ခြိုးခြံသုံးစွဲပြီး ငွေထုပ်ပိုက်အိမ်ပြန်ဖို့ ကြိုးစားနေတဲ့ အခြေခံအလုပ်သမားမိသားစု

ဓာတ်ပုံ ရင်းမြစ်, Getty Images
လခငွေစုပြီး ငွေထုပ်ပိုက် အိမ်ပြန်ဖို့ ရည်မှန်းထားတဲ့ မဥမ္မာတို့ အခြေခံအလုပ်သမားမိသားစု အနေနဲ့ စျေးတွေတက်နေတဲ့ အချိန်မှာ ရတဲ့ဝင်ငွေကို စိစစ်သုံးစွဲပြီး ရပ်တည်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
“အခုက တစ်နေ့ကို စားစရိတ် လေးထောင်လောက် ကုန်တယ်၊ စျေးတွေက တက်နေတော့ ဝယ်လိုက်ရင် ဘာမှ မရဘူး”။
ရန်ကုန်မှာ အိမ်အကူ အလုပ်လုပ်တဲ့ မဥမ္မာ ပြောပြတာပါ။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေ စားဝတ်နေရေး အပါအဝင် အကျပ်အတည်းအမျိုးမျိုး ရင်ဆိုင်လာနေကြရတယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
တစ်နေ့တခြားတက်လာတဲ့ ကုန်စျေးနှုန်းတွေ၊ တစ်ခါတက်ပြီးရင် ဘယ်တော့မှ ပြန်မကျတော့တဲ့ ကုန်စျေးနှုန်းနောက်ကို ရတဲ့ ဝင်ငွေနဲ့ အမီလိုက်နိုင်ဖို့ သာမန် လက်လုပ်လက်စား အခြေခံ အလုပ်သမားတွေအဖို့ ပိုမို ခက်ခဲလွန်းလှပါတယ်။ နေ့စဉ် တစ်ဝမ်းတစ်ခါး ဖြည့်တင်းနိုင်ဖို့ ကြိုးစားဖြေရှင်းနေကြရတာဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ နေထိုင်သူတိုင်းဟာ စီးပွားရေးအခြေအနေကို နဖူးတွေ့ဒူးတွေ့ ခံစားသိရှိကြတာချည်းပဲ ဖြစ်ပါတယ်။ ကိုယ်ရောက်ရာ နေရာတိုင်းမှာ ကိုယ့်အထွာနဲ့ကိုယ် သိရှိနားလည်ကြပါတယ်။ ဆင်းရဲသားက ဆင်းရဲသားအလျောက်၊ စီးပွားရေးသမားက စီးပွားရေးသမားအလျောက်၊ သူဌေးကသူဌေးအလျောက် စီးပွားရေးကျရိပ်ကို ကိုယ့်အထွာနဲ့ကိုယ် နားလည်ခံစားမိကြပါတယ်။
မဥမ္မာတို့ မိသားစုက အလုပ်လုပ်ပြီး ငွေရှာကြမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က ရန်ကုန်ကို မိသားစုလိုက် ရောက်လာကြတာဖြစ်ပါတယ်။
သူတို့မိသားစု ရန်ကုန်ကိုလာပြီး အလုပ်လုပ်ကြတဲ့ ရည်ရွယ်ချက်က သူတို့ သားလေးကို ရဟန်းခံပေးဖို့နဲ့ ရွာမှာ ဆွေမျိုးတွေကို အပ်ထားခဲ့တဲ့ သူတို့ အိမ်လေး ပြန်ပြင်နိုင်ဖို့ ငွေလာရှာကြတာပါ။ ၂ နှစ် အလုပ် လုပ်ပြီးရင် ငွေထုပ်လေး ပိုက်ပြီး အိမ်ပြန်ကြမယ်လို့ ပြောပါတယ်။
" နှစ်နှစ် ပြည့်ရင်တော့ ကျွန်မက စုလို့ ရသမျှ ငွေနဲ့ အိမ်ပြန်မှာ၊ ဒီမှာ အလုပ်ဆက်မလုပ်တော့ဘူး" ဆိုတဲ့ မဥမ္မာက စားကုန်စျေးတွေတက်နေတဲ့ကြားမှာ သူတို့ မိသားစု အတတ်နိုင်ဆုံး ခြိုးခြံချွေတာစားသောက်ပြီး ပိုတဲ့ငွေလေး ကျစ်ကျစ်ပါအောင် စုထားပါတယ်။
ရန်ကုန်ကို ၂၀၂၂ ခုနှစ် ဇွန်လလောက်က သူတို့ ရောက်လာကြတာဖြစ်ပါတယ်။
သြဂုတ်လမှာ အလုပ်စလုပ်ပြီး အောက်တိုဘာလမှာ လခ ထုတ်ပြီးချိန်က မိသားစု ၂ သိန်းလောက် စုမိနေကြပါပြီ။
တနိုင်ငံလုံး ကျပ်တည်းကြပါတယ်လို့ ညည်းတွားနေကြချိန်မှာ အိမ်အကူ အလုပ်လုပ်တဲ့ အမျိုးသမီးရဲ့ မိသားစုက ဘယ်လိုလုပ် စုဆောင်းနိုင်သလဲ ဆိုတာက စိတ်ဝင်စားစရာကောင်းပါတယ်။ သူတို့ မိသားစုလေးကို ကြည့်ကြရအောင်ပါ။

မိသားစု အခြေအနေနဲ့ အလုပ်အကိုင်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မဥမ္မာတို့မိသားစုမှာ သူရယ် သူ့ယောကျ်ားရယ်၊ ဆယ်ကျော်သက်အရွယ် သားဖြစ်သူရယ် သုံးယောက်ရှိပါတယ်။
မဥမ္မာက သင်္ဃန်းကျွန်းက အိမ်တစ်အိမ်မှာ အိမ်အကူလုပ်ပြီး သူ့ယောကျ်ားက အဆောက်အဦးတစ်ခုမှာ လုံခြုံရေး အစောင့် လုပ်ပါတယ်။ သားဖြစ်သူကတော့ ၁၀ တန်းအဆင့် ပညာအရည်အချင်း ရှိပြီး မိဘက စိတ်ပူလို့ ကျောင်းမထားချင်တာကတကြောင်း သူကလည်း ကျောင်းမတက်ချင်တော့ဘူး ဆိုတာက တကြောင်းကြောင့် ဆက်မထား တော့ဘူးလို့ မဥမ္မာက ပြောပါတယ်။
လောလောဆယ် အလုပ်လည်း မရှိသေးလို့ မိဘတွေ အလုပ်သွားနေတဲ့ အချိန် သူက အိမ်မှာပဲ နေတယ်လို့ ဆိုပါတယ်။ အလုပ်ရရင် သားဖြစ်သူက အလုပ် လုပ်မှာ ဖြစ်ပေမဲ့ မိဘတွေက အလုပ်ရှာမပေးနိုင်လို့ ကလေးက အလုပ်မရတာလို့ မဥမ္မာက ပြောပါတယ်။
သူ့ဟာသူ အလုပ်ထွက်ရှာဖို့ မဖြစ်နိုင်ဘူးလား ဆိုတော့ ဒီလို အရွယ် ယောကျ်ားလေး အပြင်မှာ တယောက်တည်း သွားလာနေရင် အခုခေတ်ကာလ အခြေအနေအရ စိတ်မလုံခြုံတဲ့ အတွက် သူကိုယ်တိုင်က မသွားချင်သလို မိဘတွေကလည်း မလွှတ်ချင်ဘူးလို့ ဆိုပါတယ်။
ဒါက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကြောင့် သူတို့မိသားစုအပေါ် သက်ရောက်မှု ဖြစ်ပါတယ်။
အဲဒီ သားက အသက် ၁၈ နှစ်၊ မဥမ္မာက အသက် ၄၀၊ ခင်ပွန်းဖြစ်သူက အသက် ၄၃ နှစ် ဆိုတော့ သန်မြန် ဖျတ်လတ်ပြီး အလုပ် လုပ်နိုင်ကြတဲ့ အရွယ်တွေလို့ ဆိုရမှာပါ။ သားဖြစ်သူ အလုပ်လုပ်နိုင်ရင်တော့ မိသားစု ဝင်ငွေ ပိုရပြီး ပိုစုဆောင်းနိုင်ပါလိမ့်မယ်။

ဝင်ငွေ ထွက်ငွေ
မဥမ္မာက အိမ်အကူ အဖြစ် တစ်ပတ်ကို ၇ ရက် နေ့စဉ် အလုပ်ဆင်းပါတယ်။ သူ့အိမ်ရှင်က တစ်နေ့ကို ၇၀၀၀ ကျပ် ပေးပါတယ်။ ယောကျ်ားက တစ်လကို လခ ၁၇၀၀၀၀ ကျပ်ရပါတယ်။ သြဂုတ်လကမှ စပြီး အလုပ်ရကြတာပါ။
တောင်ဒဂုံမှာ အိမ်ငှားနေကြတာ ဖြစ်လို့ မနက် အလုပ်လာပြီး လာပြီး ညနေ ၄ နာရီ ခွဲလောက်ဆို သူ အိမ်ပြန်ပါတယ်။
ကားခ အသွားအပြန် ၆၀၀ ကျပ်၊ အိမ်ငှားနေတာ တစ်လကို ၆၀၀၀၀ ကျပ်၊ ရေဖိုး မီးဖိုး ပါနဲ့ဆို ကျပ်ငွေ ကျပ် ၇၀၀၀၀ ကုန်တယ်လို့ မဥမ္မာက ပြောပါတယ်။ မိန်းမလုပ်စာက အိမ်လခ၊ စားစရိတ်၊ လင်မယားနှစ်ယောက် လမ်းစရိတ် လောက်အောင်သုံးတယ်လို့ သူက ပြောပါတယ်။
သူတို့ ရန်ကုန်ကို ရောက်ခါစ သြဂုတ်လ တုန်းက တနေ့ စားစရိတ် ၃၀၀၀ ကျပ် ဆို လောက်တယ်လို့ ပြောပါတယ်။ အခုတော့ ၄၀၀၀ ဝန်းကျင်ကို တက်လာပါတယ်။
အဲဒီ တစ်နေ့တာ စားစရိတ်ငွေထဲမှာ ဆီ၊ ဆန်၊ ဆားက အစ ဟင်းလျာဖိုး အားလုံးပါပါတယ်။
ဒီငွေနဲ့ မိသားစု သုံးယောက် ဘယ်လို စားသောက် နေကြပါသလဲ။

ရတဲ့လခနဲ့ ဘယ်လိုလောက်အောင်သုံးနေလဲ
ဟင်းလျာဆိုရင် သူတို့ မိသားစု မြိုးမြိုးမြက်မြက်စားချင်တဲ့ အခါ ဗန်းလေးတွေနဲ့ ပုံရောင်းတဲ့ တုံးပြီးသား ကြက်သား တစ်ဗန်း တစ်ထောင်တန် ဝယ်ချက်စားကြပါတယ်။ ဒါမှ မဟုတ် ပုစွန်စိပ် အသေးလေးတွေ တစ်ထောင်ဖိုးဆို အတော် အလုပ်ဖြစ်နေပါပြီ။
ငါးကိုတော့ မတန်ဘူးထင်လို့ ဝယ်မစားကြဘူးလို့ ပြောပါတယ်။ မဥမ္မာလို့ လင်မယားက သူတို့ ရပ်ရွာမှာ လယ်ကြားရိုး တွေထဲ ဖောက်ထားတဲ့ မြောင်းတွေကြားမှာ ငါးရှာရင် တစ်နေ့ကို ၄ ပိဿာ ၅ ပိဿာ ကနေ ၈ ပိဿာ အထိ ရတာဖြစ်လို့ ရန်ကုန်မှာ ငါးဝယ်စားရတာ တန်တယ် မထင်ကြပါဘူး။
များသောအားဖြင့်တော့ ထမင်းကို မြေပဲလှော် တလှည့် လက်ဖက် တလှည့်နဲ့ စားပြီး သူတို့ ဝမ်းရေးကို ဖြေရှင်းကြပါတယ်။
မနက် အလုပ်မသွားခင် ထမင်းကြမ်းခဲ စားပြီး လင်မယားနှစ်ယောက် ကိုယ်စီ အလုပ်သွားကြပါတယ်။
ဇိမ်ခံ စားသုံး စရာဖိုး သုံးတာက သူတို့ သားလေးအတွက် တနေ့ကို ကော်ဖီမစ် တစ်ထုပ် ဝယ်တိုက်တာပဲ ရှိတယ်လို့ မဥမ္မာက ပြောပါတယ်။ ဒီတော့ မဥမ္မာတို့ မိသားစုမှာ ငွေ အပိုသုံးတယ် ဆိုတာ မရှိပါဘူး။
သားက အဝတ်အစား လိုချင်တယ် ပူဆာပေမဲ့ သူအလုပ်ရမှ ဝယ်ပေးမယ်လို့ မဥမ္မာက ပြောပါတယ်။ သူကိုယ်တိုင်လည်း အဝတ်အစား ဘာတခုမှ အပို မဝယ်ဘူးလို့ ပြောပါတယ်။
သူတို့ အလုပ် စတင် လုပ်ခါစ သြဂုတ်လတုန်းက မဥမ္မာနဲ့ မေးမြန်းကြည့်ထားခဲ့တာပါ။ အဲဒီ အချိန်က သူ့ယောကျာ်းက လကုန်မှ လခရမှာ ဖြစ်လို့ သူ့ ဝင်ငွေ မရှိသေးပါဘူး။
အောက်တိုဘာလကုန် လခထုတ်ပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းက တခါ ထပ်မေးကြည့်တော့ လက်ထဲမှာ ကျပ်နှစ်သိန်း ပဲ စုမိတယ်လို့ မဥမ္မာက ပြောပါတယ်။
ဒါကလည်း သားဖြစ်သူက မှတ်ပုံတင် ပျောက်သွားလို့ နေရပ်ပြန်ပြီး အသစ်လုပ်ရတဲ့ အတွက် ကျပ်သုံးသောင်း ကုန်သွားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိသားစု ရည်မှန်းချက် အတိုင်းဖြစ်မလား
မဥမ္မာတို့ မိသားစုက သူတို့ ရပ်ရွာမှာ အလုပ်အကိုင် ရှားပါးလို့ ရန်ကုန်ကို တက်လာပြီး အလုပ်လုပ်ကြတာဖြစ်ပါတယ်။ သူတို့လိုပဲ အရပ်ထဲက လူတွေ ရန်ကုန်ကို လာ အလုပ်လုပ်ကြတာတွေ အများကြီးပဲလို့ မဥမ္မာက ပြောပါတယ်။
တခုကံကောင်းတာက သူတို့ မိသာစု သုံးယောက်စလုံး ကျန်းမာရေး ပြဿနာ တစုံတရာ မရှိကြတော့ ဆေးကုဖို့ ကုန်ရငွေ မရှိပါဘူး။
ကြည့်ရှုထောက်ပံ့စရာ နှစ်ဖက် မိဘတွေလည်း မရှိကြတော့ဘူးလို့ မဥမ္မာက ပြောပါတယ်။
၂ နှစ်ပြည့်ရင် စုဆောင်းမိသမျှလေး ပိုက်ပြီး အိမ်ပြန်မယ် ဆိုတဲ့ မဥမ္မာတို့မိသားစုရဲ့ မျှော်လင့်ချက်တွေကတော့ အခုပုံစံအတိုင်း နေထိုင် အလုပ်လုပ် သုံးစွဲ သွားရင် ပြည့်မီမှာ သေချာတယ်လို့ သူအလုပ်လုပ်တဲ့ အိမ်က အိမ်ရှင် အမျိုးသမီးက ပြောပါတယ်။
မိန်းမ ဖြစ်တဲ့ မဥမ္မာက အပိုသုံးတာ ဘာမှ မရှိ စေ့စပ်သလို သူ့ ယောကျ်ားကလည်း မိန်းမ ပေးသမျှ ငွေကလွဲပြီး အသောက်အစားမရှိ၊ အပို မသုံးတဲ့အတွက် အဆင်ပြေတာလို့ သူက သုံးသပ်ပါတယ်။
မဥမ္မာတို့ မိသားစု စားသောက်နေထိုင်နေကြတဲ့ အခြေအနေက နေ့စဉ် ဟင်းကောင်းချက်၊ မုန့်ပဲ သွားရေစာ စားသုံးကြတဲ့ တခြား မိသားစုတွေလို တန်းတူ မဟုတ်ပေမဲ့ ဇနီး ခင်ပွန်း ညှိနှိုင်း ပြီး ဝင်ငွေကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲတာကြောင့် စုနိုင်ဆောင်းနိုင် အဆင်ပြေကြတာလို့ အလုပ်ရှင် အမျိုးသမီးက ပြောပါတယ်။
နိုင်ငံတကာ စံနှုန်းအတိုင်း ဆင်းရဲမွဲတေမှု ဆိုတာကို သတ်မှတ်ရင်တော့ မဥမ္မာတို့ မိသားစုက အဲဒီစံနှုန်း အောက်မှာပဲ ရှိနေပါတယ်။
ကုလသမဂ္ဂက အခုနောက်ဆုံး သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှု ဝင်ငွေသတ်မှတ်ချက်က တနေ့ကို ၃ ဒေါ်လာနဲ့ ဆင့် ၂၀ ဆင့် ဖြစ်ပါတယ်။
လက်ရှိ ဒေါ်လာပေါက်စျေးနဲ့ဆို ကျပ်ငွေ ကိုးထောင်ကျော် တစ်သောင်း နီးပါးပါ။ မဥမ္မာရဲ့ တနေ့တာလုပ်အားခက အဲဒီ သတ်မှတ်ချက် အောက်မှာ ရှိပါတယ်။
ဒီတော့ ဆင်းရဲမွဲတေသူလို့ သတ်မှတ်ခံကြရတဲ့ စာရင်းထဲ ဝင်နေသူတွေ ဖြစ်ပါတယ်။
မဥမ္မာတို့ မိသားစုကတော့ ရန်ကုန်မှာ လာ အလုပ်လုပ်တဲ့ အချိန်ကာလ ၂ နှစ်ပြည့်ရင် စုထားလို့ ရသမျှ ငွေထုပ်လေး ပိုက်ပြီး အိမ်ပြန်ကြမယ် ဆိုတဲ့ မျှော်လင့်ချက် ရည်မှန်းချက်နဲ့ အလုပ်တွေ ကြိုးစား လုပ်နေကြပါတယ်။
ခြိုးခြံချွေတာ သုံးစွဲပြီး ငွေပမာဏ ဘယ်လောက်ရအောင် စုမယ်လို့ ရည်မှန်းမထားပေမဲ့ သူတို့ သတ်မှတ်ကာလ ပြည့်ရင် ရတဲ့ငွေလေး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အိမ်ပြန်နိုင်ဖို့ မဥမ္မာတို့ မိသားစု ကြိုးစားရုန်းကန် နေကြပါတယ်။









