ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်မယ့် ခြေလှမ်းသစ်တွေစဉ်းစားဖို့ အာဆီယံကို ကုလသတိပေး-ဇွန်လ ၂၁ရက် ညနေခင်းသတင်းများ
အရှေ့တောင် အာရှ အာဆီယံ နိုင်ငံတွေ အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်မယ့် ခြေလှမ်းသစ်တွေ စဉ်းစားဖို့ ကုလသမဂ္ဂက တိုက်တွန်း လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ နည်းလမ်းသစ်တွေနဲ့ ပြောင်းလဲ အဖြေရှာသင့်နေပြီလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောကြားလိုက်ပါတယ်။
အာဆီယံနိုင်ငံတွေနဲ့ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖို့ ပျက်ကွက်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း အာဆီယံ အနေနဲ့ မလုပ်သင့်ဘူးလို့လည်း သူက ပြောသွားခဲ့ပါတယ်။
လတ်တလော အာဆီယံ ဆွေးနွေးပွဲတွေမှာ မြန်မာ စစ်ခေါင်းဆောင်တွေ တက်ရောက်မှုကို တားမြစ်ခံထားရတာပါ။
မစ္စတာ အန်ဒရူး ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံက မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး မြန်မာ့အရေး အဖြေရှာဖို့ ကြိုးပမ်းချက်ဟာ အာဏာသိမ်း စစ်အုပ်စုကို တရားဝင် ဖြစ်အောင် လုပ်နေသလိုဘဲလို့ သတိပေးထားပါတယ်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတက အာဏာရှင်လို့ ခိုင်းနှိုင်းတဲ့အပေါ် တရုတ်က ဒေါသထွက်
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အာဏာရှင်တွေနဲ့ နှိုင်းယှဉ်ပြောကြားချက်ကို တရုတ်နိုင်ငံက ဒေါသတကြီးတုံ့ပြန်လိုက်ပါတယ်။
ဒီပြောကြားချက်ဟာ အဓိပ္ပာယ်မဲ့ အခြေအမြစ်မရှိ လက်လွတ်စပယ်ပြောကြားတဲ့ နိုင်ငံရေး ရန်စမှု ဖြစ်ပြီး ဒါတွေဟာ တရုတ်ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ချိုးဖောက်ရာရောက်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
တလောတုန်းက တရုတ်နိုင်ငံ မိုးပျံပူဖောင်း လွှတ်တင်တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ မစ္စတာ ဘိုင်ဒန်က ပြောကြားရာမှာ အဆိုပါ အသုံးအနှုန်းကို ထည့်သွင်းပြော ခဲ့တာပါ။
တရုတ် သူလျှိုမိုးပျံပူဖောင်းကို အမေရိကန်က ပစ်ချခဲ့ပြီးနောက် မစ္စတာရှီက စိတ်မသက်မသာ ဖြစ်ခဲ့တယ်လို့လည်း မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။
ရှီကျင့်ဖျင် မကျေမနပ် ဖြစ်ရခြင်း အကြောင်းရင်းကတော့ ကျွန်တော်တို့ မိုးပျံပူဖောင်းတွေ ပစ်ချထဲ့အခါ အထဲမှာ ကား၂စီးစာ ထောက်လှမ်းရေး ကိရိယာတွေကို အပြည့် တွေ့ရပြီး ဒါတွေကို မစ္စတာရှီ မသိဘူး ဆိုတာက အာဏာရှင်တွေ အတွက် တကယ့်ကို စိတ်မသက်မသာ ဖြစ်ဖွယ်ဘဲလို့ မစ္စတာ ဘိုင်ဒန်က ပြောလိုက်တာပါ။
ဒီပြောဆိုချက်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန် ဘေဂျင်းမြို့ကို ရောက်ပြီး တရုတ် သမ္မတ ရှီနဲ့ တွေ့ဆုံပြီး တရက်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီမိုးပျံပူဖောင်းတွေဟာ မိုးလေဝသ အခြေအနေ စောင့်ကြည့်ဖို့ လွှတ်တင်ထားတာ ဖြစ်တယ်လို့ တရုတ်ဘက်ကပြောပါတယ်။
၃ ရက် အပစ်ရပ်ပြီးနောက် ပစ်ခတ်မှုတွေ အကြီးအကျယ် ဖြစ်နေတဲ့ ဆူဒန်
ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်မှာ ၇၂ နာရီကြာ အပစ်ရပ်မှု ပြီးသွားတဲ့နောက် ပြိုင်ဘက် လက်နက်ကိုင် အဖွဲ့တွေကြား ပစ်ခတ်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။
စစ်တပ်နဲ့ RSF လက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲ ဖြစ်နေတာ ၂ ကျော် ကြာလာပြီ ဖြစ်ပါတယ်။
မြို့တော်တလွှား အပျက်အစီးတွေ တိုးလာနေပြီး ဒါဖာမှာလည်း အကြမ်းဖက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ပေါ်ပေါက်ကာ လူနှစ်သန်းခွဲကျော် အိုးအိမ် စွန့်ခွာ ပြေးနေရပါတယ်။
ဆူဒန်မှာ ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်နေတာကို တကမ္ဘာလုံးကို လက်ပိုက်ကြည့်နေကြတယ်လို့ ဒါဖာ မြောက်ပိုင်း တဝီလာ အရပ်က တက်ကြွ လှုပ်ရှားသူ တယောက်က ပြောပါတယ်။
သူ့အပြောအရ RSF အဖွဲ့က လူသတ် ၊ လုယက် ၊ ကျေးရွာ မီးရှို့မှုတွေ လုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
ယူကရိန်းနဲ့ ရုရှား အပြန်အလှန် တိုက်ပွဲ ပြင်းထန်နေ
ကျူးကျော်လာတဲ့ ရုရှားတပ်တွေကို တန်ပြန် တိုက်စစ်ဆင်ရာမှာ ထင်ထားတာထက် နှေးနေသေးတယ်လို့ ယူကရိန်း သမ္မတ ဇာလန်းစကီးက ပြောကြားလိုက်ပါတယ်။
အခြေအနေတွေက မလွယ်ပေမယ့် သူတို့ရဲ့ ထိုးစစ်က အောင်မြင်မှု အပြည့်အဝ ရမယ်လို့ ယုံကြည်တယ်လို့ သူက ဆိုပါတယ်။
ယူကရိန်းစစ်တပ်ကတော့ ဇာပိုရေးရှားဒေသမှာ အကြီးအကျယ် အနိုင်ရနေတယ်လို့ ပြောပေမယ့် ကိဗ်မြို့က ယူကရိန်း လက်ထောက် ကာကွယ်ရေး ဝန်ကြီး အပြောအရ ရုရှားတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းကို ဆက်ပြီး သိမ်းယူနေသလို ယူကရိန်း တပ်တွေကလည်း နေရာအများအပြားကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
ရုရှားကတော့ ဇာပိုရေးရှားမှာ သူတို့တပ်တွေက ပြန်လည် တွန်းလှန်တိုက်ခိုက်နေရပြီး လေးမန်း နားက ယူကရိန်းတပ်တွေကို အနိုင်ယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အခုလို ယူကရိန်းနဲ့ ရုရှား နှစ်ဖက် ပြောကြားချက်တွေကို သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။