မြန်မာကျောင်းသားတွေ ချီးဗနင်းပညာတော်သင်ဆုလျှောက်ခွင့်မရတော့ပါ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတကာပညာရေးကိုစိတ်ဝင်စားတဲ့မြန်မာကျောင်းသားတွေအတွက် ချီးဗနင်းပညာတော်သင်ဆုရာသီက အက်ဆေးတွေရေးရ၊ စာရွက်စာတမ်းတွေပြင်ဆင်ကြနဲ့ အလုပ်များတဲ့အချိန်လို့ဆိုနိုင်ပါတယ်။
၂၀၂၆ ခုနှစ် သြဂုတ် ၄ ရက်မှာတော့ ကမ္ဘာတလွှားက ယူကေသံရုံးတွေရဲ့ ဆိုရှယ်မီဒီယာတွေမှာ ပညာသင်စရိတ်အပြည့်ပေးတဲ့ ချီးဗနင်းပညာတော်သင်ဆုစတင်လျှောက်နိုင်ပြီဖြစ်ကြောင်း အသီးသီးကြေညာကြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးရဲ့ဆိုရှယ်မီဒီယာမှာတော့ ချီးဗနင်းနဲ့ပတ်သက်လို့ မနှစ်ကနဲ့ မတူဘဲ တိတ်ဆိတ်နေပါတယ်။
ချီးဗနင်းပညာတော်သင်ဆုရဲ့ တရားဝင်ဝဘ်ဆိုဒ်စာမျက်နှာထဲမှာ လျှောက်ထားဖို့ နိုင်ငံစာရင်းထဲ "Myanmar" လို့ စာရိုက်လိုက်ရင် "No Results Match" ဆိုတဲ့အချက်အလက်မရှိကြောင်းသာ ဖော်ပြနေပါတယ်။
ယူကေပြည်ထဲရေးဝန်ကြီးဌာနက မြန်မာကို ကျောင်းသားဗီဇာရပ်ဆိုင်းတာကြောင့် ပညာတော်သင်ဆု လျှောက်ခွင့်မရှိတော့တာပါ။
"ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ချီးဗနင်းပရိုဂရမ်ပိတ်တဲ့အပေါ် ကျွန်တော်တကယ် ဝမ်းနည်းတယ်" လို့ ပညာတော်သင်ဆုရပြီး ယူကေမှာကျောင်းတက်ခဲ့ဖူးသူတစ်ဦးက ပြောပါတယ်။
ချီးဗနင်းပညာတော်သင်ဆုကို ဘာကြောင့်လူကြိုက်များ

ဓာတ်ပုံ ရင်းမြစ်, UK in Myanmar
ယူကေအစိုးရကပေးတဲ့ နိုင်ငံတကာပညာတော်သင်ဆုကို "ချီးဗနင်း" လို့သိကြပါတယ်။ ကျောင်းစရိတ်၊ နေစရိတ်ပါအပြည့်ထောက်ပံ့တာကြောင့် ဥရောပတိုက်က ဗြိတိန်နိုင်ငံကိုသွားပြီး ကိုယ်ပိုင်ငွေကြေးနဲ့ ကျောင်းမတက်နိုင်တဲ့ မြန်မာကျောင်းသားတွေအတွက် အခွင့်အလမ်းတစ်ခုလည်းဖြစ်ပါတယ်။
ဆိုလိုတာက ယူကေမှာပညာသင်ဖို့အတွက် ကုန်ကျစရိတ် ၁၀၀ ရာခိုင်နှုန်းစာထောက်ပံ့ပါတယ်။
ပညာတော်သင်ဆုရတဲ့သူတွေဟာပြည်သူတွေကိုပြန်ပြီးအထောက်အပံ့ပေးရမယ်ဆိုတဲ့ အချက်က ချီးဗနင်းပညာတော်သင်ဆုရဲ့စည်းမျဉ်းတစ်ခုပါ။
"ချီးဗနင်းက Needs based (လိုအပ်ချက်) ပုံစံနဲ့သွားတာဆိုတော့ Development sectors တွေ NGOs၊ INGOs တွေမှာလုပ်ခဲ့သူတွေ၊ အစိုးရမှာလုပ်တဲ့သူတွေကို စကော်လာရှစ်ပေးပြီး မြန်မာ ပြည်သူတွေကိုအကူအညီပေးတယ်ဆိုတဲ့ ပရိုဂရမ်မျိုးဖြစ်တယ်" လို့ ပညာတော်သင်ဆုရခဲ့သူ တစ်ဦးက ရှင်းပြပါတယ်။
၂၀၁၀ ကနေ ၂၀၂၀ ဆိုတဲ့ ဆယ်စုနှစ်ကာလမှာ မြန်မာကျောင်းသားတွေအတွက် နိုင်ငံတကာ ပညာတော်သင်ဆုတွေအမြောက်အများရှိခဲ့ပြီး ပြည်ပတက္ကသိုလ်ပညာရေးကို လက်လှမ်းမီခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ပညာတော်သင်ဆုနဲ့ အတူ ပြည်ပထွက်ခွာတာဟာ ပညာသင်ယူမှုဆိုတာထက်ပိုတယ်လို့ ကျောင်းသားအသိုင်းအဝိုင်းက ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ချီးဗနင်းပညာတော်သင်ဆုဟာ မြန်မာအတွက်အစီအစဉ်တစ်ခုထက်ပိုပြီး မြန်မာနဲ့ယူကေကြားက စီးပွားရေး၊ ယဉ်ကျေးမှုအပါအဝင် ကဏ္ဍစုံအတွက်ပေါင်းကူးတံတားဖြစ်တယ်လို့ မြန်မာချီးဗနင်းပညာတော်သင်ဟောင်းများအဖွဲ့ (MCA)ကလည်း ထုတ်ပြောထားပါတယ်။
"ကျွန်တော်တို့နှစ်မှာတော့ ဗီဇာထပ်တိုးပြီးနေတာ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းတာတွေမရှိခဲ့ဘူး။ မြန်မာပြည်ကိုပြန်လာပြီး အနည်းဆုံး ၂ နှစ်ပြန် အလုပ်လုပ်ကြတယ်၊ စာချုပ်နဲ့လည်းညီတယ်" လို့ ကိုဗစ်မတိုင်ခင်က ချီးဗနင်းပညာတော်သင်ဆုရခဲ့သူ တစ်ဦးကပြောပါတယ်။
"အခုကျ ကိုယ့်နိုင်ငံကစစ်ဖြစ်နေတာ တကမ္ဘာလုံးသိတယ်၊ အဲဒီတော့ ယူကေမှာ ကျောင်းတက်ပြီးရင် ကိုယ့်နိုင်ငံဆီမပြန်ချင်တာက လူသားတစ်ယောက်အနေနဲ့ဆိုရင်တောင် မမှားဘူးထင်တယ်" လို့ သူက ဆက်ပြောပါတယ်။
ချီးဗနင်းပညာတော်သင်ဆုရတဲ့သူတစ်ယောက်အတွက်ဆိုရင် ဘွဲ့ရပြီးလို့နေရပ်မပြန်ရင် စာချုပ်ချိုးဖောက်ရာရောက်ပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ဒီပညာတော်သင်တွေထဲကနေရပ်မပြန်ဘဲ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ဘယ်လောက်ရှိလဲဆိုတဲ့ အရေအတွက်အတိအကျမထုတ်ပြန်ထားပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးဘက်ကလည်း "ချီးဗနင်းပညာတော်ဆုလျှောက်သူတွေအတွက် ကျောင်းသားဗီဇာရပ်ဆိုင်းထားတာက အကျုံးဝင်ပါတယ်" လို့ ဘီဘီစီကို ဖြေပါတယ်။
ဒီတော့ မြန်မာကျောင်းသားတွေ ၂၀၂၇ - ၂၀၂၈ ချီးဗနင်းလျှောက်လွှာကို လျှောက်ထားခွင့်မရပါဘူး။
ယူကေကမြန်မာကို ဗီဇာဘာလို့ပိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာကျောင်းသားတွေအတွက် ၂၀၂၅ ခုနှစ်မှာ အမေရိကန်ပညာရေးတံခါးပိတ်သွားပြီး ၂၀၂၆ ခုနှစ်မှာတော့ ယူကေရဲ့တံခါးပိတ်သွားတယ်လို့ပြောနိုင်ပါတယ်။
အမေရိကန်က ပြည်ဝင်ခွင့် လုံးဝပိတ်လိုက်တဲ့အထဲ မြန်မာပါခဲ့တာကြောင့် ကျောင်းတက်ချင်တဲ့ အိပ်မက်လက်လွှတ်ရသလို အစိုးရကကုန်ကျစရိတ်ပေးတဲ့ Fullbright ပညာတော်သင်ဆုနဲ့လည်း အလှမ်းဝေးခဲ့ကြရပါတယ်။
၂၀၂၇ - ၂၀၂၈ ပညာသင်နှစ်အတွက် Fullbright ပညာတော်သင်ဆု မြန်မာကျောင်းသားတွေ လျှောက်ထားလို့ရကြောင်း မတ်လမှာကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ဝင်ခွင့်ပိတ်ထားတဲ့ အခြေအနေမှာ ပညာတော်သင်ဆုရသူတွေ အမေရိကန်ဘယ်လိုသွားကြမလဲဆိုတဲ့ မေးခွန်း ရှိနေပါတယ်။
အဲဒီမတ်လမှာပဲ ယူကေပြည်ထဲရေးဝန်ကြီးဌာနရဲ့ကြေညာချက်က မြန်မာ့ပညာရေးလောကကို ထပ်ပြီးအရှိန်ပြင်းပြင်းနဲ့ရိုက်ခတ်ခဲ့ပါတယ်။
မြန်မာ၊ ဆူဒန်၊ အာဖဂန်နစ္စတန်နဲ့ ကမရွန်းစတဲ့ ၄ နိုင်ငံကို ကျောင်းသားဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်တာဖြစ်ပြီး မတ် ၂၆ ရက်မှာ စတင်အသက်ဝင်ခဲ့ပါတယ်။
ကိုဗစ်ကာလနောက်ပိုင်း ယူကေမှာနိုင်ငံရေးခိုလှုံခွင့်တောင်းသူအရေအတွက်သိသိသာသာမြင့်ခဲ့ပြီး ၂၀၂၅ မှာ ၁၁၀, ၀၅၁ နဲ့ အမြင့်ဆုံးစံချိန်ကိုရောက်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၁၈ ခုနှစ်ကနေ ၂၀၂၆ မတ်လအထိ ယူကေကို ကျောင်းသားဗီဇာနဲ့ရောက်လာပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းသူအရေအတွက်က ၁၀,၈၃၅ ယောက်ရှိကာ ၃၀ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။
မြန်မာကတော့ ၂၀၂၁ ကနေ ၂၀၂၅ စက်တင်ဘာအတွင်း ကျောင်းသားဗီဇာနဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ ၁၆ ဆ မြင့်လာတယ်လို့ ယူကေပြည်ထဲရေးဝန်ကြီးဌာနက မတ်လမှာပြောခဲ့ပါတယ်။
အဲဒီကာလအတွင်း မြန်မာအတွက် ယူကေက ကျောင်းသားဗီဇာ ၇,၀၈၀ ဦး ထုတ်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UK Gov
ယူကေမှာ ၂၀၁၆ ကနေ ၂၀၂၆ ခုနှစ်အထိ ဆယ်နှစ်တာနိုင်ငံရေးခိုလှုံမှုအများဆုံး ၆ နိုင်ငံစာရင်းထဲ မြန်မာမပါဝင်ပါဘူး။ ပါကစ္စတန်က နံပါတ် ၁ မှာရှိနေပြီး အီရီထရီးယား၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆူဒန် စတဲ့နိုင်ငံတွေကအများဆုံးပါ။
ဒါကြောင့် မြန်မာထက် အာဖရိကနဲ့ တောင်အာရှနိုင်ငံတွေက နိုင်ငံရေးခိုလှုံသူပိုများတယ်လို့ မြန်မာ့ပညာရေးအသိုင်းအဝိုင်းကထောက်ပြခဲ့ကြပေမဲ့ ၅ လကြာမြင့်လာတဲ့အထိ ဗီဇာရပ်ဆိုင်းထားဆဲပါ။
မနှစ်တုန်းက ချီးဗနင်းပညာတော်သင်ဆုလျှောက်ထားခဲ့တဲ့သူတွေကိုလည်း အင်တာဗျူး အဆင့်မှာတင်ရပ်နားခဲ့ကာ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက်သွားရောက်ခွင့်ရသူမရှိဘူးလို့ နီးစပ်သူတချို့ဆီက သိရပါတယ်။
ဗီဇာရပ်လိုက်တာကြောင့် မြန်မာတွေကိုကျောင်းဝင်ခွင့်ပေးထားတဲ့ ယူကေအခြေစိုက် တက္ကသိုလ်တချို့ကလည်း ပေးထားပြီးသား ကျောင်းဝင်ခွင့်တွေကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ချီးဗနင်းပညာတော်သင်ဆုလျှောက်လွှာနဲ့ တက္ကသိုလ်ကျောင်းဝင်ခွင့်က သီးသန့်စီလျှောက်ရတာပါ။
လျှောက်လွှာမှာဖော်ပြထားတဲ့ တက္ကသိုလ် ၃ ခုကို ဝင်ခွင့်လျှောက်ကြရတာပါ။ ဒါကြောင့် ယူကေပြည်ထဲရေးရဲ့ မြန်မာကျောင်းသားဗီဇာရပ်ဆိုင်းတာနဲ့အတူ ပညာတော်သင်ဆုလျှောက်ခွင့်၊ တက္ကသိုလ်ဝင်ခွင့်တွေပါ ရပ်သွားခဲ့ပါတယ်။
မြန်မာရဲ့ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးဆောင်မယ့်သူတွေအတွက် ချီးဗနင်းပညာတော်သင်ဆု အစီအစဉ်ကို ချက်ချင်းပြန်စပေးဖို့တာဝန်ရှိသူအားလုံးကိုတိုက်တွန်းကြောင်း မြန်မာချီးဗနင်းပညာတော်သင်ဟောင်းများအဖွဲ့ (MCA) က ဗီဇာအမိန့်ထုတ်ချိန် မတ်ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။
အခု သြဂုတ် ၄ ရက်ကနေ အောက်တိုဘာ ၆ ရက်အထိခေါ်ယူတဲ့ ၂၀၂၇ - ၂၀၂၈ ပညာသင်နှစ် ချီးဗနင်းမှာ မြန်မာမပါလာတာနဲ့ပတ်သက်လို့ MCA ကိုမှတ်ချက်ပေးဖို့ ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
မြန်မာအခြေစိုက်ယူကေသံရုံးကပြန်လည်ဖြေကြားခဲ့ပြီးဖြစ်လို့ MCA ဘက်က သီးခြား အဖြေထပ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
မြန်မာကိုပြန်ဖြေလျော့နိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
သံရုံးကတော့ "ဗီဇာကန့်သတ်တာနဲ့ပတ်သက်လို့ ပြန်လည်အကဲဖြတ်တာတွေပုံမှန်လုပ်နေပါတယ်" လို့ ဘီဘီစီကိုပြောပါတယ်။
ဒါဟာ အမြဲတမ်းရပ်ဆိုင်းထားမှာမဟုတ်ဘဲ ယူကေအစိုးရဘက်ကသင့်လျော်တဲ့အချိန်ကျရင် ပြန်ဖြေလျော့ပေးမယ်လို့ထည့်ပြောပါတယ်။
ယူကေအနေနဲ့ မြန်မာပြည်သူတွေအတွက် ပိုကောင်းပြီးတည်ငြိမ်တဲ့အနာဂတ်ဖြစ်လာအောင် ထောက်ခံအားပေးနေသလို အာဏာသိမ်းပြီးနောက်ပိုင်းလည်း ပေါင် သန်း ၁၉၀ ကျော် အကူအညီပေးထားတယ်လို့ သိရပါတယ်။
"မြန်မာနိုင်ငံတိုးတက်ဖို့ကို ကူညီပါမယ်လို့ သူတို့ကတိကဝတ်ပေးတယ်။ မြန်မာကျောင်းသားတွေ အတွက် အခွင့်အလမ်းကိုလည်း ပိတ်ပင်လိုက်ပြန်တယ်။ အဲဒီနှစ်ခုက မကိုက်ညီနေဘူး၊ အတော် ဝမ်းနည်းစရာကောင်းတယ်" လို့ ချီးဗနင်းပညာတော်သင်ဆုရခဲ့သူတစ်ဦးက ပြောပါတယ်။
ယူကေမှာကျောင်းတက်ခွင့်တန့်သွားပေမဲ့ ဥရောပနိုင်ငံတချို့နဲ့ အာရှ၊ အာဆီယံဒေသတွင်း အခွင့်အလမ်းတွေဆက်ရှိနေသေးတယ်လို့ ပြည်တွင်းပြည်ပအခြေစိုက်ပညာရေးကူညီပေးနေသူ တွေက သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာရေးသားကြပါတယ်။
လက်ရှိမှာလည်း ဂျာမနီအစိုးရကကုန်ကျစရိတ်အပြည့်အဝထောက်ပံ့တဲ့ DAAD ပညာတော်သင်ဆုကို မြန်မာတွေလျှောက်ထားခွင့်ရနေဆဲဖြစ်သလို ဒေသတွင်းနိုင်ငံတွင်းက တက္ကသိုလ်တွေမှာ ကျောင်းတက်ခွင့်ထောက်ပံ့ပေးတဲ့ ဥရောပသမဂ္ဂရဲ့ EAP အစီအစဉ်လည်း ဆက်ရှိနေပါတယ်။
ဒါပေမဲ့ ဒီနှစ်အတွက် ချီးဗနင်းပညာတော်သင်ဆုရဲ့ တရားဝင်ဝဘ်ဆိုဒ်စာမျက်နှာထဲမှာတော့ မြန်မာကျောင်းသားတွေအတွက် "No Results Match" ဆိုတဲ့စကားလုံးပဲ ရှိနေပါတယ်။
















