ထားဝယ်မှာ ပြည်ခိုင်ဖြိုးအမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သူ ပစ်ခတ်ခံရပြီးသေဆုံး - နိုဝင်ဘာ ၇ရက် နောက်ဆုံးရသတင်းများ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အခွန်လွတ်စျေးအနီး လမ်းဆုံမှာ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ကားပေါ်မှာ ဒီနေ့ မနက်ပိုင်းတုန်းက ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
''လမ်းလယ်က တြိဂံတုံးလေးနားမှာ တိုက်လျက်အနေအထား။ လူကတော့ ဘယ်ဘက်အခြမ်း ခေါင်းခန်းမှာပဲ သုံးနေတယ်။ ကားမှာလည်း ကျည်ထိထားတာတွေမြင်ခဲ့ရတယ်'' လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံခဲ့ရသူအမျိုးသားဟာ စစ်ကောင်စီတပ်ကိုထောက်ခံတဲ့ ဒေသခံတွေအခေါ် ပျူစောထီးလက်နက်ကိုင်လို့ ပစ်ခတ်မှုလုပ်ခဲ့တဲ့ ထားဝယ်ပြောက်ကျားအဖွဲ့ကပြောဆိုတယ်လို့ ထားဝယ်အခြေစိုက်သတင်းတွေမှာ ဖော်ပြရေးသားပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
သေဆုံးသူဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင် ဦးမင်းထွေးဆိုသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ သရက်ချောင်းမြို့နယ်မဲဆန္ဒနယ် အမှတ် -၂ အမတ်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ရွှေကူကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရေယာဥ် ကသာမြို့အနီးမှာ တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, KDT
နိုဝင်ဘာ ၇ရက် ဒီကနေ့မနက်ပိုင်းက ရွှေကူမြို့ က စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဥ်ကို ကသာမြို့နယ် ၊ တိုက်ကုန်းကျေးရွာအနီး မှာ Katha Drone Team (KDT) အဖွဲ့ကဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကသာ ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
ရုပ်သံမှတ်တမ်းဖိုင်နဲ့ထုတ်ပြန်တဲ့ အဲဒီတိုက်ခိုက်မှုမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ရွှေကူကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဥ်ရဲ့ ခေါင်မိုးပေါ်ကို ဒရုန်းပစ်ပြီးတိုက်ခိုက်ခဲ့လို့ ခေါင်းမိုးနေရာမှာပေါက်ကွဲမှုဖြစ်တာကိုတွေ့ရပါတယ်။
တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီရေယာဥ်ပေါ်ကနေ လက်နက်တွေနဲ့ပြန်လည်ပစ်ခတ်တာတွေရှိတယ်လို့ ဆိုပါတယ်။
ရေယာဥ်လုံခြုံရေးအတွက် စစ်ကောင်စီတပ်တွေဟာ ကုန်းပေါ်မှာလည်းလုံခြုံရေးချထားပြီး ဆင်ကုန်တိုင်ကျေးရွာ၊ မိုးတားလေးကျေးရွာ၊ ခတက်ချောင်ကျေးရွာ၊ မင်းလယ်ကျေးရွာ၊ နလယ်အင်းကျေးရွာ၊ ပေါမမြိုင်ကျေးရွာနဲ့ ပုလွှေရွှေကျေးရွာတွေမှာတပ်ဖြန့်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ကတော့ မြစ်ကြောင်းအတိုင်းဧရာဝတီမြစ်ကြောင်း တစ်လျှောက် စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဥ်တွေဟာ ရွှေကူမြစ်ကြောင်းတစ်လျှောက်ကရွာအချို့ကို ခြောက်လှန့်ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောထားပါတယ်။
ရုရှားကနေ ဝယ်တဲ့ တိုက်လေယာဥ် အသုံးပြုနိုင်ပြီလို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, မြန်မာကာကွယ်ရေးလက်နက်များ/KMM
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချပြောဆိုနေချိန်မှာပဲ ရုရှားကနေ ဝယ်ယူထားတဲ့ တိုက်လေယာဥ်တွေ အသင့်ဖြစ်နေပြီး အသုံးပြုနိုင်ပြီလို့ စစ်ကောင်စီဘက်က ပြောလာပါတယ်။
မြန်မာစစ်တပ်က ရုရှားဆီကနေ ဝယ်ယူထားတဲ့ Su-30 တိုက်ခိုက်ရေးလေယာဥ်တစ်စီး ပြည်တွင်းကို ရောက်နေပြီလို့ စစ်တပ်ကို စောင့်ကြည့်တဲ့ Myanmar Witness အဖွဲ့က ထုတ်ပြောခဲ့အပြီးမှာ စစ်ကောင်စီဘက်က အခုလို အတည်ပြုပြောဆိုလာတာဖြစ်ပါတယ်။
''မြန်မာနိုင်ငံအတွက် ရုရှားကနေ ဝင်မယ့်လေယာဥ်တွေ လေယာဥ်တွေက အသင့်ဖြစ်ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အသုံးပြုနိုင်ပြီဖြစ်တယ်''လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ရုရှားဆီကနေ Su 30 တိုက်ခိုက်ရေးလေယာဥ် ၆ စင်းကို ဝယ်ယူဖို့ ၂၀၁၈ ခုနှစ်မှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး ရုရှားဘက်က အခုလေယာဥ်ပေးပို့မှုဟာ အဲဒီစာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားအရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်တဲ့သူရဲ့ ရုရှားခရီးစဥ်အတွင်း အဲဒီလေယာဥ်ထုတ်လုပ်ရေးစက်ရုံဘက်ကို သွားရောက်လည်ပတ်တာလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ ရုရှားဆီကနေ တိုက်လေယာဥ်တွေ ဝယ်ယူတာဟာ မြန်မာစစ်တပ်ကို ခေတ်မီအောင် ဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောထားပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အထူးသဖြင့် လက်ယက်ကုန်း ကျေးရွာနဲ့ အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားတွေနဲ့ ကလေးသူငယ်တွေ သေဆုံးခဲ့ရမှုကို ထောက်ပြပြီး ကျူးလွန်သူတွေကို အရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုတာတွေလည်း ရှိနေပါတယ်။
ဟားခါးမြို့ အနီး၊ သီးမြစ်ချောင်းဘက်ကို စစ်ကောင်စီတပ်က တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့အနီး သီးမြစ်ချောင်းဘက်ကို စစ်ကောင်စီတပ်က တိုက်လေယာဥ် ၃ စီးနဲ့ ဒီနေ့ နိုဝင်ဘာလ ၇ ရက် နေ့လယ်မှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
အခုဗုံးကြဲမှုဖြစ်တဲ့နေရာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လေယာဥ်နဲ့ ကင်းထောက်တဲ့သဘော ရက်ဆက် ပျံသန်းမှုတွေပြုလုပ်ခဲ့အပြီးမှာ အခုလိုဗုံးကြဲမှု ဖြစ်လာတာလို့လည်း သိရပါတယ်။
‘‘သီးချောင်းဘက်ကို ကြဲချတာ။ နေ့လယ် ၂ နာရီမှာ ဗုံးကြဲသွားတာ။ အခုလည်း လေယာဥ်က ပတ်ပြီး ပျံသန်းနေတုန်းပဲ’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘယ်လိုပစ်မှတ်ကို လာရောက်ပစ်ခတ်တယ်ဆိုတာ မသိရပေမဲ့ ဟားခါးနဲ့ ထန်တလန်ကြား သီးချောင်းဘက်မှာ CNA နဲ့ CDF စခန်း တွေရဲ့ ယာယီစခန်းကို လာရောက်ပစ်ခတ်တယ်လို့ ယူဆရတဲ့အကြောင်း မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကောင်စီလေတပ်က တိုက်လေယာဥ် ၂ စီးဟာ သီးမြစ်ချောင်းအနီးနားက ချင်းလက်နက်ကိုင်အဖွဲ့ စခန်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်ဆိုပြီး သတင်းတွေဖော်ပြနေပါတယ်။
စစ်တွေမှာ ပစ်ခတ်ခံရတဲ့ ငါးလုပ်ငန်းအရာရှိ အရေးပေါ် ကုသနေရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
သွေးလှူအသင်းတာဝန်ခံနဲ့ သံဃာ ၄ ပါး ဖမ်းဆီးခံထားရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနေ့ နိုဝင်ဘာလ ၆ ရက်တုန်းက သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ငါးလုပ်ငန်း ဦးစီးအရာရှိဟာ ပစ်ခတ်ခံရတဲ့ဒဏ်ရာတွေကြောင့် စစ်တွေဆေးရုံကြီးမှာ အရေးပေါ် ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဟာ စစ်တွေမြို့၊ ကမ်းနားလမ်းက အာရ်ဗီ စားသောက်ဆိုင်မှာဖြစ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရသူဟာ ရခိုင်ပြည်နယ်၊ ငါးလုပ်ငန်း ဦးစီးဌာနရဲ့ ပြည်နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးသက်ဦးဖြစ်တယ်လို့ သွားရောက်ကူညီခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
‘‘ကျွန်တော်တို့ကို သတင်းပို့လို့ ကူညီဖို့ လိုက်သွားချိန်မှာ သူက သတိလစ်နေပါတယ်။ ကျွန်တော်တို့ကို တွေ့တာက ဦးခေါင်းနဲ့ လည်ပင်းမှာ ဒဏ်ရာ ၂ ချက်ကိုတွေ့တယ်။ ဆေးရုံက ဆရာမတွေကတော့ စုစုပေါင်း ၄ ချက်လို့ပြောတယ်’’လို့ ကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
သူဟာ နိုဝင်ဘာလ ၆ ရက် ညနေပိုင်း ၇ နာရီကျော်လောက်မှာ ဆိုင်ရဲ့အရှေ့ အဝင်ဝနားမှာ ပစ်ခတ်ခံ လိုက်ရတာဖြစ်ပြီး ဘယ်သူတွေက ပစ်ခတ်သွားတယ်ဆိုတာ မသိရသေးသလို ဘာကြောင့်ပစ်ခတ်ခံရတယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ABD ကူညီကယ်ဆယ်ရေးအဖွဲ့က သွေးတာဝန်ခံ ကိုသန်းလွင်ဟာ ဆေးရုံအနီးမှာ မနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ ဖြစ်စဥ်သိရှိသူတွေကပြောပေမဲ့ ဖမ်းဆီးခံရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဘီဘီစီကိုပြောပါတယ်။
နောက် အဲဒီပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းက ဒုက္ခသည် တစ်ဦးနဲ့ သုခကာရီကျောင်းတိုက်ကျောင်းထိုင်ဆရာတော်နဲ့ သံဃာ သုံးပါးလည်း အဖမ်းခံရတယ်လို့ သိရပါတယ်။
စစ်တွေမှာ လက်သည်မပေါ်သေးတဲ့ ပစ်ခတ်မှု၊ လူသေဆုံးမှုတွေ ဖြစ်နေပြီး စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်အတွင်းက ဘုန်းကြီးကျောင်းတစ်ခုအတွင်းမှာ ဒီကနေ့ နိုဝင်ဘာ ၇ရက်မှာပဲ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမျိုးသား တစ်ဦးကို သွားရောက်ကူညီခဲ့ရတယ်လို့ စစ်တွေ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းကလည်း ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးရဲ့ရုပ်အလောင်းတစ်ခုကို ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းကျေးရွာအနီးက ချောင်းအတွင်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။စစ်တွေမှာတော့ မနေ့ညပိုင်းကစလို့ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
အောက်တိုဘာတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရာချီသေဆုံးတယ်လို့ ကေအဲန်ယူပြော

ဓာတ်ပုံ ရင်းမြစ်, KNU
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်နဲ့ သူ့လက်အောက်မှာရှိတဲ့ နယ်ခြားစောင့်တပ်တို့ကြား အောက်တိုဘာလအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရာချီသေဆုံးတယ်လို့ ကေအဲန်ယူ ဘက်က ပြောပါတယ်။
အောက်တိုဘာအတွင်း တိုက်ပွဲပေါင်း ၂၈၀ ကျော်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၇၀ နီးပါး သေဆုံးတယ်လို့ဆိုပါတယ်။
တစ်ဖက်မှာလည်း KNLA/KNDO တပ်ဖွဲ့တွေကြားမှာ ၆ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီအတောအတွင်း KNLA ဘက်ကို ဘက်ပြောင်းလာသူ စစ်ကောင်စီ တပ်သား ၄ ဦး၊ စစ်မြေပြင်မှာ လက်နက်ချအဖမ်းခံသူ ၁ ဦးရှိတယ်လိုလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က KNLA/KNDO တပ်ဖွဲ့ဝင်တွေကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း ကေအဲန်ယူဘက်က ပြောပါတယ်။
တချိန်တည်းမှာပဲ ကော်သူးလေနယ်မြေထဲမှာ နေ့စဥ်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြည်သူ ၃ သိန်းကျော် စစ်ဘေးရှောင်နေရပြီး အဲဒီထဲက ၁ သိန်းကျော်ဟာ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျိုက်ထီးရိုးတောင်တက်ဘုရားလမ်းက ပစ်ခတ်မှု၊ နောက် ကော့ကရိတ်မြို့အတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကိုသာ သတင်းထုတ်ပြန်ခဲ့ပေမဲ့ ကရင်နဲ့ မွန်ပြည်နယ် အတွင်းက စစ်ရေးအခြေအနေတွေကို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကာမိုင်းမြို့အနီး KIA နဲ့ စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, ကချင်မြေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မန်ဝဲကျေးရွာနားမှာ ကချင်လွတ်မြောက်ရေးတပ်(KIA)နဲ့ စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလ ၅ ရက်နဲ့ ၆ ရက်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေနဲ့ ကေအိုင်အေ တာဝန်ရှိသူတွေက ပြောပါတယ်။
ကေအိုင်အေ တပ်မဟာ ၉၊ တပ်ရင်း ၄၄ နယ်မြေဖြစ်တဲ့ ကာမိုင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက ဝင်လာတာကြောင့် တိုက်ပွဲဖြစ်တာလို့ ကေအိုင်အေ တပ်ရင်း ၄၄ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီက ဝင်ရောက်လာတဲ့အထဲမှာ အရပ်သားတွေကို ဖမ်းဆီးလာတာကြောင့် အထိခိုက်နည်းအောင် ရှောင်ရှားခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။
“ပြည်သူတွေထိမှန်တာ မရှိလောက်ဘူး။ ပြည်သူတွေမရှိတဲ့ဘက်ကိုပဲ ပစ်တာ။ ပြည်သူတွေပါလာလို့ ချောင်းမြောင်းပစ်ခတ်တာ၊ မိုင်းဆွဲတာတို့ မလုပ်ဘူး။ သူတို့က နယ်ကိုကျော်လို့ ပစ်ရတာဖြစ်တယ်။ ပြည်သူအရပ်သားတွေပါလို့ ညှာတာ၊ အဲ့ဒါကို အခွင့်အရေးယူပြီး ကျနော်တို့ရှိတဲ့နေရာကို တိုးလာတာ။ ကျနော်တို့က နည်းနည်းနောက်ဆုတ်ပေးနေတာ။ သူတို့က ထပ်ပြီမကျော်လာရင်တော့ မလုပ်ပါဘူး။ ဒီနေ့တော့ နဂိုနေရာမှာပဲ နေတယ်။ သူတို့ထပ်တိုးလာရင်တော့ ပစ်ဖို့ အဆင်သင့်ရှိတယ်’’ လို့ သူက ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၇ ရက် မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တာ မရှိသေးပေမဲ့ ထပ်ပြီးဝင်ရောက်လာရင်တော့ တိုက်ပွဲဆက်ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမတိုင်ခင် နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်မှာ ၊မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသက ဒေသခံအရပ်သား အယောက်၄၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူပြီး ဖားကန့်မှာရှိတဲ့ KIA စခန်းကိုသွားတဲ့လမ်းကိုခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ဖမ်းပြီးတော့ လက်နောက်ပြန်ကြိုးတုပ်ပြီး လူစုထားတယ်။ ပြီးတော့ တိုက်ပွဲရှိတဲ့နေရာကို အရှေ့ကနေ သွားခိုင်းတယ်”လို့ အဖမ်းခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဖမ်းခံရတဲ့ အရပ်သားတွေထဲမှာ စပါးသယ်သူတွေ၊ လယ်ရိတ်သူတွေအပါအဝင် ဒေသခံလယ်သမား၊ လမ်းသွားလမ်းလာစတဲ့ အမျိုးသမီးပါ ပါဝင်တယ်လို့ အခြေအနေတွေကို သိရှိထားသူတွေက ဘီဘီစီကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ချောင်းဝရွာ၊ နန့်မော်ကန်ရွာ စတဲ့နေရာတွေအပြင် ဖားကန့်နဲ့ အင်းတော်ကြီးအဆက်ဘက်က ဒေသခံတွေပါဝင်သလို ကုန်ထုတ်လမ်းအဖြစ် အများပြည်သူအသုံးပြုတဲ့ ကာမိုင်းနဲ့ ချောင်းဝ ကိုဆက်သွယ်ထားတဲ့ လမ်းပိုင်းကဖြတ်သန်းသွားလာသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ တပ်မတော်က ဒေသခံလယ်သမား၊ လမ်းသွားလမ်းလာ၊ ခရီးသွားတွေကို စစ်ဆေးဖမ်းဆီးတာမရှိတဲ့အကြောင်း ဘီဘီစီကို ထားပါတယ်။
အဖမ်းဆီးခံရတဲ့ မိသားစုတွေနဲ့နီးစပ်သူတွေကတော့ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်တွေက လမ်းပြဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွှတ်သေးတာကြောင့် ကာယကံရှင် မိသားစုဝင်တွေဟာ သတင်းမီဒီယာတွေကို မဖြေကြားရဲကြသေးဘူးလို့ ပြောပါတယ်။
ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ကျောက်ကပ်နဲ့ မျက်လုံး လှူဒါန်း

ဓာတ်ပုံ ရင်းမြစ်, crhospital
ထိုင်းနိုင်ငံမှာ ကားတိုက်ခံရပြီးနောက် ဦးနှောက်အလုပ်မလုပ်တော့တဲ့မြန်မာအမျိုးသားတစ်ဦးက သူ့ရဲ့ကျောက်ကပ်တွေနဲ့ မျက်လုံးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဘက်ကို လှူဒါန်းသွားတယ်လို့ ထိုင်းကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
လှူဒါန်းတဲ့အမျိုးသားဟာ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်နေသူ အသက် ၄၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ယာဥ်တိုက်ခံရပြီး ဦးနှောက်အလုပ်မလုပ်တော့တာကြောင့် ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းတဲ့ ကုသိုလ်ပြုနိုင်တယ်လို့ဆိုကာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ပချာနူခေါ့ ဆေးရုံကြီးဘက်က မိသားစုဝင်တွေကို ဆက်သွယ် မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။
မိသားစုဝင်တွေဘက်က သဘောတူခဲ့အပြီးမှာ သေဆုံးသူလူနာရဲ့ ကျောက်ကပ် ၂ ခုနဲ့ မျက်လုံးတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်မှာ ခွဲထုတ်ပြီး နော့အဲ လေကြောင်းလိုင်း လေယာဥ်နဲ့ ထိုင်းကြက်ခြေနီအဖွဲ့ဆီ ပေးပို့ခဲ့တယ်လို့လည်း သတင်းတွေမှာဖော်ပြပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ကတော့ လူသားအချင်းချင်းကူညီရာမှာ ပြန်လည်အသုံးပြုနိုင်ဖို့ လူနာနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကုသိုလ်ပြုလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ကျန်ရစ်သူမိသားစုကို ကျေးဇူးတင်ကြောင်း ထုတ်ပြောပါတယ်။
ထိုင်းနိုင်ငံက ဆေးရုံတွေမှာ ဦးနှောက်အလုပ်မလုပ်တော့တဲ့ လူနာ ၂၀၀ နီးပါးကနေ သက်ဆိုင်ရာမိသားစု သဘောတူ ခွင့်ပြုချက်နဲ့ ထိုင်းပြည်သူ့ကျန်းမာရေးဌာနကို ကိုယ်အင်္ဂါတွေလှူဒါန်းမှု နှစ်စဥ်ရှိနေပါတယ်။
စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး နိုင်ငံတကာကို CRPH ဥက္ကဋ္ဌတောင်းဆို

ဓာတ်ပုံ ရင်းမြစ်, CRPH
စစ်တပ်ခေါင်းဆောင်နဲ့ တာဝန်ရှိသူတွေကို အမြန်ဆုံးအပြစ်ပေးအရေးယူဖို့ နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီ နောက်ကြောင်းပြန်လှည့်မယ့်ဖြစ်ရပ်ကိုအချိန်မီကုစား ကာကွယ်ပေးဖို့ နိုင်ငံတကာကိုတောင်းဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ကပြောပါတယ်။
အာဂျင်တီးနားအမျိုးသားကွန်ဂရက်လွှတ်တော်က နိုဝင်ဘာလ ၄ ရက် နဲ့ ၅ ရက်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့လွှတ်တော်ကိုယ်စားလှယ်များ နှစ်ပတ်လည်ဖိုရမ်နဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နဲ့ တရားဥပဒေစိုးမိုးရေးအပေါ် လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးတိုင်ပင်ရေးညီလာခံမှာ ပြောခဲ့တာလို့ CRPH ကသတင်းထုတ်ပြန်ပါတယ်။
အဲဒီညီလာခံကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဗီဒီယိုကွန့်ဖရင့်က တစ်ဆင့် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
နိုင်ငံတကာတရားဥပဒေစိုးမိုးမှု နဲ့ အပြစ်ပေးအရေးယူမှုတို့ အားကောင်း လာစေဖို့နိုင်ငံတကာရှိလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်တာတွေကိုတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။
CRPH ကနေ နိုင်ငံတကာလွှတ်တော်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတာတွေရှိနေသလို ပြီးခဲ့တဲ့နိုဝင်ဘာ ၄ရက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ကမ္ဘောဒီးယားနိုင်ငံ ၊ ဖနွမ်းပင်မှာကျင်းပတဲ့ အာဆီယံအရပ်ဘက်အဖွဲ့အစည်းများ ညီလာခံမှာ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးနေတာတွေ့ရပါတယ်။
နိုင်ငံအချို့မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုယ်စားလှယ်တွေထားရှိခွင့်ရထားတာပါ။
ရုရှားတိုက်လေယာဥ်တွေကို မြန်မာစစ်တပ် လက်ခံနေပြီလို့ဆို

ဓာတ်ပုံ ရင်းမြစ်, မြန်မာကာကွယ်ရေးလက်နက်များ/KMM
မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံကနေ ဝယ်ယူထားတဲ့တိုက်လေယာဥ်တွေကို စတင်လက်ခံနေပြီဆိုပြီး စစ်တပ်ကို စောင့်ကြည့် လေ့လာနေတဲ့ Myanmar Witness အဖွဲ့ကပြောတယ်လို့ အေအက်ဖ်ပီ သတင်းမှာဖော်ပြလာပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၁၈ ခုနှစ်မှာ ရုရှားဆီကနေ Su-30 တိုက်ခိုက်ရေးလေယာဥ် ၆ စီးကို ဝယ်ယူထားတယ်လို့ ရုရှားမီဒီယာတွေက သတင်းဖော်ပြထားပြီးဖြစ်ပါတယ်။
အခုတော့ ဂြိုဟ်တုအချက်အလက်တွေ၊ လေယာဥ်ပျံသန်းမှုစောင့်ကြည့်ရေးအစီရင်ခံစာတွေနဲ့ ဒီအကြောင်းသိရှိသူသတင်း ရင်းမြစ်တို့ကို ကိုးကားပြီး အဲဒီလေယာဥ်ထဲက တစ်စီးဟာ နေပြည်တော်ကို ရောက်နေပြီလို့ Myanmar Witness အဖွဲ့က ပြောလာတာဖြစ်ပါတယ်။
အဲဒီတိုက်လေယာဥ်အတွက် မောင်းနှင်အသုံးပြုနည်းသင်တန်းပေးနေပြီလားဆိုတာနဲ့ စတင်အသုံးပြုနေပြီလားဆိုတာတော့ Myanmar Witness အဖွဲ့က မပြောထားဘူးလို့တော့ အေအက်ဖ်ပီ သတင်းမှာဖော်ပါတယ်။
လက်ရှိအချိန်အထိဆိုရင်တော့ အဲဒီတိုက်လေယာဥ် ၄ စီးထက်မနည်း မြန်မာစစ်တပ်ဆီကိုရောက်နေပြီး အဲဒီလေယာဥ်တွေနဲ့ အတူ ရုရှားသင်တန်းပေးသူတွေနဲ့နည်းပညာသမားတွေပါ ပါလာတယ်လို့ ပြည်တွင်းသတင်းဌာနအချို့မှာဖော်ပြနေပါတယ်။
လက်ရှိမှာတော့ နိုင်ငံထဲ လေယာဥ် ဘယ်နှစီးရောက်နေပြီလဲဆိုတာ မြန်မာစစ်တပ်ဘက်က ပြောဆိုထားတာ မရှိသေးပါဘူး။
ရုရှားဟာ မြန်မာစစ်တပ်ကို အဓိကလက်နက်ရောင်းချသူဖြစ်သလို မြန်မာစစ်တပ်ဘက်ကလည်း ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တာကိုလည်း ထောက်ခံကြောင်းပြသတဲ့စကားပြောထားတဲ့နိုင်ငံဖြစ်ပါတယ်။
ဗကသကျောင်းသားဟောင်းကိုဂျိမ်းစ် အကြမ်းဖက်ပုဒ်မနဲ့ ထပ်တိုးတရားစွဲခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ်(ခ)ကိုလင်းထက်နိုင် ကို အကြမ်းဖက်မှုကိုထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၀ (ည)နဲ့ စစ်ကောင်စီတရားရုံးက ထပ်မံတရားစွဲဆိုလိုက်တယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။
ကိုလင်းထက်နိုင်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ကဖမ်းဆီးခံရပြီး လက်ရှိမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က နဲ့ အင်းစိန်ထောင်တွင်းကနေတရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ အခုနှစ် နိုဝင်ဘာ ၃ရက်မှာ ဗိုလ်တထောင်ခရိုင်တရားရုံကနေ ပုဒ်မ- ၅၀ (ည)နဲ့ ထပ်မံတရားစွဲဆိုတာဖြစ်လို့ ပုဒ်မ ၂ခုနဲ့ဆက်လက်တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ '' သိရတာကတော့ ၅၀၅ - က အတွက်ကတော့အင်းစိန်ထောင်တွင်းကနေရင်ဆိုင်ရမယ်။ ပုဒ်မ- ၅၀ (ည)ကတော့ဗိုလ်တထောင်ခရိုင်တရားရုံးမှာရင်ဆိုင်ရမယ်လို့သိထားရတယ်။ သူလည်းကျန်းမာရေးကောင်းပါတယ်'' လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ရက်က အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာနေရာပေါက်ကွဲမှုမှာလည်း ထောင်ဝင်စာသွားပို့တဲ့ ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့် ပါဝင်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတာပါ။
ကိုလင်းထက်နိုင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ ပါ၀င်လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ပံတန်းပညာရေးသပိတ်မှာ ထင်ရှားခဲ့သူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ခင်ပွန်းလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nay Myo Linn
မန္တလေးမြို့ ၈၄လမ်း (စစ်ကိုင်း-မန္တလေးလမ်း) ပေါ်ရှိ ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ တမ္ပဝတီရဲစခန်းဝင်းနေရာကို မနေ့ နိုဝင်ဘာ၆ရက် ညနေပိုင်းကဗုံးပစ်ခံရတယ်လို့ အဲဒီအနီးနေထိုင်သူတွေကပြောပါတယ်။
ပေါက်ကွဲသံတွေကြားရပြီးနောက် ပစ်ခတ်သံတွေကြားရတာလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် အဲဒီအနီးမှာ စစ်ဆေးရေးတွေတင်းကျပ်ခဲ့တယ်လို့ဒေသခံကပြောပါတယ်။
" တိုက်ခိုက်ခံရပြီးတော့စခန်းတပြနီးနီးကိုပိတ်လိုက်တယ်။စစ်ဆေးတာတွေလည်းလုပ်တယ်။ ချမ်းစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ တမ္ပဝတီရဲစခန်းက တဝန်းထဲပဲ ၊ အဲဒီထဲကိုလူနာတင်ယာဉ်တွေလည်းဝင်သွားတယ်" လို့ မနေ့ညနေနေင်းကဖြစ်စဉ်နဲ့ပတ်သက်လို့မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
ရဲစခန်းဝင်းတိုက်ခိုက်ခံရလို့ တပ်ဖွဲ့ဝင်အချို့ထိခိုက်မှုတွေရှိတယ်လို့ဒေသခံအချို့ကပြောပေမဲ့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ လက်ရှိမှာတော့ ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကိုထုတ်ပြန်တာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက် မနက်ပိုင်းတုန်းကလည်း အမှတ် ၁၁ နယ်မြေရဲစခန်းအနီး ၇၈ လမ်းနဲ့ ၄၂ လမ်း ကုန်းကျော်တံတားအနီးမှာ ချမ်းမြသာစည်မြို့နယ်တရားရုံးကနေ ပြန်လာတဲ့ အချုပ်ကားတစ်စီး ဗုံးပစ်ခံခဲ့ရတာကြောင့် ရဲ ၂ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။








