ရခိုင်ပြည်နယ်က နိုင်ငံတကာ စီမံကိန်းတွေမှာ ရခိုင်သားတွေ အလုပ်အကိုင်ရလာသလား

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း
ဓာတ်ပုံ ပုံစာ, ကျောက်ဖြူ ရေနက် ဆိပ်ကမ်း
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်နဲ့ အိန္ဒိယပိုင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေမှာ ရခိုင်ဒေသခံတွေအလုပ်အကိုင်ရရှိမှု မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

အခြေခံလုပ်သားတွေသာမက စီမံကိန်းတွေရဲ့ နည်းပညာဆိုင်ရာ ကဏ္ဍတွေနဲ့ အုပ်ချုပ်ရေး ပိုင်းတွေမှာ ဒေသခံတွေကို အလုပ်တာဝန်တွေ ပိုပေးဖို့ ဆွေးနွေးတာတွေ ရှိလာပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ အကြီးစား နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အနေနဲ့ တရုတ်အစိုးရပိုင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အိန္ဒိယအစိုးရပိုင် ကုလားတန်မြစ်ဘက်စုံသုံး စီမံကိန်းတို့ ရှိနေတာပါ။

ဒါ့အပြင် မြေယာ၊ ရေလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်း စတဲ့လုပ်ငန်းတွေမှာလည်း ပြည်ပနိုင်ငံတွေက လာရောက် လုပ်ကိုင်နေကြတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကလည်း ပြည်နယ်အနှံ့မှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီစီမံကိန်းကြီးတွေမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ အလုပ်အကိုင်ရရှိတာ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်လို့ဆိုခဲ့ကြ
ဓာတ်ပုံ ပုံစာ, ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်လို့ဆိုခဲ့ကြ

ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ပါ၀င်တဲ့ စီမံကိန်း ၃ ခုထဲက တစ်ခုဖြစ်ပါတယ်။

စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာ စီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်း စတဲ့ သုံးခုအနက်မှ ရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦးအကောင်အထည်ဖော်မယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တည်ရှိပြီး မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းက ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ ရခိုင်ပြည်နယ် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရက တရုတ် ကုမ္ပဏီ နဲ့ ကနဦး သဘောတူထားတာထက် ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်း ပိုတိုးပြီး တရုတ်ကုမ္ပဏီက ၇၀ % ၊ မြန်မာဘက်က ၃၀ % ဆိုပြီး တရုတ်ကုမ္ပဏီ နဲ့ မြန်မာအစိုးရရဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတို့ သဘောတူစာချုပ် ပြင်ဆင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းထဲက ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ တရုတ်ရဲ့ Belt and Road Initiative လို့ ခေါ်တဲ့ ပိုးလမ်းမ စီမံကိန်းမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး အိန္ဒိယ သမုဒ္ဒရာကို ဝင်ထွက်နိုင်မယ့် မဟာဗျူဟာမြောက် အရေးပါတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်လာဖွယ် ရှိတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ကုလားတန် စီမံကိန်း စစ်တွေ ဆိပ်ကမ်း
ဓာတ်ပုံ ပုံစာ, ကုလားတန် စီမံကိန်း စစ်တွေ ဆိပ်ကမ်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေအတွင်း နိုင်ငံသားနဲ့ ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေပေးဖို့ အဆင့်လိုက် သတ်မှတ်ချက်၊ ခန့်အပ်ရမယ့်ပမာဏကို ဥပဒေနဲ့ပြဋ္ဌာန်းထားရှိပေမယ့် ရခိုင်ဒေသခံတွေကတော့ လျစ်လျူရှုခံနေရတယ်လို့ ထောက်ပြမှုတွေ ရှိလာတာပါ။

နိုင်ငံခြာရင်းနှီးမြှုပ်နှံမှုဥပဒေပါ ပြဋ္ဌာန်းချက်အရ ရင်းနှီးမြုပ်နှံသူဟာ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမား၊ အတတ်ပညာရှင်နဲ့ ဝန်ထမ်းတွေကို လုပ်ငန်းစတင်တဲ့နှစ်ကနေ ပထမ ၂နှစ်အတွင်း အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယ ၂ နှစ် အတွင်း အနည်းဆုံး ၅၀ ရာခိုင်နှုန်း နဲ့ တတိယ ၂ နှစ်အတွင်း အနည်းဆုံး ၇၅ ရာခိုင်နှုန်း အလုပ်ခန့်ထားရမယ်လို့ပါရှိတာလို့ သိရပါတယ်။ ရင်းနှီးမြုပ်နှံသူဟာ နိုင်ငံသားဝန်ထမ်းတွေကို လုပ်ငန်းကျွမ်းကျင်မှု၊ တိုးတက်လာဖို့လည် းသင်တန်းပေးဖို့ လိုသလို ကျွမ်းကျင်မှုမလိုတဲ့ လုပ်ငန်းတွေမှာ ဆိုရင် နိုင်ငံသားတွေကို ခန့်ထားရမယ်လို့ဖော်ပြထားတာလို့ သိရပါတယ်။

ဒါပေမဲ့ ဒီပြဋ္ဌာန်းချက်အတိုင်း နိုင်ငံသား ဒေသခံတွေကို အလုပ်အကိုင်ပေးအပ်တာ မတွေ့ရဘူးလို့ ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံက ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ အထွေထွေလုပ်သားတွေအဖြစ် မြန်မာတွေကို အလုပ်ခန့်အပ်ထားတာတွေ ရှိနေပေမယ့် ရာခိုင်နှုန်းအ‌တော်ကို နည်းပါးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“စီမံခန့်ခွဲရေးပိုင်းတွေမှာ ဒေသခံတွေကို တိုးပြီးခန့်ထားဖို့ ပြောတာကို သူတို့လက်ခံပါတယ်၊တဖြည်းဖြည်းနဲ့ တိုးပြီးခန့်ဖို့ ရှိပါတယ်”လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့
ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့

ရခိုင်ပြည်နယ်မှာက ဒေသအတွင်း စီးပွားရေးလုပ်ငန်းတွေ စက်မှုလုပ်ငန်းတွေ မရှိတဲ့အတွက်ကြောင့် ရခိုင်သားတွေက အလုပ်ကိုင်အခွင့်အလမ်းတွေ မရှိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်တွေ အများစုမှာ ဘာဝင်ငွေရလမ်းမှ မရှိကြသလို ကိုယ့်ဒေသမှာ လုပ်ကိုင်စားသောက်လို့ရတဲ့ အခြေအနေမရှိတာကြောင့် ရခိုင်ပြည်နယ်ကနေ နည်းအမျိုးမျိုးနဲ့ ထွက်ပြီးတော့ ပြည်မမှာဖြစ်ဖြစ် ပြည်ပနိုင်ငံတွေမှာဖြစ်ဖြစ် အများစုက အလုပ်လုပ်နေကြတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလမှာလည်း ရခိုင်ပြည်နယ်အတွင်း တစ်နေ့ထက် တစ်နေ့ ကုန်စျေးနှုန်းမြင့်တက်လာတဲ့ အပြင် အလုပ်အကိုင်တွေကလည်း ရှားပါးလာတဲ့အတွက် လက်လုပ်လက်စားတွေအနေနဲ့ စားဝတ်နေရေး ပိုမို အခက်အခဲ ဖြစ်လာတယ်လို့ ပြောဆိုပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက်လည်း ဒေသခံတွေရဲ့ လယ်ယာမြေတွေဟာ လျော်ကြေးပေးပြီး အသိမ်းခံရတာတွေ ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန်စီမံကိန်းလည်း ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းတွေပြန်လည်စတင်ခဲ့ပြီး အခုပွင့်လင်းရာသီအတွင်း စစ်တွေဆိပ်ကမ်းကို ဖွင့်လှစ်ဖို့လည်း ရှိနေပါတယ်။

စစ်တွေဆိပ်ကမ်းက တစ်ဆင့် ရေမိုင် ၅၃၉ ကီလိုမီတာ အကွာအဝေးရှိတဲ့ ဘင်္ဂလားပင်လယ်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ အနောက်ဘင်္ဂလား ပြည်နယ် ကာလတ္တား ဆိပ်ကမ်းအထိ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံပိုင် CITIC ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားပြီး အဲ့ဒီစီမံကိန်းအတွက် မြေဧကပေါင်း ၄၂၈၉ ဧက အသုံးပြုသွားမှာဖြစ်သလို စီမံကိန်းရဲ့ ကုန်ကျစရိတ်မှာတင် အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံရှိနေတာပါ။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းကိုလည်း အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ (၄၈၄)သန်း အကုန်ကျခံပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒီလိုရင်းနှီမြုပ်နှံမှုပမဏကြီးတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို အစိုးရအဆက်ဆက်က ဒေသဖွံ့ဖြိုးရေးခေါင်းစဥ်အောက်မှာ ထည့်သွင်းပြောနေပေမဲ့ လက်တွေ့မှာတော့ ဒေသခံတွေ လုပ်ကိုင်စားသောက်နေကြတဲ့ မြေယာတွေ သိမ်းဆည်းခံလိုက်ကြရတဲ့အပြင် အလုပ်အကိုင်တွေလည်း မရရှိကြဘဲ အခက်အခဲတွေနဲ့သာ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ထောက်ပြ ပြောဆိုကြပါတယ်။