စစ်ရေး လျှို့ဝှက်ချက် ကိုင်တွယ်ပုံမှားလို့ ဂျပန် ရေတပ်ဦးစီးချုပ် နုတ်ထွက်

japan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နုတ်ထွက်သွားတဲ့ ဂျပန်ရေတပ်ဦးစီးချုပ်
ရေးသားခဲ့သည်။

လုံခြုံရေး စည်းမျဉ်း ချိုးဖောက်မှု၊ လိမ်လည်မှုတွေနဲ့ ရေတပ်သား ၂၀၀ ကျော် အပြစ်ပေးခံရပြီးနောက် ဂျပန် ရေတပ်ဦးစီးချုပ် ရာထူးက ဆင်းပေးလိုက်ပါတယ်။

ဒီအမှားအယွင်းတွေအတွက် တာဝန်ယူတယ်ဆိုပြီး ရေတပ်ဗိုလ်ချုပ်ကြီး ရီယို ဆာကအိက ပြောပါတယ်။

ဇူလိုင်လ ၁၉ ရက်ကစပြီး ပင်လယ်ရေကြောင်း ကာကွယ်ရေးတပ် အကြီးအကဲရာထူးကနေ ထွက်မှာပါ။ အကြီးအကဲအနေနဲ့ ဒီတပ်စစ်သည်တွေ လေ့ကျင့်ရေးနဲ့ အုပ်ချုပ်မှုကို တာဝန်ခံပါတယ်။ ဒီတာဝန်တွေ ကျေပွန်အောင် မထမ်းဆောင်နိုင်တဲ့အတွက်လည်း တာဝန်ယူပါတယ်လို့ ဂျပန် ဗိုလ်ချုပ်ကြီး က ပြောပါတယ်။

ဒီချိုးဖောက်မှုတွေထဲ သေချာ မစိစစ်ရသေးတဲ့ သင်္ဘောသားတွေကို နိုင်ငံခြား သင်္ဘောတွေရဲ့ တည်နေရာအကြောင်း သိခွင့်ပေးတာတွေ ပါပါတယ်။

တခြားချိုးဖောက်မှုတွေကတော့ သေးငယ်ပါတယ်။

တချို့တပ်သားတွေက သူတို့ မပြီးဆုံးသေးတဲ့ တာဝန်တွေအတွက် လုပ်အားခ တောင်းသလို တချို့ကလည်း အစားအသောက်အတွက် မပေးတာမျိုး ရှိပါတယ်။

ဒီပြစ်ဒဏ်တွေထဲ ထုတ်ပယ်တာကနေ သတိပေးတာထိ ပါဝင်ပါတယ်။

ဂျပန်ဟာ ပိုပြီး ရန်စောင်လာနေတဲ့ တရုတ်ပြည်နားမှာ ကာကွယ်ရေးတပ်တွေကို ပိုပြီး အားကောင်းအောင် ကြိုးစားနေရပါတယ်။

japan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်ရေတပ်က ရေငုပ်သင်္ဘော

ဒါမျိုး နောက်ထပ်မဖြစ်အောင် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ခုခံကာကွယ်ရေးတပ်တွေ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ မျှော်လင့်ကြောင်း ဂျပန် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ယိုရှီမာဆာ ဟာယာရှီက ပြောကြောင်း အေအက်ဖ်ပီ သတင်းမှာ ပါရှိပါတယ်။

တခြားနိုင်ငံက သင်္ဘောတွေ တည်နေရာကိုပြတဲ့ သတင်းအချက်အလက်တွေကို နောက်ကြောင်း မစိစစ်ရသေးတဲ့ အရာရှိတယောက်က ကိုင်တွယ်ခဲ့ပြီးနောက် ဖျက်သင်္ဘောကပ္ပတိန် တယောက်အပါအဝင် အရာရှိကြီး ငါးဦးကို အရေးယူခဲ့ပြီး ဖြစ်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီလက ကြေညာခဲ့ပါတယ်။

အဲဒီအချိန်က ဒီသတင်းအချက်တွေ အပြင်ကို ပေါက်ကြားတာ မရှိပေမယ့် အစိုးရက အင်မတန် အလေးအနက်ထားပြီး ဆောင်ရွက်တယ်လို့လည်း ဂျပန် ကာကွယ်ရေး ဝန်ကြီး မီနိုရူ ကီဟာရာက ပြောပါတယ်။

၂၀၂၁ တုန်းကလည်း ဂျပန်စစ်သားသုံးယောက်က စစ်သမီး ရီနာ ဂိုနွိုင်းကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု ဖြစ်ခဲ့ပါတယ်။ စစ်သမီးရဲ့ တိုင်ကြားချက်ကို အစပိုင်းက စစ်တပ်ထဲမှာ ဖုံးဖိ ထားခဲ့ပြီး မနှစ်ကမှ ဒီစစ်သားသုံးယောက်ကို အပြစ်ရှိကြောင်း တိုင်းသိပြည်သိ စီရင်ချက် ချနိုင်ခဲ့ပါတယ်။

japan

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မဟာမိတ်တွေကို တောင်းပန်ရတဲ့ ဂျပန်ဝန်ကြီးချုပ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တချိန်တည်းမှာပဲ အမေရိကန်နဲ့ တခြားမဟာမိတ်တွေရဲ့ ယုံစားမှုကို ပြန်ရဖို့ ကြိုးစားတဲ့အနေနဲ့ အရေးကြီးတဲ့ လျှို့ဝှက်ချက်တွေကို ကိုင်တွယ်ပုံ မှားယွင်းခဲ့တဲ့ တပ်သားတွေကို အရေးယူမယ် ဆိုပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ကတိပေးခဲ့ကြောင်း ရိုက်တာ သတင်းမှာ ပါရှိပါတယ်။

ဝါရှင်တန်က နေတိုး အစည်းအဝေး တက်နေတုန်း ကီရှီဒါ ပြောခဲ့တာပါ။

အခြေအနေက တအားဆိုးတာကို ရိပ်စားမိပါတယ်၊ အမှားအယွင်း အဖြစ်မခံဘူးဆိုတာလည်း နားလည်ပါတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

အမေရိကန်နဲ့ တခြား အနောက် ဒီမိုကရေစီနိုင်ငံတွေနဲ့ ပိုပြီး နီးနီးစပ်စပ် လုပ်ကိုင်ရာမှာ သတင်းအချက်အလက် ဖလှယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဂျပန်က ဒီအရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ပိုပြီး သတိထားကိုင်တွယ်မယ်လို့ ကတိပေးသွားတာပါ။

မေလကလည်း ဂျပန်မှာ လုံခြုံရေးဥပဒေသစ် ထုတ်ပြန်ပြီး အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ကိုင်တွယ်ရာနဲ့ လုံခြုံရေးပိုင်း စိစစ်ရာမှာ ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ခဲ့ပါတယ်။ ဆိုင်ဘာ လုံခြုံရေး တိုးမြှင့်ရေးအတွက်လည်း ဥပဒေပြုဖို့ ပြင်ဆင်နေပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာမှာ ခြိမ်းခြောက်မှုတွေကို ရှာဖွေထောက်လှမ်းဖို့ ပါပါတယ်။

japan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်အင်အားကြောင့် ဂျပန်တပ်တွေကို ပိုအရေးပေးလာ