ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံစည်းဝေးချိန် ပူတင် “အထူးတာဝန်ပေး”လိုက်တဲ့ ရုရှားစီးပွားရေးသမားတွေ နေပြည်တော်ရောက်လာ
မြန်မာ့အရေးကို ဆွေးနွေးစရာခေါင်းစဉ်ထဲ ထိပ်ပိုင်းမှာထားကာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ခေါ်ဘဲ အရှေ့တောင်အာရှက နိုင်ငံခေါင်းဆောင်တွေ အာဆီယံ (ASEAN) ထိပ်သီးညီလာခံ ကျင်းပနေချိန်မှာ နေပြည်တော်ကို ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအဖွဲ့ တခုဖြစ်တဲ့ Roscongress Foundation က တာဝန်ရှိသူ တချို့ နဲ့ ရုရှားစီးပွားရေးလုပ်ငန်းရှင် တချို့ ရောက်ရှိနေပါတယ်။
ရုရှား စီးပွားရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ၊ လုပ်ငန်းရှင်တွေကို ဦးဆောင်လာတဲ့ Roscongress Foundation ဟာ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် “အထူးတာဝန် ပေးအပ်လိုက်တဲ့အတွက်” မြန်မာနိုင်ငံကိုလာတာလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းက မစ္စတာ ပူတင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အရှေ့ဖျားဒေသ စီးပွားရေး ဖိုရမ် (Eastern Economic Forum) အတွင်း စည်းဝေးပွဲပြင်ပ ဆွေးနွေးပွဲတခုမှာ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်တာ တွေ လုပ်ကြမယ်လို့ ဆွေးနွေးခဲ့ကြ ပါတယ်။
အဲဒီဆွေးနွေးမှုတွေကနေ ဆက်စပ်ပြီး အခုလို ရုရှား စီးပွားရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ နေပြည်တော်ကို ရောက်လာကြတာလည်း ဖြစ်ပါတယ်။
ကရင်မလင်နဲ့ နီးစပ်မှုရှိတယ်လို့ သိထားကြရတဲ့ Roscongress Foundation က ညွှန်ကြားရေးမှူး တယောက် ဦးဆောင်လာတဲ့ ဒီအဖွဲ့ဟာ စစ်ကောင်စီရဲ့ ဝန်ကြီး တချို့ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သူတို့တွေ့ခဲ့တဲ့ စစ်ကောင်စီခန့် ဝန်ကြီးတွေထဲမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဆိုင်ရာ၊ စီမံဘဏ္ဍာဆိုင်ရာ၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ၊ သယံဇာတ ထုတ်လုပ်ရေးဆိုင်ရာ စတဲ့ ကဏ္ဍတွေ ဘက်က ဝန်ကြီးတွေ ပါဝင်ပါတယ်။
သိပ်မကြာမီကာလ အတွင်းဖြစ်လာမယ့် ကုန်သွယ်မှုတွေထဲ ရုရှားကို ပင်လယ်စာ တွေ တင်ပို့မယ့် အစီအစဉ်လည်း ပါဝင်ပြီး ကျောက်မျက်ရတနာ ပြပွဲ သွားလုပ်ဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။
လယ်ယာ စိုက်ပျိုးရေးထွက်ကုန်တွေ၊ ရေထွက်ကုန်တွေကို ရုရှား သာမက အာရှ ဥရောပ စီးပွားရေး သမဂ္ဂနိုင်ငံများ (Euroasia Economic Union)ကိုလည်း တင်ပို့ နိုင်မယ်လို့ စစ်ကောင်စီဘက်က မျှော်မှန်းထားပါတယ်။
လက်တွေ့ဖြစ်လာမှာလား
ရုရှား သမ္မတ ပူတင်က စက်တင်ဘာလအတွင်း မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန် မှာ ၂ နိုင်ငံအကြား ကုန်သွယ်မှုက အသင့်အတင့်သာ အရင်က ရှိခဲ့ကြပေမယ့် ဒီ ၂၀၂၂ ခုနှစ် “ပထမ နှစ်ဝက်အတွင်း ကုန်သွယ်မှု ပမာဏက ၂.၄ ဆ တက်လာတယ်”လို့ ပြောကြောင်း ရုရှားအခြေစိုက် တက်စ် သတင်းဌာနက ရေးခဲ့ပါတယ်။
ရုရှားဆီက တိုက်လေယာဉ်တွေ၊ လောင်စာဆီတွေ မြန်မာစစ်ကောင်စီက ဝယ်ယူတာ ကလွဲလို့ မြန်မာဘက်က ရုရှားဘက်ကို တင်ပို့ကုန်ဆိုတာက တန်ဖိုး ပမာဏအရ ဘာမှ သိပ်မရှိ ခဲ့ပါဘူး။
အခု စိုက်ပျိုးရေးထွက်ကုန်တွေ၊ ရေထွက်ကုန်တွေ ရုရှားကို တင်ပို့နိုင်ရေး ဆိုတာက “တင်ပို့ရမယ့် ခရီးလမ်းကြောင်း အကွာအဝေးကိုက လက်တွေ့ သိပ်မကျနိုင်ဘူး” လို့ မြန်မာ့အရေးသုံးသပ်သူ တယောက်က ပြောပါတယ်။
နိုင်ငံတကာ ဆက်ဆံရေး လေ့လာသုံးသပ်သူ ကိုသီဟက ၂ နိုင်ငံလုံးကြုံနေရတဲ့ နိုင်ငံရေး အခြေအနေတွေက ကုန်သွယ်မှုတွေ တိုးလာရေးအပိုင်းမှာ အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။
“(အနောက်ရဲ့) စီးပွားရေး ပိတ်ဆို့မှု ခံထားရတဲ့ နိုင်ငံတွေ အချင်းချင်း ကုန်သွယ်မှု ပမာဏ တိုးမြှင့်ဖို့ ကြိုးစားတာက မြန်မာနဲ့ ရုရှားတင် မဟုတ်ဘူး။ အီရန် နဲ့ မြောက်ကိုရီးယားတို့နဲ့လည်း (ကုန်သွယ်မှု) တိုးလာဖို့ ဒီရုရှားက ကြိုးပမ်းနေတာပါ။ ဒါပေမယ့် မြန်မာနဲ့ ကုန်သွယ်မှု ပမာဏက နဂို ကတည်းက များများစားစား သိပ်ရှိလှတာ မဟုတ်ပါဘူး။ ၂ နိုင်ငံလုံး စီးပွားရေး ကျဆင်းနေတဲ့ အချိန်၊ နိုင်ငံရေး ကလည်း မတည်ငြိမ်တဲ့ အနေအထားမှာ သူတို့ မျှော်မှန်းနေတဲ့ ကုန်သွယ်မှု တိုးမြှင့်ဖို့က မလွယ်ဘူးလို့ ယူဆပါတယ်။”
ရုရှား ခြေလှမ်းက ဘယ်လိုပါလဲ
ရုရှားဘက်က မြန်မာကို တိုက်လေယာဉ်နဲ့ လက်နက်ရောင်းဖို့ စျေးကွက် အဖြစ် မြင်ထားသလို ယူကရိန်း ကျူးကျော်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေး မိတ်ဖက်တွေ လျော့ပါးလာတဲ့ သူတို့ မြန်မာကို အာရုံကျနေပြီး ၂ ဖက် အကြား အကူးအသန်း တိုးများ နေပါတယ်။
ဒါပေမယ့် ကုန်သွယ်ရေးပိုင်းထက် စာရင် နိုင်ငံရေး အရ ဆက်ဆံရေးတိုးတာ ပိုများနိုင်တယ်လို့ မြန်မာ့အရေး သုံးသပ်သူက ပြောပါတယ်။
“ရုရှားက အရှေ့တောင်အာရှ နဲ့ ပိစိဖိတ် ဘက်မှာ ပထဝီနိုင်ငံရေး သေနင်္ဂဗျူဟာ အရ မြန်မာကို စဥ်းစားနေတယ်လို့ မြင်တယ်။ အရှေ့တောင်အာရှမှာ သူနဲ့ နီးစပ်တဲ့ နိုင်ငံ တွေက တခြား မရှိဘူးလေ။”
မြန်မာစစ်ခေါင်းဆောင်တွေဘက်ကလည်း အရင် အစဥ်အလာအရ တရုတ် နိုင်ငံကို အားကိုးနေရာကနေ ရုရှားဘက်ကို ပိုတိုး ဆက်ဆံနေတာပါ။ ယူကရိန်း ကျူးကျော် စစ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံ အများအပြားက ရုရှားကို ရှုတ်ချနေချိန်မှာ မြန်မာ စစ်ခေါင်းဆောင်က ရုရှားဘက်ကို ထောက်ခံခဲ့ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက စစ်တပ်ခေါင်းဆောင်တွေ အိပ်မက် မက် နေတဲ့ နျူကလီးယား ပါဝါ ကလည်း ရုရှားအတွက် မြန်မာနဲ့ ရွှေလမ်း ငွေလမ်း ဖောက်ဖို့ အခွင့်သာစေတဲ့ အချက်ပါ။
စစ်ကောင်စီက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုပြီး လျှပ်စစ် ဓာတ်အားပေးရေး ဆောင်ရွက်ဖို့လို့ ဆိုကာ ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် ရုရှားက Rosatom ကုမ္ပဏီနဲ့ ဆက်သွယ် ဆောင်ရွက် နေပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအား ဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာ ဝန်ကြီးတွေလည်း ရုရှား ကို ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း သွားခဲ့ကြပါတယ်။
နိုင်ငံအတွင်း လက်နက်ကို ပဋိပက္ခတွေနဲ့ ပြည့်နေတဲ့ အခြေအနေမှာ နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်မယ်ဆိုတဲ့ အစီအစဥ်က “လောလောဆယ် အခြေအနေနဲ့ သိပ်မဖြစ်နိုင်ဘူး” လို့ သုံးသပ်သူက ကောက်ချက်ချပြီး အရှေ့တောင်အာရှ ထဲက မြန်မာအပေါ် လွှမ်းမိုးနိုင်ရေးနဲ့ ပတ်သက်လို့ တရုတ်နဲ့ ရုရှား အကြား “ရှေ့မှာ အားပြိုင်မှုတွေ များလာနိုင်တယ်” လို့ ဆိုပါတယ်။