ဘေဂျင်းကို ကယ်တင်ဖို့ ရေလွှမ်းခံလိုက်ရတဲ့ တရုတ်မြို့ တမြို့

China
ဓာတ်ပုံ ပုံစာ, ရေဘေးကြုံရတဲ့ မြို့ခံတွေကို ဘူဒိုဇာ မြေတူးယာဉ်တွေ သုံးပြီး ကယ်တင်ရ
ရေးသားခဲ့သည်။

စတီဗင် မက်ဒေါ်နယ်

ဘီဘီစီ သတင်း၊ ဟဲပေ ပြည်နယ်၊ တရုတ်နိုင်ငံ

ဒီသီတင်းပတ် အစောပိုင်းက ဘေဂျင်းအနောက်ပိုင်းမှာ ရုတ်တရက် ရေကြီးလာ တာက လူအသေ အပျောက်တွေပိုများလာ၊ ရေစီးက တံတားတွေကို တိုက်လှဲသွား တာ၊ ဒါဇင်နဲ့ ချီတဲ့ ကားတွေကို ရေစီးထဲ မျောပါသွားစေတာ စတဲ့အဖြစ်တွေနဲ့ အတူ မြို့တော်မှာ ကသောင်းကနင်းတွေ ဖြစ်လာတော့ ထိုးကျလာတဲ့ရေတွေကို လမ်းလွှဲ ပေးဖို့ ဆုံးဖြတ်ကြပါ‌တော့တယ်။

သိပ်မကြာခင်မှာပဲ သက်ရောက်မှုကို တွေ့လိုက်ကြရပါတယ်။ မြို့တော်ကို စီးလာ တဲ့ရေတွေ နည်းသွား ပါပြီ၊ ဒါပေမဲ့ ရေတွေက တခြားနေရာကို ရောက်သွားပါတယ်။

အင်္ဂါနေ့က မြို့တော်နဲ့ ကပ်ရက် ဟဲပေပြည်နယ်ထဲက ကျိုကျိုးမြို့မှာ မြို့ခံတွေ လုံးဝ မှန်းဆ မထားတဲ့ ရေကြီးတဲ့ဒဏ်ကို ခံရပါတယ်။

ရေတွေ ကာဆီးနေလို့ မြို့ကဘေးပတ်ဝန်းကျင်နဲ့ အဆက်ပြတ်သွားကာ အဆောက်အဦတွေက ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းတွေလို ဖြစ်သွားပါတယ်။ လျှပ်စစ်မီးတွေ၊ သောက်ရေတွေလည်း ပြတ်တောက် သွားပါတယ်။

မြို့ခံတွေအားလုံး ဒုက္ခတွေ့သွားပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေအဖို့ ရေဘေးဒဏ်ခံနေရသူတွေဆီရောက်နိုင်ဖို့ လှေတွေကို အဓိကအားကိုးကြရပါတယ်။ ဒါပေမဲ့ လူဦးရေပိုများ တဲ့ ဘေဂျင်းမှာ ကယ်ဆယ်ရေးကို ပိုအာရုံစိုက်ထားရတဲ့ အတွက် လှေတွေက ဒီမှာ သိပ်ကို မလုံ မလောက် ဖြစ်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကူညီကယ်ဆယ်ရေး အင်အား ပိုများလာပါတယ်။

မီးသတ်ဌာနက ကယ်ဆယ်ရေးအဖွဲ့တွေ အများအပြားရောက်လာပြီး ရေမလွှမ်း သေးတဲ့ နေရာတွေမှာ အခြေစိုက်ကာ မြစ်အသွင်ကိုပြောင်းသွားတဲ့ လမ်းတခုမှာ လှေတွေကို စီတန်း နေရာချပါတယ်။ နောက်တော့ အဲဒီ စက်တပ် လေသွင်းလှေ တွေကို ရေလွှမ်းနေတဲ့ မြို့လယ်ကို မောင်းချလာကြကာ လူတွေကို ကယ်ဆယ်ကြ ပါတယ်။

ဘူဒိုဇာ မြေတူးစက် ကားတန်းတွေကလည်း မြို့ကိုရောက်လာပါတယ်၊ ဒီယာဉ်တွေက ကျောက်တုံးတွေ၊ မြေကြီးတွေကို တူးဖော်ဖို့ မဟုတ်ပါဘူး။ လူတွေကို ကယ်တင်ဖို့ပါ၊ လူတွေဟာ သူတို့ပိုင်ဆိုင်တဲ့အထဲက ပစ္စည်းအနည်းအကျဉ်းသာယူပြီး ဘေးလွတ်ရာ ရောက်ဖို့ ဒီယာဉ်တွေ အပေါ် တက်ရပါတယ်။ ဘူဒိုဇာယာဉ်ရှေ့က မြေကြီးထိုးကော် တဲ့ ဂေါ်ကြီးထဲ ရေဘေးဒုက္ခသည်တွေ အပြည့်ပါ။

China
ဓာတ်ပုံ ပုံစာ, သူတို့အိမ်တွေကို ရေတွေလွှမ်းသွားတော့ သူတို့ပိုင်ဆိုင်သမျှ အားလုံး ဆုံးရှုံး သွားပြီလို့ တချို့ မြို့ခံတွေက ပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ခိုလှုံရာအဆောင်တွေဆီ ဒေသခံတွေရောက်လာတဲ့အခါ အသက်ကြီးသူတွေကို သူတို့ ရဲ့ မိသားစုဝင်တွေက ဖြစ်ဖြစ်၊ အိမ်နီးနားချင်းတွေက ဖြစ်ဖြစ် ကူညီကြပါတယ်။ သူတို့ကို ကြည့်ရတာ တုန်လှုပ်နေကြပုံရပေမယ့် ဘေးကင်းလုံခြုံရာကို ရောက်ပြီမို့ စိတ်သက်သာရာ ရနေတာကို တွေ့ရပါတယ်။

“ဘာမှ ကျွန်မတို့ မယူနိုင်ပါဘူး” လို့ အမျိုးသမီးတယောက်ကပြောပါတယ်၊ ဒါပေမဲ့ သူက ပြုံးရင်း ပြောတာပါ၊ သူ့ရင်ခွင်ထဲမှာ လသားအရွယ် ကလေးတယောက်ကို ပွေ့ထား ပါတယ်။ သူက ကလေးကို ငုံ့ကြည့်ရင်း “ကျွန်မတို့ ကလေး လုံခြုံဘေးကင်း အောင် ချက်ချင်းပဲ ထွက်လိုက်လာတာ” လို့ ပြောပါတယ်။

သူ့‌ဘေးက သူ့ထက် အသက်နည်းနည်းပိုကြီးတဲ့ အမျိုးသမီးက “ကျွန်မတို့နားက တိုက်တန်းတွေအားလုံး ရေကြီးနေပြီ၊ တချို့ဆိုရင် ဒုတိယအလွှာအထိ ရေက တက်နေတာ” လို့ ဆိုပါတယ်။

ရေလွှမ်းနေတဲ့ သူတို့ရဲ့အိမ်တွေကနေ ထွက်လာကြရတာ၊ သူတို့ ရှိသမျှ အားလုံး ဆုံးရှုံး သွားပြီလို့ တချို့လူတွေက ပြောပါတယ်။ ဒါပေမဲ့ အစိုးရ မီးသတ်သမားတွေ သူတို့ ဆီလာပြီး ကယ်ဆယ်ကြတာကို သူတို့ သိပ်ကို ဝမ်းမြောက်ပြီး ကျေးဇူးလည်း တင်ကြပါတယ်။ ရေဘေးဒဏ်ခံရသူတွေကို ဘေဂျင်းမှာ ကယ်တင်ရင်း ကယ်ဆယ် ရေး လုပ်သားအများအပြား သေဆုံးခဲ့ရပါတယ်။

ရေဘေးကြုံရသူတွေ စာရင်းသွင်းရာနေရာမှာ အမျိုးသမီးတယောက်က လက်ကိုင် လော်စပီကာတလုံးနဲ့ ရောက်လာတဲ့သူတွေ ဘယ်နေရာမှာ ဘာအကူအညီတွေ ရနိုင် တယ်ဆိုတာကို လမ်းညွှန်ပေးနေပါတယ်။ သူတို့ ဒီလိုလုပ်ပေး နေကြတာကို သူက ဂုဏ်ယူပါတယ်။ သူလည်း သူ့အိမ်ကနေ မထွက်ခွာနိုင်ခင် သူ့ရင်ဘတ်လောက် ထိ မြင့်လာတဲ့ ရေကြီးတာကို ကြုံခဲ့ရပြီး အဲဒီတုန်းက သိပ်ကို စိုးရိမ်ခဲ့ရဖူးပါတယ်။

တက်လာတဲ့ရေပမာဏနဲ့ အချိန်မြန်မှု အတိုင်းအတာက သူ မယုံနိုင်လောက်အောင် ဖြစ်ခဲ့တာပါ။ “ဒီလောက်ဆိုးမယ်လို့ ကျွန်မတို့ မှန်းမထားဘူး” လို့ သူက ပြောပါတယ်။ “ရေတွေက တက်လာ၊ တက်လာလိုက်တာ၊ ကျွန်မတို့ ကြောက်လိုက်တာ။”

ဘေဂျင်းက အကျပ်အတည်းကို ထိန်းသိမ်းနိုင်ဖို့အတွက် ဒီဒဏ်ကို ပြောင်းခံကြရ တာမို့ ဒီအပေါ် ဟဲပေပြည်နယ်မှာ မကျေနပ်ကြတာတွေလည်း ရှိပါတယ်။

ဆက်နေတဲ့ ဆည်တွေ၊ ရေလှောင်ကန်တွေ၊ ရေနုတ်မြောင်းတွေကို သုံးပြီး မြို့တော်ကနေ ရေတွေကို မြို့တော်ထက် လူဦးရေနည်းပါးတဲ့ ဟဲပေပြည်နယ် တချို့နေရာတွေဆီကို လွှဲပို့လိုက်တာပါ။

China
ဓာတ်ပုံ ပုံစာ, ကယ်ဆယ်ရေး စခန်းတွေမှာ ရေဘေးဒဏ်ခံရသူ ‌ဒေသခံတွေ စာရင်းသွင်းကြ

သူတို့ဘက်ဆီမှာ အန္တရာယ်တွေကြုံရနိုင်တဲ့ ရေတွေလွှဲလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက် ပေမဲ့ သူတို့ဆီကို သတိပေး ချက်တွေ ရသင့်တဲ့အတိုင်းအတာအထိ ကြိုကြိုတင်တင် မရခဲ့ဘူးလို့ ကျိုကျိုးဒေသခံတွေက လူမှုမီဒီယာတွေမှာ မကျေမနပ် ရင်ဖွင့်ကြ ပါတယ်။

ကွန်မြူနစ်ပါတီရဲ့ ဟဲပေပြည်နယ်ဆိုင်ရာ အတွင်းရေးမှူးက ‌ဘေဂျင်းကို ကာကွယ်ဖို့ သူတို့ ပြည်နယ်က “ကျုံး” သဖွယ်လုပ်ကာ အတားအဆီး လုပ်ပေးနိုင်ခဲ့ပြီလို့ ဂုဏ် တယူယူနဲ့ ကြေညာတဲ့အခါ လူတွေက ဒေါသတွေ ပိုထွက်လာပါတယ်။

လူတွေက လူမှုမီဒီယာတွေမှာ သူတို့အမျက်တွေကို သွန်ချကြပါတယ်။

“သူကဟဲပေ ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူးလား၊ ဘေဂျင်း ပါတီအတွင်းရေးမှူးလား၊ ငါတော့ စိတ်ရှုပ်စရာဖြစ်နေပြီ” လို့ တယောက်က ‌ရေးပါတယ်။

တယောက်ကရေးတာ ပိုပြတ်ပါတယ်၊ “အာဏာပိုင်တွေက သူတို့ရဲ့ အထက်ကိုပဲ ဂရုစိုက်တာ၊ ဂုဏ်ပြုပါတယ်၊ သူတော့ ရာထူးတက်မယ်၊ ဒါပေမဲ့ ရိုသေလိုက်နာရတဲ့ ဟဲပေက သန်း ၇၀ သောဒေသခံတွေအဖို့ကတော့ ကိုယ်ကျိုးတွေကို စွန့်လွှတ် အနစ်နာ ခံရတာ ပေါ့” လို့ သူက ရေးပါ တယ်။

ရေကြီးတဲ့ဒဏ်ဖြေလျှော့ဖို့ လုပ်ထားတဲ့ စနစ်ကို အဲဒီအတိုင်းပဲ လုပ်ထားတာက ပြဿနာလို့ သျှိုမြောင် ၃ သွယ် ရေကာတာကြီးကို ဝေဖန်ပြီးနောက်ပိုင်း အခု ပြည်ပ မှာ နေထိုင်နေတဲ့ တရုတ် အင်ဂျင်နီယာ ဝန်ဝေလောင်က ဆိုပါတယ်။

“တရုတ်ရဲ့ ရေထိန်းစနစ်က ရေကြီးလာရင် ဘေဂျင်း၊ ထျန်းကျင်း၊ ရှန်ဟိုင်း စတဲ့ အရေးကြီး မြို့ကြီးတွေကို ဦးစားပေး ကာကွယ်တဲ့ပုံစံကို လုပ်ထားတာ၊ တောနယ် ဒေသက ဦးစားပေးအဆင့်ရဲ့ ဟိုးနောက်ဆုံးပိုင်းမှာပါ။ ဒီစနစ် အရ မြို့ငယ် တွေမှာ နေတဲ့ သာမန်လူတွေက ဦးစား‌ပေးအဆင့် အောက်ဆုံးပိုင်းမှာ ရှိပြီး နယ်မှာ နေတဲ့သူ တွေဆိုရင် သူတို့ရဲ့ အကျိုးစီးပွားအတွက် အလေးဂရုထား ခံရတာမျိုး ဘာမှ မရပါ ဘူး” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဟဲပေကို ရေတွေမလွှဲဘူးဆိုရင် အစိုးရအတွက် တခြား ရွေးချယ်စရာ ရှိပါ ရဲ့လား။

ရွန်ဒင်း မြစ်ခြေမှာ ဂေါက်သီးကွင်းတွေ အတော်များများရှိပြီး အဲဒီကွင်းတွေထဲ ရေလွှဲလို့ရနိုင်တယ်လို့ မစ္စတာ ဝန်က ပြောပါတယ်။

“အဲဒီနေရာတွေကို ရေလွှဲခြင်းအားဖြင့် စီးပွားရေးအရကော၊ လူ့ဘဝတွေ၊ အသက် အိုးအိမ်တွေအပေါ် သက်ရောက်မှု အရကော အထိအခိုက် အနည်းဆုံးကို ရနိုင်ပါ တယ်။ ဒါပေမဲ့ နိုင်ငံရဲ့ ရေကြီးမှု ထိန်းသိမ်းရေး ဦးစားပေးစနစ်တွေကနေ အကျိုး ဖြစ်နေတဲ့သူတွေက ဒီ ဂေါက်ကွင်းတွေမှာ ကစားနေတဲ့သူတွေလေ” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ တခြား ကျွမ်းကျင်သူတွေက ရေတွေကို ဒီလိုလွှဲတာက “ပိုကြီး အရေးကြီးတဲ့ ဧရိယာတွေကို” ထိန်းသိမ်းကာကွယ်တာဖြစ်တယ်လို့ ဆိုရင်း တရုတ်အစိုးရရဲ့ သေနင်္ဂ ဗျူဟာကို ကာကွယ်ပါတယ်။

“ရေထိန်းတဲ့ဇုန်တွေ၊ ဖြန့်ထုတ်ချပေးလိုက်တဲ့ဇုန်တွေက ရေကြီးတာကို ထိန်းချုပ်မှုမှာ အရေးကြီးတဲ့ အပိုင်းကနေ ပါဝင်ပါတယ်၊ ဒါပေမဲ့ အဲဒီဇုန်တွေမှာ လူတွေအများကြီး နေနေကြတာပါ” လို့ တရုတ် ရေအရင်းအမြစ်နဲ့ ရေအားလျှပ်စစ်သုတေသန အင်စ တီကျုက လက်ထောက် အင်ဂျင်နီယာချုပ် ချန် ရှင်တောင်က နိုင်ငံပိုင် မီဒီယာကို ပြော ပါတယ်။

“ဒီလူတွေလည်း တရုတ်နိုင်ငံရဲ့ ပြည်သူပြည်သားတွေပါ၊ သူတို့လည်း ရယူခံစား ပိုင်ခွင့်ရှိပါတယ်၊ သူတို့ပဲ အနစ်နာခံရမယ်လို့ မဆိုလိုပါဘူး။ ဥပဒေအရလည်း အစိုးရက ထိခိုက်ခဲ့သူတွေကို လျော်ကြေးပေးမှာပါ။”

China
ဓာတ်ပုံ ပုံစာ, ရေကြီးမှုကြောင့် ကမ်းဘေးမှာ စုပုံလာတဲ့ အမှိုက်ပုံကြီးကိုကြည့်နေတဲ့ မိသားစု တစု

ကျိုကျိုးကနေ ဘေဂျင်းကို အပြန်လမ်းပေါ်မှာ တံတားတစင်းကို ဖြတ်ခဲ့ရပြီး သူ့အောက်မှာက ရေပြန်ကျသွားတဲ့ မြစ်၊ အဲဒီမြစ်ရဲ့ ကမ်းဘေးမှာ တော့ အမှိုက်ပုံကြီး တခုပါ။ ရေခဲသေတ္တာ တွေ၊ စည်ပိုင်းတွေ၊ သစ်သား အပိုင်းအစတွေ၊ ဘက်စကက် ဘော ဘောလုံးတွေ၊ မူကြိုကျောင်း ကလေးကစားကွင်းက အခင်းတွေ စသဖြင့် အစုံ မျောပါလာပြီး စုပုံနေပါတယ်။

အံ့သြစရာကောင်းတာက ဒီလောက်များတဲ့ ပစ္စည်းတွေကို ရေက တွန်းယူလာပြီး တနေရာထဲမှာလာ လာစုပုံနေတာပါ။ လူတွေက ဒီမြင်ကွင်းကို အံ့အားသင့်စွာနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြပါတယ်။ သဘာဝရဲ့ မထင်မှတ်တဲ့ လုပ်ဆောင်ချက်ပါ။

ရေ ရုတ်တရက်ကြီးလာပြီးတဲ့နောက် ဖြစ်လာတဲ့ဆိုးကျိုးတွေကနေ တရုတ်မှာ အရေး ပေါ် ကြိုတင် သတိပေးစနစ်တွေ ပိုပြီး ကောင်းဖို့ လိုနေပြီလို့ တောင်းဆိုသံတွေကို ထွက်လာစေပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်း မိုးတွင်းမှာ အရင်က မဖြစ်ဖူးတဲ့ တောင်ကျရေတွေ ထိုးဆင်း ကျလာပြီး ရေတွေကြီးလာတာကို ကြုံကြရပြီးတဲ့နောက် ‌နွေရာသီကျတော့ အလွန် ပူပြင်းတဲ့ လတွေကို ရခဲ့ပါတယ်။

အစိုးရ စာရင်းတွေအရ ဒီသီတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ ရေကြီးမှုမှာ လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ရပါတယ်။ ဟဲပေပြည်နယ် တခုတည်းမှာတင် လူ ၁ သန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ ဖြစ်တာ ပိုပြီး စိပ်စိပ်လာတဲ့ သဘာဝဘေး တွေ အတွက် ပေးလိုက်ရတဲ့ စီးပွားရေး အဆုံးအရှုံးက မခန့်မှန်းနိုင်လောက်အောင် ကြီးမားပါတယ်။

တရုတ်ပညာရှင်တွေက ရေရှည်ကိုကြည့်ပြီး ဒါဟာ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုး တွေပဲလို့ ထောက်ပြကြပါတယ်။

အနာဂတ်မှာ ဒီထက်ဆိုးတဲ့ အကျပ်အတည်းမျိုး မကြုံချင်ရင် လုပ်စရာရှိတာတွေကို များများနဲ့ မြန်မြန်လုပ်ဖို့ သူတို့က ဆန္ဒပြုနေပါတယ်။