အောက်တိုဘာ ၁၃ ရက်ထိပ်တန်းသတင်းများ - မန္တလေး၊ ရှမ်းနဲ့ စစ်ကိုင်းက မြို့နယ်အချို့မှာ မိုးကြီးရေလျှံနေ

ဓာတ်ပုံ ရင်းမြစ်, ကမ်းလင့်လက်များလူမှုကူညီရေးအသင်း
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာဆိုရင် တောင်ကျရေများတာကြောင့် ဆည်တော်ကြီးဆည်က ရေတွေဖောက်ချခဲ့ပြီးနောက် ဒီကနေ့မှာ လူနေရပ်ကွက်အချို့နဲ့ လမ်းမကြီးတွေ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
"မနေ့ နေ့လယ် ၁၂ ၊ ၁ လောက်မှာ ရေလွှတ်တာပါ။ ထိန်းပြီးလွှတ်တာဆိုပေမဲ့ မိုးကလည်း သည်းနေတော့ ရေတက်လာတာပါ။ မတ္တရာ - မိုးကုတ်ဘက်သွားတဲ့ လမ်းမကြီးဆို လမ်းပေါ် ၂ ပေလောက်ရေတက်နေတယ်။ ကားအနိမ့်တွေသွားလို့မရဘူး" လို့ မတ္တရာလူမှုကူညီရေးအသင်း ဝင်တစ်ဦးက ပြောပါတယ်။
အလားတူ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာလည်း ဒီကနေ့မနက်ပိုင်း နားဋောင်းကျချောင်းရေ လျှံနေပြီး လူနေရပ်ကွက်တွေဘက် ရေဝင်ရောက်နိုင်ချေရှိတာကြောင့် အခြေအနေစောင့်ကြည့်နေဆဲလို့ မြို့နယ်မီးသတ်ကနေ သိရပါတယ်။
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်မှာတော့ အထက်ပိုင်းဒေသတွေဖြစ်တဲ့ နမ္မတူမြို့မှာ မိုးကြီးပြီး နမ္မတူချောင်းရေလျှံတာကြောင့် သီပေါမြို့ကိုဖြတ်သန်းသွားတဲ့ ဒုဋ္ဌဝတီမြစ်ရေတက်လာပြီး လူနေရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ ညပိုင်းကစပြီး အနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ရာ ဒီကနေ့ နေ့လယ် ၃ နာရီဝန်းကျင်မှာတော့ မြစ်ရေပြန်ကျသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
"ရေက ပြန်ကျပေမဲ့ ပရဟိတအဖွဲ့တွေကတော့ မြစ်ကမ်းနဘေးမှာ အခြေအနေ စောင့်ကြည့်နေတုန်းပဲ။ မိုးကလည်း တနေကုန်ရွာတာ ခုနကမှတိတ်သွားတာ" လို့ သီပေါမြို့ခံတဦးက ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှာ ဘီဘီစီကို ပြောပါတယ်။
တခါ စစ်ရေးပဋိပက္ခတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲက ကနီမြို့မှာလည်း မနေ့က မိုးကြီးရေလျှံပြီး မြေပြိုမှုတွေဖြစ်ခဲ့တာကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသအခြေစိုက် မီဒီယာတွေက ဖော်ပြကြပါတယ်။
ရေစကြို၊ ရေလယ်ကျွန်းဒေသမှာ ဘာတွေဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, ရေစကြိုသပိတ်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းသုံးကြောင်းနဲ့ နေရာခွဲဝင်ရောက်နေတာကြောင့် ကျေးရွာ တဒါဇင်ကျော် က ဒေသခံရာနဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ မြေပြင်မှာ ရှိသူတွေက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မနေ့ အောက်တိုဘာ ၁၂ ရက်ကစလို့ ရေစကြိုမြို့ပေါ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်တွေက စစ်ကောင်စီတပ်ဖွဲ့ သုံးခုဟာ ရေလယ်ကျွန်းဒေသကို သုံးနေရာခွဲ ဝင်ရောက်လာခဲ့တာကြောင့် ကြွယ်ကုန်း၊ ကျောက်ဖူး၊ ပေါက်တော၊ ဆူးလေကုန်း၊ မိဖုရား စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံတွေ တိမ်းရှောင်နေရတာပါ။
"ရေလယ်ကျွန်းအလယ်ပိုင်းကို မြို့ပေါ်က စစ်ကြောင်း၊ တောင်ပိုင်းကိုက မြင်းခြံက စစ်ကြောင်း၊ မြောက်ဘက်ကိုက မြောင်မြို့နယ်ဘက်က ဝင်လာတယ်" လို့ ရေလယ်ကျွန်းဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီစစ်ကြောင်းထိုးတဲ့ အချိန်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
မနေ့တုန်းက ရေလယ်ကျွန်းတောင်ဘက်ခြမ်းက စစ်ကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲရှိသလို ဒီကနေ့ မနက်ပိုင်းမှာလည်း မြောက်ဘက်ခြမ်းစစ်ကြောင်းဖြစ်တဲ့ ရေစကြိုနဲ့ မြောင်မြို့နယ်အစပ်မှာ တိုက်ပွဲရှိနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေ ဆီက သိရပါတယ်။
ဒါဟာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းမထိုးတာ သုံးလအကြာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တကျော့ပြန် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောကြပါတယ်။
မိုးကုတ်မှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, TNLA
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက အထက်ညောင်ကုန်းရွာ နဲ့ အဖြူရောင်ရွာ ကြားမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ မနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။
ဒါအပြင် အထက်ညောင်ကုန်းရွာကို စစ်ကောင်စီရဲ့ ခြေလျင်တပ်တွေဖြစ်တဲ့ ခလရ ၄၄ ၊ ၈၈ ၊ ၁၀၂ ၊ ၁၀၄ တို့က အင်အား ၁၅၀ ကျော်နဲ့ ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲဖြစ်ရတာလို့ TNLA က ဖော်ပြပါတယ်။
TNLA ရဲ့ ဒီကနေ့ မနက်ပိုင်းထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့် တစ်ရက်အတွင်း ၂ နေရာမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မန္တလေးတိုင်း မိုးကုတ်မြို့ နဲ့ ရှမ်းပြည်နယ် ကျောက်မဲ မြို့ကြားက ကျေးရွာတွေမှာ TNLA နဲ့ စစ်တပ်ကြား ဆက်တိုက် တိုက်ပွဲ တွေပြင်းထန်ခဲ့ပြီး အောက်တိုဘာလထဲမှာတော့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားထားပြီလို့ သိရပါတယ်။
TNLA ရဲ့ စာရင်းအရ အခုနှစ် ဇူလိုင်လ ကစလို့ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲ အကြိမ် ၇၀ အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ရေ ၄၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ မိုးကုတ်တဝိုက်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီကနေ့ အချိန်အထိ တစုံတရာထုတ်ပြောလာတာမရှိသေးပါဘူး။
ရန်ကုန်မြစ်ရေ ထူးကဲဒီရေတက်နိုင်တာကြောင့် မြစ်ကမ်းဘေးနေသူတွေ သတိထားဖို့ ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့ အတွင်း ရန်ကုန်မြစ်အတွင်း သာမန်ထက် ထူးကဲဒီရေ တက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေး ထုတ်ပြန်လာပါတယ်။
ရန်ကုန်မြစ်ရဲ့ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၁၁ ပေ ခန့်ကနေ ၂၀ ဒသမ ၃၇ ပေခန့်အထိ မြင့်တက်လာနိုင်တာလို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ခန့်မှန်းထားပြီး မြစ်ကမ်းနားဒေသတွေမှာ နေထိုင်ကြသူတွေ သတိထားကြဖို့ ထုတ်ပြန်ထားပါတယ်။
မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ထူးကဲဒီရေနဲ့ ပတ်သက်လို့ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
"မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွေကတော့ တွက်ချက်ပြီး ထုတ်ပြန်ထားတာပါ။ ဒါကမြန်မာ့နည်းနဲ့ဆို လပြည့်လကွယ်ရက်တွေမှာ ဒီရေကတက်လေ့ရှိတာကိုး။ ထူးကဲဒီရေတက်ရင်တော့ ပင်လယ်နဲ့ ဆက်နေတဲ့ မြစ်တွေကတော့ ရေတက်ရေကျရှိတာပေါ့လေ၊ ဒီမြစ်တွေချောင်းတွေကတော့ ရေတက်ဖို့ရှိတာပေါ့လေ" လို့ မိုးဇလ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက ဘီဘီစီကို ပြောပါတယ်။
မနက်ဖြန် အောက်တိုဘာလ ၁၄ ရက်နေ့ဟာ တော်သလင်းလကွယ်နေ့လည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်ကျော် ၂၀၁၄ - ၂၀၁၅ ခုနှစ်တွေတုန်းကလည်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ ၂၂ ပေခန့်အထိ ရေတက်ခဲ့ဖူးတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် က ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ အခုသီတင်းပတ်ထဲ ပဲခူးမြို့မှာ နှစ်ပေါင်း ၅၉ နှစ်အတွင်း စံချိန်တင်ရေကြီးကာ မိုးကြီးရေလျှံဖြစ်ခဲ့ပြီး လူဦးရေထောင်သောင်းချီ ရေဘေးသင့်ခဲ့ပါတယ်။








