကို ထွက်ပြေးနေရတဲ့ အချိန်မျိုးမှာ မစ္စတာ နာဒက်ဇ်ဒင် ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ခွင့် ထောက်ခံလက်မှတ်ထိုးဖို့ ရုရှားနိုင်ငံတဝန်းမှာ ပြည်သူ သောင်းပေါင်းများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။
ရုရှားစစ်တပ်ကို ဝေဖန်သူတွေကို အရေးယူမယ့် ဥပဒေသစ်အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားစစ်တပ်အကြောင်း သတင်းမှားတွေ ဖြန့်မှု ဒါမှမဟုတ် ရုရှားစစ်တပ်ကို သိက္ခာချမှု ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြစ်မှုထင်ရှားခဲ့သူတွေရဲ့ ငွေကြေးနဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို အစိုးရက သိမ်းယူပိုင်ခွင့် ရှိမယ့် ဥပဒေကြမ်းကို ရုရှားအောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲအကြောင်း တရားဝင်ပြောဆိုမှုကို ထိန်းချုပ်ကန့်သတ်ဖို့နဲ့ နိုင်ငံတွင်းမှာရှိနေတဲ့ အတိုက်အခံတွေကို ဖိနှိပ်ဖို့ ရုရှားအစိုးရက ဒီလိုစွပ်စွဲချက်မျိုးတွေကို သုံးနေတာဖြစ်ပါတယ်။
ရုရှားပါလီမန် ဥက္ကဋ္ဌရဲ့ အဆိုအရ ရုရှားနိုင်ငံအပေါ် ပြည်ပကနေ မဟုတ်တန်းတရားတွေ ပြောနေတဲ့ သစ္စာဖောက် ဆိုသူတွေကို ဒီဥပဒေသစ်အရ အပြစ်ပေးအရေးယူခွင့် ရလာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သီးခြားဖြစ်ရပ်တစ်ခုမှာတော့ စာသင်ကျောင်းတွေ ကောလိပ်ကျောင်းတွေမှာ ဒရုန်းတည်ဆောက်မှုအကြောင်း လေ့လာသင်ယူဖို့ ရုရှားအစိုးရက ဒေါ်လာ ၉၂ သန်း ထောက်ပံ့မယ်လို့ အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
နှစ်ကိုယ်တူ နေရဖို့ ကလေးနှစ်ဦးကို သတ်ခဲ့တဲ့ တရုတ်စုံတွဲ ကွပ်မျက်ခံရ
တရုတ်နိုင်ငံမှာ နှစ်ကိုယ်တူဘဝ တည်ဆောက်ဖို့ အမျိုးသားတစ်ဦးရဲ့ ကလေးငယ် နှစ်ဦးကို သတ်ခဲ့ကြတဲ့ အဲဒီအမျိုးသားနဲ့ အမျိုးသမီးတစ်ဦးကို သေဒဏ် ကွပ်မျက်စီရင်လိုက်ပါတယ်။
ဒီအမှုကြောင့် နိုင်ငံတဝန်း အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ရပါတယ်။
အဲဒီအမျိုးသားက နှစ်နှစ်အရွယ် သမီးငယ်နဲ့ တစ်နှစ်အရွယ် သားငယ်တို့ကို တိုက်ခန်းတစ်ခုပေါ်ကနေ ပစ်ချခဲ့ပြီး အဲဒီနောက်မှာ မတော်တဆ ဖြစ်ရပ်လိုမျိုး အကွက်ဆင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
အဲဒီစုံတွဲကို ကွပ်မျက် စီရင်တဲ့ သတင်းကို တရုတ်ဆိုရှယ်မီဒီယာတွေမှာ လူတွေ အနီးကပ် စောင့်ကြည့်ခဲ့ကြပြီး သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် ဒီအပြစ်ပေးမှုက လျော်ကန်တယ်လို့ အတော်များများက ပြောနေကြပါတယ်။








