အောက်တိုဘာ ၈ ရက်ထိပ်တန်းရောက်သတင်းများ

ရေးသားခဲ့သည်။

မြောင်မြို့နယ် ညောင်ကားယားရွာ စစ်ကြောင်းထိုး မီးရှို့ခံရ

 မီးငြှိမ်းသတ်နေတဲ့ဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, ကိုနွေဦး-မြောင်

ဓာတ်ပုံ ပုံစာ,  မီးငြှိမ်းသတ်နေတဲ့ဒေသခံတွေ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားရွာကို ဒီနေ့ အောက်တိုဘာ ၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး စစ်ကြောင်းထိုးပြီးနောက် နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့ကနေ စစ်ကောင်စီတပ်တွေက ကားအစီး ၂၀ နဲ့ ကိုင်းရွာကို ‌မနေ့က အောက်တိုဘာ ၇ ရက်မှာ ရောက်ရှိလာပြီး ကိုင်းရွာကနေ ဒီနေ့မနက်မှာ စက်လှေ ၁၀ စီးကျော်နဲ့ ဧရာဝတီမြစ်တစ်ကမ်းမှာရှိတဲ့ ညောင်ကားယားရွာကို ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။

“မနက် ၇ နာရီလောက်ကြီး ဝင်စီးတာ။ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ လူငယ် အယောက်သုံးဆယ်လောက် အဖမ်းခံလိုက်ရတယ်။ ဘုန်းကြီးကျောင်းမှာ စုပြီး ဆရာတော်တွေကိုပါ မိုက်မိုက်ရိုင်းရိုင်းတွေပြောပြီး ပီဒီအက်ဖ်တွေ ဘယ်မှာလဲ။ ခေါင်းဆောင်ဘယ်သူလဲဆိုတာတွေ ရိုက်နှက်ပြီးမေးတာ။ အခုတော့ သူတို့တွေ ပြန်လွတ်လာပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေထဲက တချို့ဟာ နေ့လယ်ပိုင်းမှာ စာသင်ကျောင်းပတ်ဝန်းကျင်က နေအိမ် ၉ လုံးကို မီးရှို့သွားပြီး ပန်းညိုရွာဘက်ကို ဦးတည်သွားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျန်တဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်သင်္ဘောက ဧရာဝတီမြစ်ထဲမှာ ရှိနေသေးတာကြောင့် အဲ့ဒီမီးရှို့ခံထားရတဲ့နေအိမ်တွေကို ဒေသခံတစ်ချို့က ဝင်ရောက်ငြှိမ်းသတ်ပေမဲ့ ရေစုပ်စက်နဲ့ရေစုပ်ဖို့ ၊ဧရာဝတီမြစ်ထဲကို ရေပိုက်ချဖို့ မလွယ်ကူဘူးလို့ ပြောပါတယ်။

ဒါ့ကြောင့် ဘေးပတ်ဝန်းကျင်အိမ်တွေကို မီးမကူးအောင် စောင့်ကြည့်နေကြရပါတယ်။ အခုလို ညောင်ကားရွာဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ် လေယာဉ် ၆ စီးနဲ့ လေကြောင်းပစ်ခတ်မှုလုပ်ခဲ့တယ်လို့ ဒေသခံတွေပြော

 မုံရွာနမခကနေ ရဟတ်ယာဉ်တွေထွက်သွားတဲ့အကြောင်း မုံရွာသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မုံရွာသတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ,  မုံရွာနမခကနေ ရဟတ်ယာဉ်တွေထွက်သွားတဲ့အကြောင်း မုံရွာသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ခဲ့ပါတယ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က နေပူကုန်းနဲ့ ဘုရားလေးကုန်းကျေးရွာကြားကို စစ်ကောင်စီလေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၄ စီးနဲ့ ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေယာဉ် ၂ စီးနဲ့ ရဟတ်ယာဉ် ၂ စီးက တရစပ်ပစ်ခတ်နေပြီး နောက်ထပ် ရဟတ်ယာဉ် ၂ စီးကနဲ့စစ်ကူအင်အားတွေ ချထားခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ဒီအတိုင်းလာပစ်သွားတာ၊ ဂျက်ဖိုက်တာနဲ့ နှစ်ခေါက်ပြန်ပြီးပစ်တာ တစ်နာရီခွဲလောက်ကြာတယ်။ အထိအခိုက်တွေတော့ မသိရသေးဘူး။ ရဟတ်ယာဉ်နဲ့ချသွားတဲ့ စစ်ကောင်စီတပ်တွေက ရွာတွေထဲမှာရှိနေလို့ မဝင်ရဲကြသေးဘူး”လို့ ပြောပါတယ်။

လေယာဉ် နှစ်စီးက တံတားဦးက တက်လာတာဖြစ်ပြီး ရဟတ်ယာဉ်တွေက မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်း စစ်ဌာနချုပ်က ထွက်လာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မုံရွာသတင်းမှန်ပြန်ကြားရေးကလည်း ဒီနေ့မနက် ၁၀ နာရီလောက်မှာ ရဟတ်ယာဉ် နှစ်စီး၊ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်မှာ ရဟတ်ယာဉ်နှစ်စီး ထွက်ခွာသွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လေကြောင်းကနေ ပစ်ခတ်တာကြောင့် နေပူကုန်းနဲ့ဘုရားလေးကုန်းကျေးရွာအပြင် အနားဝန်းကျင်က ကျေးရွာ ၁၂ ရွာလောက်က ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဆီကနေ ရွှေထည်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ကော်ဘရာစစ်ကြောင်း သတင်းထုတ်ပြန်လာ

တိုက်ပွဲအပြီး ကော်ဘရာစစ်ကြောင်းက သိမ်းဆည်းရမိတဲ့ ပစ္စည်းများ

ဓာတ်ပုံ ရင်းမြစ်, Cobra Column

ဓာတ်ပုံ ပုံစာ, တိုက်ပွဲအပြီး ကော်ဘရာစစ်ကြောင်းက သိမ်းဆည်းရမိတဲ့ ပစ္စည်းများ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပိုင်ရှင်ပြည်သူတွေ အထောက်အထားပြပြီး လာရောက်ထုတ်ယူနိုင်တယ်လို့ဆို ကရင်ပြည်နယ်၊ မြဝတီမြို့က တောင်နီကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အခြေချရာနေရာမှာ မနေ့ အောက်တိုဘာ ၇ရက်တုန်းက KNU/KNLA ပူးပေါင်းအဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့သလို ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ခြင်းကြားထဲကနေ RPG ကျည်၊ စားအိုးစားခွက်တွေအပြင် ရွှေထည်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။

ဒါကြောင့် ဒီသိမ်းဆည်းရမိတဲ့ ရွှေထည်တွေကို သက်ဆိုင်ရာပိုင်ရှင်တွေအနေနဲ့ လာရောက်ဆက်သွယ်ထုတ်ယူနိုင်တယ်လို့ ကော်ဘရာစစ်ကြောင်းက ကြေညာထားပြီး ဒီကနေ့ ‌အောက်တိုဘာ ၈ ရက်အထိ ထုတ်ယူဖို့ဆက်သွယ်တာမရှိသေးဘူးလို့ ဆိုပါတယ်။

"တောင်နီရွာနားက တိုက်ပွဲပြီးတော့ခြင်းထဲကနေ ရွှေတွေသိမ်းမိတာပါ။ ရှေ့တန်းရောက် နေတဲ့ စစ်သားတစ်ယောက်မှာဒါတွေဘယ်လိုလုပ်ရှိနိုင်မလဲ။ တိုက်ပွဲစဖြစ်ခဲ့တဲ့ဒီဇင်ဘာကနေ တောက်လျှောက်မှာ သိမ်းဆည်းရမိတယ်။ တခါတလေ သူတို့ရဲ့ရုပ်အလောင်းတွေမှာပါ ခိုးရာပါပစ္စည်းတွေမိတယ်။ ရှေ့တန်းထွက်စစ်သားမှာ အိုင်ဖုန်းကိုင်ထားတာတွေရောပေါ့" လို့ ကော်ဘရာစစ်ကြောင်းက ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီလို စစ်ကောင်စီတပ်သားတွေရဲ့ အရပ်သားပစ္စည်းတွေ ‌ခိုးယူမှုတွေနဲ့ပတ်သက်ပြီး မှတ်တမ်းရယူထားကာ သက်သေအဖြစ်စုဆောင်းထားတယ်လို့ ကော်ဘရာ‌စစ်ကြောင်းကနေ သိရပါတယ်။ ဒါပေမဲ့အခုဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်လာတာ တုံ့ပြန်ပြောဆိုလာတာ တစ်စုံတစ်ရာမရှိသေးပါဘူး။

ဘူးသီးတောင်မှာ ULA အဖွဲ့ဝင် မွတ်ဆလင်တစ်ဦး ပစ်ခတ်ခံရလို့သေဆုံး

ULA,ARSA

ဓာတ်ပုံ ရင်းမြစ်, CJ

ARSA အဖွဲ့က ပစ်ခတ်တာလို့ စစ်ကောင်စီထုတ်ပြန်ထား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာက ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အဖွဲ့ဝင် မွတ်ဆလင်အမျိုးသား တစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ည ၉ နာရီခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ပစ်ခတ်ခံလိုက်ရသူမှာ ဖိုးခေါင်ချောင်းအုပ်စု၊ ကံပြင်ကျေးရွာရာအိမ်မှူး ဦးအာလီအာမောက် ၄၀ နှစ်ခန့်ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့ည ၉ နာရီခန့်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက နေအိမ်တွင်းဝင်ရောက်ကာ ပစ္စတိုနဲ့ ဘယ်ဘက်ရင်အုံကို ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သူ့အသတ်ခံလိုက်ရတာဟုတ်ပါတယ်။ ကျန်တာတော့ ကျွန်တော်ဘာမှမသိဘူးခင်ဗျား”လို့ ဖိုးခေါင်ချောင်းရွာသားတစ်ဦးက ပြောပါတယ်။

ဦးအာလီအာမောက်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူတွေဟာ ARSA အဖွဲ့ဝင်တွေဖြစ်ကြပြီး ဘူးသီးတောင်မြို့နယ်အတွင်းမှာ လှုပ်ရှားနေကြတဲ့ ဒေသခံမွတ်ဆလင်တွေဖြစ်ကြောင်းသိရပါတယ်။

အဖွဲ့ဝင် ခြောက်ဦးခန့်ပါဝင်တဲ့ ARSA အဖွဲ့ဟာ အောက်တိုဘာ ၆ ရက်နေ့ည ၉ နာရီခန့်မှာ သေဆုံးသူ အာလီအာမောက် နေ့အိမ်ရှေ့ကနေ အာလီအာမောက်အား ခေါ်ရာ ထွက်မလာတာကြောင့် ခြံတံခါးကိုချိုးဖျက်ဝင်ရောက်ပြီး နေအိမ်ပေါ်အရောက်မှာ သေနတ်နဲ့ ပစ်ခတ်သွားခဲ့ကြတာလို့ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

အဲ့ဒီအဖွဲ့ဟာ အာလီအာမောက်ကိုသေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဇနီးနဲ့ သမီးဖြစ်သူတို့ကိုလည်း ရိုက်နှက်ကန်ကျောက်မှုတွေ ပြလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပစ်ခတ်ခဲ့တဲ့ ARSA အဖွဲ့ဝင်တွေထဲမှာ တစ်ရွာတည်းနေထိုင်သူ အသက် ၃၂ နှစ်အရွယ် အာဘူလာရှိမ်ဆိုသူပါဝင်ပြီး သူတို့ဟာဟာ စိမ်းညှင်းပြားကျေးရွာဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာတွေမှာ ARSA အဖွဲ့တွေဝင်ရောက်ကာ ဓါးပြတိုက်လူသတ်တာတွေကို မကြာခဏဆိုသလို ကြုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှု ၇ ထောင်ကျော်ရှိလာတယ်လို့ ISP ထုတ်ပြန်

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းထိုးပစ်ခတ်တာကြောင့် ကလေးငယ်တွေအပါဝင် အရပ်သား ၁၃ ယောက် သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ဘေးရှောင်ကူညီရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းထိုးပစ်ခတ်တာကြောင့် ကလေးငယ်တွေအပါဝင် အရပ်သား ၁၃ ယောက် သေဆုံးခဲ့ပါတယ်

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်အတွင်း သေဆုံးခဲ့တဲ့ အရပ်သားဦးရေဟာ ၇,၁၅၈ ယောက်ခန့်ရှိနေတယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

အဲဒီသေဆုံးသူတွေထဲက အယောက် ၂,၃၀၀ နီးပါးဟာ ဆန္ဒပြနေချိန် ပစ်ခတ်ခံရပြီးသေဆုံးသူတွေနဲ့ စစ်ကောင်စီက ဖမ်းဆီးထားချိန်မှာ သေဆုံးတဲ့သူတွေဖြစ်တဲ့အကြောင်း၊ နောက်ထပ် ၁,၃၁၇ ယောက်ကတော့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ ထိခိုက်သေဆုံးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် စစ်ကောင်စီသတင်းပေး ဒလန်ဆိုပြီး စွပ်စွဲသတ်ဖြတ်ခံရသူက ၃,၅၄၂ ယောက်ရှိတယ်လို့လည်း စစ်ကောင်စီရဲ့စာရင်းကို ကိုးကားပြီး ISP က ထုတ်ပြန်ထားပါတယ်။

ISP Myanmar ထုတ်ပြန်ချက်အရ အရပ်သားသေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းက ၁၅၁၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ ၃၇၉ ယောက်နဲ့ မကွေးတိုင်းကဖြစ်တယ်လို့ သိရပါတယ်။

ဒ့ါအပြင် စစ်ကောင်စီက ဖမ်းဆီးထားချိန်မှာ သေဆုံးသူ ၇၀၁ ယောက်ဖြစ်ပြီး အမျိုးသား ၆၂၉ ဦး၊ အမျိုးသမီး ၃၈ ဦးထက်မနည်း ၊ LGBT တစ်ဦးနဲ့ ကျား- မ အတည်မပြုနိုင်သူ ၃၃ ဦးရှိတယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ စစ်ကောင်စီက ဖမ်းဆီးထားချိန် စစ်ကြောရေးစခန်း၊ တပ်စခန်း၊ ရဲအချုပ်ခန်းတွေမှာ သေဆုံးသူ၊ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ မီးရှို့သတ်ဖြတ်ခံရသူနဲ့ တိုက်ပွဲအတွင်းမှာ လမ်းပြည်အဖြစ် ဖမ်းဆီးခံရပြီး သေဆုံးသူတွေဖြစ်တယ်လို့ ISP ကဖော်ပြပါတယ်။

သေဆုံးသူ အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ၊ စာသင်ကျောင်းကို လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် အမျိုးသား ၈ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကျား-မ အတိအကျမသိရသူ ၁ ဦးတို့သေဆုံးပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇ ယောက်လည်း ပါဝင်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ်တောင်းခံမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီမှာ နယ်မြေသတ်မှတ်ပေးခွင့်မရှိဘူးလို့ NUG ပြော

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဝ၊ မိုင်းလားနဲ့ SSPP တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ စက်တင်ဘာလမှာတွေ့ဆုံခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, True News committee

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဝ၊ မိုင်းလားနဲ့ SSPP တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ စက်တင်ဘာလမှာတွေ့ဆုံခဲ့ကြ

တိုင်းရင်းသားလက်နက်ကိုင်တချို့က စစ်ကောင်စီနဲ့တွေ့ဆုံပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေ တောင်းဆိုနေကြတာတွေ ရှိနေပြီး စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်တဲ့အတွက် ဒီလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေကိုသတ်မှတ် ပေးခွင့်မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ခုခံစစ် တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

“စစ်ကောင်စီက သူတို့အာဏာမြဲဖို့ အပေးအယူတွေနဲ့ ကစားနေကြတာ၊ သူတို့ကို လူထုက အာဏာအပ်နှင်းထားတာမဟုတ်ဘူး၊ နယ်မြေပေးခွင့်မရှိဘူး။ ဒါကို သူတို့နဲ့ စကားပြောပြီး နယ်မြေရယူမယ်ဆိုတာဟာ လူထုဆန္ဒလည်းမပါဘူး၊ ဥပဒေအရလည်း အခြေအမြစ်မရှိဘူး၊ဒါကို စစ်ကောင်စီနဲ့စကားပြောနေရင် စစ်ကောင်စီကို ဘယ်သူက ဘယ်တုန်းက ဘာတွေယုံခဲ့ကြလို့လဲ။ ဆိုတော့ စစ်ကောင်စီနဲ့ပြောထားတာတွေဟာ လေထဲမှာပျောက်ကွယ်သွားနိုင်တယ်ဆိုတာ တိုင်းရင်းသားပြည်သူ အကုန်လုံး သိပြီးသား”လို့ NUG အစိုးရအဖွဲ့ဝင် ဦးထင်လင်းအောင်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ကြားကာလ အခြေခံဥပဒေ ရေးဆွဲတာတွေ၊ ကြားကာအစိုးရပေါက်ပေါက်ဖို့ ဆောင်ရွက်နေတာတွေလုပ်ဆောင်နေပြီး တော်လှန်ရေးအပြင် တည်ဆောက်ရေးအတွက်ပါ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ လည်း ဦးထင်လင်းအောင်က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA နဲ့ စက်တင်ဘာလအတွင်းမှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ပေးဖို့ UWSA က တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မိုင်းလားအဖွဲ့ကလည်း ပြည်နယ်ပေးဖို့ တောင်းဆိုခဲ့သလို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကလည်းဗမာပြည်နယ်သတ်မှတ်ဖို့ စစ်ခေါင်းဆောင်ကိုတောင်းဆိုခဲ့ပါတယ်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို အလုပ်နဲ့ ထောင်ဒဏ် (၃) နှစ် စစ်ကောင်စီ ချမှတ်

Journalists

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, သတင်းစာဆရာ ဦးစည်သူအောင်မြင့်

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို စွဲဆိုထားတဲ့ပုဒ်မတွေအနက် လှုံ့ဆော်မှု၊ မမှန်သတင်းဖြန့်ဝေမှု ပုဒ်မ ၅၀၅-က နဲ့ အင်းစိန်ထောင်တွင်းအထူးတရားရုံးက အောက်တိုဘာ ၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေကပြောပါတယ်။

ဦးစည်သူအောင်မြင့်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၅ ရက်နေ့မှာ ဗဟန်းမြို့နယ်မှာ ဘီဘီစီမီဒီယာအက်ရှင်ရဲ့ အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်နဲ့အတူ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ ၅၀၅-က အပြင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့လည်းအမှုဖွင့်ထားတာဖြစ်ပါတယ်။ ဦးစည်သူအောင်မြင့်ကို တစ်သက်တစ်ကျွန်းထောင်ဒဏ်အထိချမှတ်နိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ - ၁၂၄(က) ဖြင့်ပါ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးတွင် တရားစွဲဆိုထားပြီး ဒီအမှုကို ဦးစည်သူအောင်မြင့် ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မထက်ထက်ခိုင်ကိုတော့ ပုဒ်မ ၅၀၅ (က) ၊ မတရားသင်း ဆက်သွယ်မှု ပုဒ်မတို့နဲ့ အလုပ်နှင့် ထောင်ဒဏ် စုစုပေါင်း (၆) နှစ် ချမှတ်ပြီးဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်ဟာ ပုဒ်မ ၁၂၄​(က) အပြင် နောက်ထပ် ၅၀၅ -က အမှုနှစ်ခုကို ဗဟန်းမြို့နယ်တရားရုံးမှာ ဆက်လက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။

ဘုတလင်မှာ ကြက်ဥသယ်တဲ့ကား ပစ်ခတ်ခံရလို့ နှစ်ဦးဒဏ်ရာရ

 အရာတော်မြို့အဝင်နေရာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အရာတော်မြို့အဝင်နေရာ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ထဲက ကြေးရုပ်အနီးမှာ အောက်တိုဘာ ၇ ရက် ညနေ ၆ နာရီခွဲလောက်က ကြက်ဥသယ်လာတဲ့ ခွေးဘီလူးယာဥ်အမျိုးအစား ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့အတွက် ကားပေါ်မှာရှိနေတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသွားတဲ့အမျိုးသားက မုံရွာနဲ့ဘုတလင်ကို ကူးသန်းသွားလာပြီး ကြက်ဥရောင်းချနေတဲ့ လုပ်ငန်းလုပ်ကိုင်သူတစ်ယောက်ဖြစ်ပြီး အမျိုးသမီးကတော့ သူ့ရဲ့အလုပ်သမားဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အမျိုးသားက ခေါင်းကိုထိတယ်၊ အမျိုးသမီးက ဗိုက်ကိုမှန်တယ်။ ဒီနေ့မနက်အထိ ကြားရတာကတော့ မှန်စတွေ မထုတ်ရသေးဘူး။ မိသားစုနဲ့လည်း တွေ့ခွင့်မရကြသေးဘူးပြောတယ်။ မြို့ထဲမှာ ဖြစ်သွားတာ၊ တိုက်ပွဲတွေ၊ ဗုံးခွဲခံရတာတွေလည်း မရှိပါဘူး။ ကားမြင်တာနဲ့ကို ကင်းပုန်းဝပ်နေတဲ့ စကစ်တွေက တရစပ်ပစ်တာ” လို့ ဘုတလင်မြို့နယ် ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဘုတလင်မြို့မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ထားပြီး အခုဖြစ်တဲ့ ပစ်ခတ်မှုက ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဖြစ်တာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီဘက်ကတော့ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ သတင်းထုတ်တာမရှိသေးပါဘူး။

ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိတယ်လို့ အေအေထုတ်ပြန်

Arakan Army

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, အေအေက ထုတ်ပြန်လာတဲ့ ဖမ်းဆီးရမိလက်နက်များ

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင် (ခမီ)ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေဘက်က အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ကျောက်စာတိုင်ကျေးရွာနဲ့ ၁ ဒသမ ၃ ကီလိုမီတာအကွာမှာ အောက်တိုဘာ ၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲကစတင်ပြီး ငါးနာရီခန့်အကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၇ ဦးကျဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ ဒါ့အပြင် အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီကျော်မှာလည်း ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာရဲ့ အရှေ့ဘက်မှာ မိနစ် ၂၀ ခန့်အကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြသလို အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီမှာလည်း ဖရုံချောင်းကျေးရွာအနောက်ဘက်မှာ မိနစ် ၂၀ ခန့်အကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။ အခုလအတွင်း စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေအတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေကြပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်NLD လွှတ်တော်အမတ် ကိုမျိုးမျိုးကျော် သေဆုံးမှု မရှိ

NLD MP

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, NLD မိုးညှင်းပြည်နယ်လွှတ်တော်အမတ် ဦးမျိုးမျိုးကျော်(ခ) ဦးမျိုးကျော်

စစ်ကြောရေးမှာသေဆုံးပြီလို့ သတင်းတွေထွက်ပေါ်နေတဲ့ မိုးညှင်းမြို့နယ် အမှတ်(၇ ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးမျိုးကျော် (ခ) ကိုမျိုးကျော် ဟာ အသက်ရှင်နေသေးတယ်လို့ ၄င်းနဲ့ နီးစပ်သူတွေထံကသိရပါတယ်။ ကိုမျိုးကျော်ဟာ သြဂုတ်လ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့နယ် အထွက် မိုးကောင်းမြို့နယ်အဝင် ၂၁ မိုင်ဂိတ်မှာ သူအပါအဝင် နှစ်ဦးကို မြစ်ကြီးနားကနေ မိုးညှင်းမြို့ကို အပြန်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုမျိုးကျော်ဟာ စက်တင်ဘာ တတိယပတ်မှာ စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ အောက်တိုဘာလအရောက်မှာတော့ ကိုမျိုးကျော် အသက်ရှင်နေကြောင်းနဲ့ ဒီအောက်တိုဘာလထဲမှာ ရုံးချိန်းရှိကြောင်း၊ ရုံးချိန်းကိုသွားရောက်ဖို့ ကိုမျိုးကျော်ရဲ့မိဘတွေ စီစဉ်နေကြောင်းသိရပါတယ်။ ရုံးချိန်းရက်ကတော့ လာမယ့် အောက်တိုဘာ ၁၂ ရက်နဲ့ ၁၃ ရက်လောက်မှာဖြစ်နိုင်ကြောင်းနဲ့ ကိုမျိုးကျော်ကို ထောင်ပြောင်းဖို့ စစ်ကောင်စီက စီစဥ်နေတယ်လို့လည်း ကြားသိရကြောင်း နီးစပ်သူတွေက ပြောပါတယ်။ “ကိုမျိုးကျော်သတင်းက ပထမကတော့ ပါတီက လူကြီးက သူရဲ့ဆက်သွယ်မှုအရ ဆုံးသွားတယ်လို့ ပြောတယ်။ အခုနောက်ပိုင်းကျတော့ ဆုံးသွားတာမဟုတ်ဘူး ။ ဒါကလည်း ခိုင်လုံပါတယ်။ ခိုင်လုံတယ်ဆိုတာက သူ့ရဲ့မိသားစုတွေနဲ့ ဖုန်းအဆက်အသွယ်ရတယ်လို့ ပြောတယ်ဗျ။ သေဆုံးမှု မရှိတာတော့ သေချာခိုင်မာပါတယ်”လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်ကဆိုပါတယ်။ ဒါ့အပြင် ကိုမျိုးကျော်ကို စစ်ကောင်စီက ဘယ်ပုဒ်မနဲ့ တရားစွဲထားပြီး ဘယ်တရားရုံးမှာ အမှုရင်ဆိုင်ရမယ်ဆိုတာကိုတော့ သေချာမသိနိုင်သေးဘဲ​လာမယ့်ရုံးချိန်းကျမှသာအတိအကျသိနိုင်မယ်လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

ရခိုင်အခြေစိုက် Narinjara သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော် ကို စစ်ကောင်စီ ပုဒ်မ နှစ်ခုနဲ့အမှုဖွင့်

Rakkhine State

ဓာတ်ပုံ ရင်းမြစ်, U Khine Myat Kyaw facebook

ဓာတ်ပုံ ပုံစာ, အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို အမှုဖွင့်အရေးယူထားကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးတစ်ခုဖြစ်တဲ့ ရခိုင်နေ့စဉ်ကနေ အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန်လာတာတွေ့ရပါတယ်။ Narinjara သတင်းဌာနမှာ စက်တင်ဘာ ၂၉ ရက်နေ့ကဖော်ပြခဲ့တဲ့ မြောက်ဦးမြို့ပေါ်က မိုင်းပေါက်ကွဲပြီး အရပ်သားတစ်ဦးသေဆုံးခဲ့ရတဲ့ဖြစ်စဉ်သတင်းနဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းရေးသားတယ်ဆိုပြီး အခုလိုအမှုဖွင့်ထားတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ အခုလ ၅ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှာ စစ်တပ်က တရားစွဲခဲ့တာဖြစ်ပြီး ဦးခိုင်မြတ်ကျော်ကို (ပ)၂၄၃/၂၀၂၂၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က တို့နဲ့ အမှုဖွင့်လှစ်ထားပြီး ဖမ်းဆီးဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “အမှုဖွင့်ထားတယ်လို့တော့ သူတို့ page မှာရေးထားတာတော့တွေ့တယ်။ အခုလို အမှုဖွင့်ထားတယ်ဆိုတာ အသိပေးအကြောင်းကြားတာမျိုးတော့မရှိဘူး”လို့ သတင်းဌာနရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီသတင်းမှာ မြောက်ဦးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ကျောက်ရာဇ်ကေ ရပ်ကွက်၊ မြင်းခုန်တန်းကန်အနီး မင်းသားကျွန်းတံတိုင်းနားမှာမိုင်းပေါက်ကွဲမှုကြောင့် မြို့သစ်ရပ်ကွက်နေ ကိုသန်းနိုင်ကျော်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ကိုသန်းနိုင်ကျော်နင်းမိခဲ့တဲ့မိုင်းဟာ စစ်တပ်ကထောင်ထားတဲ့မိုင်းဖြစ်ကြောင်း ဒေသခံတွေရဲ့ပြောဆိုမှုကို ကိုးကားပြီး Narinjara က ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းအခြေစိုက်နေတဲ့သတင်းဌာန ငါးခုရှိတဲ့အနက် သက်တမ်းအရင့်ဆုံးဖြစ်တဲ့ Narinjara သတင်းဌာနကို အခုလိုအမှုဖွင့်အရေးယူမှုတွေပြုလုပ်လာသလို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း Western news ရဲ့ အယ်ဒီတာချုပ် ဝဏ္ဏခွာညိုနဲ့ သတင်းထောက်တစ်ဦးကိုလည်း စစ်တပ်အပေါ် ဂုဏ်သိက္ခာညှိုးနွမ်စေတဲ့ သတင်းတွေရေးသားခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့အမှုဖွင့်ခံထားရပါတယ်။ ဒါ့အပြင် Development media group ရဲ့ အမှုဆောင်အယ်ဒီတာ ဦးအောင်မင်းဦးနဲ့ သတင်းထောက်တချို့တို့ကိုလည်း စစ်တပ်နဲ့ပတ်သက်လို့ သတင်းမှားတွေရေးသားခဲ့တယ်ဆိုပြီး အလားတူအမှုဖွင့်ရေးယူခြင်းခံနေကြရတာလည်းဖြစ်ပါတယ်။

ဦးခိုင်မြတ်ကျော်ဟာ ဘီဘီစီသတင်းဌာနမှာလည်း နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လာမယ့်နှစ်ဟာ ပိုပြီးမှောင်တဲ့ ၊ ပိုမိုခက်ခဲတဲ့ ခရီးကြမ်းကို ဖြတ်သန်းရမှာဖြစ်ပြီး အဆုံးအဖြတ်နှစ်လို့ NUG သတ်မှတ်

အာဏာသိမ်း စစ်ကောင်စီကို လာမယ့်နှစ်မှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာတွေနဲ့ ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်မယ့် စီမံချက်ကို NUG က ပြင်ဆင်နေပြီး အဲဒီတစ်နှစ်တာကာလဟာ မနက်မလင်းခင် ပိုမှောင်တဲ့ကာလကို ဖြတ်သန်းရသလို ပိုပြီးကြမ်းတမ်းတဲ့လမ်းကို ဖြတ်ကျော်ရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

NUG

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, NUG အစိုးရအဖွဲ့

အမျိုးသားညီညွတ်ရေးအစိုးရက 'ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့အစီရင်ခံတင်ပြခြင်း' ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ပြည်သူ့ခုခံစစ် တစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ရေးအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် ခုခံကာကွယ်ရုံသာမက ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့အင်အားကို တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပူးပေါင်းထားနိုင်တဲ့အကြောင်း၊ NUG နဲ့ တိုင်းရင်းသားမဟာမိတ်တွေရဲ့ နယ်မြေစိုးမိုးမှုဟာ တစ်နိုင်ငံလုံး ဧရိယာရဲ့ ၅၀ ရာခိုင်နှုန်းကျော်နေပြီလို့လည်း ပြောပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေး ပြိုလဲနေတဲ့နေရာတွေမှာ ကြားကာလအုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်သလို ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းထားတဲ့အကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် အချုပ်ခန်း ၂၀ ကျော်တည်ဆောက်ထားပြီး အမှုအခင်း ၁၁၆ ခုကို စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။ ပြည်တွင်းမှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ဖျက်မယ်ဆိုတဲ့ ဘုံသဘောတူချက်ချက်ကို ရယူနိုင်ခဲ့တဲ့အကြောင်း၊ နိုင်ငံတကာမှာလည်း စစ်ကောင်စီက ကျူးလွန်တဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်ဒဏ်တွေ၊ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာတရားစီရင်ရေးတွေမှာ တရားမျှတမှုရဖို့ ကြိုးစားနေတယ်လို့လည်း NUG က ပြောပါတယ်။

ပြီးခဲ့တဲ့ ကာလဟာ တော်လှန်ရေးအတွက် အခြေခံအုတ်မြစ်တွေကို တည်ဆောက်ခဲ့တာဖြစ်ပြီး လာမယ့်ကာလကတော့ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့်နှစ်လို့ ခံယူတဲ့အကြောင်း ၊ ဒါ့ကြောင့် မလျှော့တဲ့ဇွဲ၊ လုံ့လတို့နဲ့ တချီတည်းရုန်ကြဖို့ အချိန်တန်ပြီလို့ NUG က ထုတ်ပြန်ကြေညာခဲ့ပါတယ်။