လူ ၂၀ ကျော်ပါတဲ့ ခရီးသည်တင်ကား လူသားဒိုင်းဘယ်လိုလုပ်ခံခဲ့ရလဲ

မတ် ၄ ရက်နေ့ ချောင်းဦး-မြင်းမူလမ်းပိုင်းက တိုက်ပွဲမှာ ခရီးသည် ၃ ဦးသေဆုံးခဲ့ပါတယ်
ဓာတ်ပုံ ပုံစာ, မတ် ၄ ရက်နေ့ ချောင်းဦး-မြင်းမူလမ်းပိုင်းက တိုက်ပွဲမှာ ခရီးသည် ၃ ဦးသေဆုံးခဲ့ပါတယ်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက တိုက်ပွဲတစ်ခုဆီကို စစ်ကူသွားဖို့ ခရီးသည်တင်ကားတစ်စီးကို စစ်ကောင်စီတပ်ဘက်က သုံးခဲ့တယ် လို့ ကားပေါ်ပါလာခဲ့တဲ့ ခရီးသည်တချို့နဲ့ PDF တွေက ပြောပါတယ်။

ကားပေါ်မှာ ခရီးသည် အယောက် ၂၀ ကျော်ပါလာတဲ့ မတ်လ ၄ ရက်ဖြစ်စဉ်မှာ ခရီးသည် သုံးဦးအထိ သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကနေအသက်ရှင်လွတ်မြောက်လာသူတွေထဲက တချို့နဲ့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ PDF တချို့ကို ဘီဘီစီက မေးမြန်းခွင့်ရခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတချို့ဟာ ကားပေါ်တက်လာပြီး ယာဉ်မောင်းရဲ့ ခေါင်းကိုသေနတ်နဲ့ ချိန်ကာ တိုက်ပွဲဖြစ်တဲ့နေရာဆီ မောင်းခိုင်းခဲ့တယ် လို့ မျက်မြင်တွေ့ခဲ့တဲ့ ခရီးသည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲဆီ သေနတ်ထောက်မောင်းခိုင်းခဲ့

ကားမှန်မှာ တွေ့ရတဲ့ ကျည်ပေါက်ရာတွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ကားမှန်မှာ တွေ့ရတဲ့ ကျည်ပေါက်ရာတွေ

မမေမီဟာ မတ် ၄ ရက်နေ့မှာ နေပြည်တော်ကနေ အဒေါ်ဖြစ်သူ ဒေါ်သီတာနဲ့အတူ အဝေးပြေးကားစီးပြီး မုံရွာမြို့ကို ပြန်လာခဲ့ပါတယ်။

အဝေးပြေးကားပေါ်ပါလာတဲ့ ခရီးသည် ၂၀ ကျော်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၅ ဦးလည်းပါပါတယ်။

ချောင်းဦးမြို့နယ်ထဲက နတ်ရေကန်ရွာက စစ်တပ်ဂိတ်စခန်းတစ်ခုကို ဖြတ်‌ကျော်ချိန် အရှေ့ခပ်လှမ်းလှမ်းမှာ အိမ်စီးကားနဲ့ အဝေးပြေးကားတချို့ အရှိန်လျှော့ပြီး တရွေ့ချင်းမောင်းနေတာကို ခရီးသည်တွေ သတိထားမိလိုက်ကြပါတယ်။

ဒါပေမဲ့ နတ်ရေကန်နဲ့ ငါးယှန်ရွာကြားမှာ ထိတွေ့တိုက်ပွဲပြင်းထန်နေတာကြောင့် အခုလိုမောင်းနေကြတာ ကိုတော့ ခရီးသည်တွေ မသိကြပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ခဏအကြာမှာတော့ ယူနီဖောင်းအပြည့်အစုံဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင်ဟာ ကားကို တားပြီး အပေါ်တက်လာခဲ့ကြပါတယ်။

စစ်သားတစ်ယောက်က ''ယာဉ်မောင်းရဲ့ ခေါင်းကိုသေနတ်နဲ့ ချိန်ထားတယ်၊ ကားကို တိုက်ပွဲဖြစ်တဲ့နေရာဆီ ဆက်မောင်းဖို့အမိန့်ပေးတယ်'' လို့ မမေမီက ပြောပါတယ်။

အဲဒီအချိန် ယာဉ်မောင်းဖြစ်သူက သေနတ်နဲ့ချိန်ထားတဲ့ စစ်သားကို"မလုပ်ပါနဲ့ ဆရာရယ်၊ ကားပေါ်မှာ ကလေးတွေလည်း ပါပါတယ်" လို့ ပြောပြီး တောင်းပန်ခဲ့တယ်လို့ မမေမီက ပြောပါတယ်။

သေနတ်ချိန်ထားတဲ့စစ်သားကတော့" ရတယ်...မောင်းမှာသာမောင်းစမ်း" ဆိုပြီး ခရီးသည်တင်ကားကိုလူသားဒိုင်းလုပ်ပြီး ငါးယှန်ရွာဘက်ကို ဦးတည်ပြီး ဆက်မောင်းစေခဲ့တယ်လို့ မမေမီက ပြောပါတယ်။

"ကားပေါ်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကူအနေနဲ့ နတ်ရေကန်ဂိတ်စခန်းက‌နေ လွှတ်လိုက်တာ" လို့ သူနားလည်လိုက်ကြောင်း ဘီဘီစီကို ပြောပါတယ်။

နတ်ရေကန်ရွာက ထွက်လာပြီး ၂ မိနစ်‌‌ကျော်အကြာမှာပဲ မေမီတို့ စီးလာတဲ့ အဝေးပြေးကား ရပ်သွားခဲ့သလို သေနတ်နဲ့ အပြန်အလှန် ပစ်သံခတ်သံတွေ ကျယ်ကျယ်လောင်လောင်စပြီး ကြားလိုက်ရပါတယ်။

ကားပေါ်က ခရီးသည်တွေလည်း ထိုင်ခုံပေါ်ကနေ ရုန်းရင်းဆန်ခတ်ဆင်းပြီး ကြမ်းပြင်မှာ ကုန်းဝပ်နေခဲ့ကြပါတယ်။

ကလေးတွေလည်း ကြောက်လို့ အော်ငိုနေတဲ့အသံတွေ ဆူညံနေပါတယ်။

"ကြောက်လို့ နားတွေပိတ်ထားတယ်။ သေနတ်သံတွေက ရပ်မသွားဘူး။ ကားပေါ်ကနေ ပြေးဆင်းဖို့ ကြိုးစားပေမယ့် ဒူးတွေတုန်လို့ မပြေးနိုင်ခဲ့ဘူး" လို့ မမေမီက တုန်ယင်နေတဲ့အသံနဲ့ ပြန်ပြောပြပါတယ်။

နာရီဝက်လောက် ၂ ဖက် အပြန်အလှန်ပစ်ခတ်ကြပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ်စတက်ခဲ့တဲ့နေရာဖြစ်တဲ့ နတ်‌ရေကန်ရွာဘက်ဆီ ပစ်ရင်းနဲ့ ပြန်ဆုတ်ခွာသွားပါတယ်။

တိုက်ပွဲရပ်လို့ မေမီကတော့ ကားပေါ်ကနေ ဆင်းနိုင်ခဲ့ပေမယ့် အဒေါ် ဖြစ်သူ ဒေါ်သီတာကတော့ သေနတ်ကျည်ထိမှန်ပြီး သွေးအလိမ်းလိမ်းနဲ့ သေဆုံးနေခဲ့ပါပြီ။

အဲဒီနောက် မေမီနဲ့ ကားပေါ်က ခရီးသည်တွေကို PDF တပ်ဖွဲ့တွေက ဘေးကင်းရာကို ရွှေ့ပြောင်းပေးနေချိန် အဝေးပြေးကားနဲ့ မလှမ်းမကမ်းရောက်ချိန်မှာပဲ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ရောက်လာပြီး တိုက်ပွဲနေရာကို ဗုံးကြဲချခဲ့တယ်လို့ မမေမီက ပြောပါတယ်။

ကားပေါ်ကနေ အသက်ရှင်လျက်ဆင်းလာနိုင်ပေမယ့် ဗုံးစထိမှန်လို့ ၃ နှစ်အရွယ်ကလေးတစ်ဦးနဲ့ မိခင်ဖြစ်သူ နေရာမှာတင် ဆုံးသွားတယ်လို့ အခင်းဖြစ်ပွားရာနေရာမှာ ရှိနေခဲ့တဲ့ မမေမီက ပြောပါတယ်။

ချောင်းဦးမြို့အခြေစိုက် စစ်ကောင်စီတပ်နဲ့ မြို့ မြောက်ဘက်အထွက် ၂ မိုင်ကျော်အကွာက စစ်တပ်စခန်းချထားတဲ့ မြပုလဲဆီဆိုင်ဂိတ်တို့ကနေ တိုက်ပွဲဖြစ်တဲ့ ငါးယှန်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ချောင်းဦး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ကျည်နဲ့ ဗုံးထိမှန်သေဆုံးခဲ့တဲ့ ခရီးသည် ၃ ဦးရဲ့ အလောင်းကိုတော့ မကောက်နိုင်ခဲ့ဘူး" လို့ သူက ဆက်ပြောပါတယ်။

မမေမီကတော့ အဝေးပြေးကားပေါ်မှာ ကျန်နေခဲ့တဲ့ အ‌ဒေါ်ဖြစ်သူ မသီတာရဲ့ ရုပ်အလောင်းကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှာ မတ် ၅ ရက်နေ့က သွားထုတ်ခဲ့ရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

"မနေ့ (မတ်လ ၆ရက်) မှာ နာရေးလုပ်လိုက်ပြီ" လို့ မေမီက ပြောပါတယ်။

တိုက်ပွဲ ဘယ်ကစလဲ

သိမ်းဆည်းရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေလို့ ချောင်းဦးPDF ဘက်က ထုတ်ပြန်လာတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, Chaung U PDF

ဓာတ်ပုံ ပုံစာ, သိမ်းဆည်းရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေလို့ ချောင်းဦး PDF ဘက်က ထုတ်ပြန်လာတဲ့ပုံ

မတ် ၄ ရက် နေ့လယ်ပိုင်းလောက်မှာ မုံရွာမြို့တွင်းကနေ ထွက်လာတဲ့ သံပြားကာ ကား ၂ စီးကို ချောင်းဦး-မြင်းမူလမ်းပိုင်းနားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်(PDF)တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ ၃ ဖွဲ့ထက်မနည်းက ဘီဘီစီကို ပြောပါတယ်။

(မုံရွာတကြောမှာ စစ်တပ်ယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံရတဲ့အတွက် ကားဘေးတွေမှာ သံပြားတွေ ကာထားကြတာ ဖြစ်ပါတယ်။)

"လက်နက်ကြီးနဲ့ ထုခဲ့တာ။ စစ်ကား ၂ စီးလည်း မောင်းမရဘဲ စက်ရပ်သွားတယ်" လို့ ချောင်းဦး PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

အဲဒီစစ်ကား ၂ စီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးဝန်းကျင်ပါပြီး ၁၇ ဦးကတော့ ၂ ဖက်ပစ်ခတ်ခဲ့ချိန် သေဆုံးသွားတယ်လို့ PDF ဘက်က ပြောပြီး သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုလည်း မတ် ၆ ရက်မှာ ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။

သံပြားကာ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ PDF က ‌ပြောပါတယ်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နယ်မြေထဲကထွက်လာတဲ့ ဒီသံပြားကာကားတွေကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က မကြာခဏသုံးလေ့ရှိတယ်လို့ မြေပြင်ထောက်လှမ်းတဲ့ PDF အဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။

စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်နဲ့ နမခထဲက တပ်ဖွဲ့ဝင်တချို့ အပြောင်းအလဲလုပ်တဲ့အချိန်တွေမှာ သံပြာကားကို သုံးလေ့ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ရှင်းပြပါတယ်။

ဒါ့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ပစ္စည်းသယ်ပို့တာတွေ လုပ်တဲ့အခါမှာလည်း စစ်တပ်က သံပြားကာကား ၂ စီးနဲ့ လမ်းကြောင်းလုံခြုံရေးယူလေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ရဲ့ သံပြားကာ ကား ၂ စီးဟာ ချောင်းဦး-မြင်းမူလမ်းပိုင်းပေါ်က ငါးယှန်ရွာနဲ့ နတ်ရေကန်ရွာကြားအရောက်မှာ တိုက်ခိုက်ခံခဲ့ရတာလို့ မြေပြင်အခြေအနေသိသူတွေက ပြောပါတယ်။

အဲဒီနောက် ငါးယှန်ရွာနဲ့ ကပ်လျက် နတ်ရေကန်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဂိတ်စခန်းကနေ စစ်ကား ၂ စီးတိုက်ခိုက်ခံရတဲ့ဘက်ကို စစ်ကူ ၁၀ ဦးဝန်းကျင် စေလွှတ်ခဲ့တယ်လို့ PDF ဘက်က ပြောပါတယ်။

အဲဒီစစ်ကူတွေက "ခရီးသည်တင်လာတဲ့ အဝေးပြေးကားပေါ်တက်၊ လူသားဒိုင်းလုပ်ပြီး တိုက်ပွဲနေရာဆီ ကားကို ဖိအားပေးမောင်းခိုင်းခဲ့တာ" လို့ PDF ဘက်က ပြောပါတယ်။

ချောင်းဦးမြို့နယ်ထဲက တိုက်ပွဲကြောင့် ခရီးသည် ၃ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ဆီ ဘီဘီစီက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်‌ဖြေကြားခြင်းမရှိပါဘူး။

အပြန်အလှန်စွပ်စွဲနေတဲ့ လူသေဆုံးမှု

PDF တပ်ဖွဲ့ဝင်တချို့နဲ့ တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာ ကား ၂ စီး

ဓာတ်ပုံ ရင်းမြစ်, Chaung U PDF

ဓာတ်ပုံ ပုံစာ, PDF တပ်ဖွဲ့ဝင်တချို့နဲ့ တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာ ကား ၂ စီး

ခရီးသည် ၃ ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ စစ်တပ်သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပစ်ခတ်မှုကြောင့်လို့ စွပ်စွဲနေကြသလို တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တချို့ကလည်း ခရီးသည်တင် အဝေးပြေးကားကို မပစ်ခတ်ခဲ့တဲ့အကြောင်း ငြင်းဆိုနေကြပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Sisters to Sisters ဦးဆောင်ကော်မတီအဖွဲ့ဝင် မသဥ္ဇာရွှန်းလဲ့ရည်ကတော့ "အရပ်သားတွေက စစ်ပွဲတွေမှာ ပစ်မှတ်ထားခံရမယ့်သူတွေ မဟုတ်ဘူး" လို့ ဘီဘီစီကို ပြောပါတယ်။

ချောင်းဦး PDF အဖွဲ့ကတော့ "သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ)ဘက်က ကားပေါ်က စပစ်လို့ ပြန်ပစ်ခဲ့တာ" လို့ ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ မတ် ၄ ရက် ညပိုင်းအထိ မန္တလေးကနေ မုံရွာဘက်သွားတဲ့ ကားတွေအားလုံး နတ်ရေကန်ရွာမှာ နာရီနဲ့ချီ ပိတ်မိနေခဲ့ကြပါတယ်။

မတ် ၅ ရက် မနက်ပိုင်းကစပြီး မုံရွာ-မန္တလေးလမ်းကြောကို ပုံမှန်အတိုင်းပြန်အသုံးပြုလို့ရပြီလို့ လူမှုကွန်ရက်ပေါ်မှာ အသိပေးမျှဝေနေကြပေမယ့် မုံရွာအခြေစိုက် တော်လှန်‌ရေးတပ်ဖွဲ့တွေကတော့ ဒီလမ်းကြောကို အသုံးမပြုကြဖို့ သတိပေးထုတ်ပြန်နေကြပါတယ်။

"မဖြစ်မနေ စားဝတ်နေရေးနဲ့ ကျန်းမာရေးကလွဲရင် ဒီလမ်းပိုင်းကို အသုံးပြုသွားလာတာမျိုးတွေ ရှောင်ကြပါ" ဆိုပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

အသိပေးချက် - ဒီဆောင်းပါးထဲက မမေမီနဲ့ ဒေါ်သီတာတို့ရဲ့ အမည်တွေကို သူတို့ရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာအရ အမည်ပြောင်းလဲပေးဖို့ တောင်းဆိုထားတာကြောင့် အမည်လွှဲပြီးဖော်ပြထားပါတယ်။