မေ ၃ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့်မရှိဆုံး နိုင်ငံတစ်ဒါဇင်စာရင်းမှာ မြန်မာပါဝင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညွှန်းကိန်း ထုတ်ပြန်ချက်အရ အဆင့် ၁၆၉ မှာ ရောက်ရှိနေပါတယ်။
RSF ရဲ့ ညွှန်းကိန်းမှာ အဆင့် ၁၈၀ ရှိတာဖြစ်ပြီး မြန်မာရဲ့ အောက်မှာ အီဂျစ်၊ ရုရှား၊ ဗီယက်နမ်၊ တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေ ရှိပါတယ်။
သတင်းလွတ်လပ်ခွင့်ရှိတဲ့ထိပ်တန်းနိုင်ငံတွေထဲမှာတော့ နော်ဝေ၊ နယ်သာလန်၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမိတ်၊ ဆွစ်ဇာလန် စတဲ့ နိုင်ငံတွေ ပါပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ၂၀၂၄ ခုနှစ်တုန်းက အဆင့် ၁၇၁၊ ၂၀၂၃ ခုနှစ်မှာက ၁၇၃၊ ၂၀၂၂ ခုနှစ်မှာ ၁၇၆၊ ၂၀၂၁ ခုနှစ်မှာ ၁၄၀ ရှိခဲ့ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်မှာ ညွှန်းကိန်းအဆင့် ၁၃၉၊ ၂၀၁၉ခုနှစ်မှာ ၁၃၈၊ ၂၀၁၈ မှာ ၁၃၇ တို့ ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံရတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် မေ ၃ ရက်နေ့အထိ သတင်းသမား ၇ ယောက် အသတ်ခံရပြီး အယောက် ၂၀၀ ထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က "ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်"မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ သတင်းသမား အယောက် ၄၀ ဖမ်းဆီးခံထားရတုန်းဖြစ်ပြီး ပြည်တွင်းမှာ သတင်းယူနေတဲ့ သတင်းသမားတွေ အားလုံးဟာ အသက်အန္တရာယ် ခြိမ်းခြောက်တာတွေနဲ့ ရင်ဆိုင်နေရသလို ပြည်ပကို ပြောင်းရွှေ့ဖို့ တွန်းအားပေးခံနေရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ဖုံးကွယ်ချင်တဲ့ စစ်ကောင်စီဟာ သတင်းမီဒီယာတွေကို ကန့်သတ်ပိတ်ပင်တာ၊ သတင်းသမားတွေကို မတရား ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာတွေကိုလည်း ကျူးလွန်နေတယ်လို့ ပြောထားပါတယ်။
မြိုင်မှာ တိုက်ပွဲဖြစ်၊ လေကြောင်းကနေဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မ စစ်ကြောင်းနဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ တိုက်ပွဲ အခြေအနေတွေကို သိရှိသူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ပခုက္ကူကနေ မြိုင်၊ စိုတွင်းကြီးကျေးရွာကို မေ ၁ ရက်ကစပြီး ရောက်ရှိလာပြီးနောက် မေ ၂ ရက်မှာ သစ်တောကြီးရွာနဲ့ လေးတန်းရွာဘက်ကို ဝင်လာချိန်မှာ တိုက်ပွဲဖြစ်နေတာပါ။
"အခုလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ မနက်ကတည်းကနေ လေကြောင်းရော၊ စက်တပ်လေထီးတွေနဲ့ရော ဗုံးတွေလာကြဲနေတယ်။ အဲဒီရွာဘက်တွေကို စစ်ကြောင်းထိုးနိုင်တယ်လို့ သတိပေးထားကြတော့ ဒေသခံတွေက စစ်ရှောင်နေကြတယ်"လို့ သူက ပြောပါတယ်။
မေ ၂ ရက် ည ၉ နာရီခွဲလောက်မှာ တစ်ကြိမ်၊ မေ ၃ ရက် မနက် ၇ နာရီခွဲကနေ ၈ နာရီကျော်အထိ လေကြောင်း ရှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၃၀ ဝန်းကျင် ကြဲချသွားတယ်လို့ အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင်က ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ကြောင်းဟာ မြိုင်မြို့ဘက်ကို ဦးတည်နိုင်တာကြောင့် မြို့နားတစ်ဝိုက်က ပြည်သူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအပါအဝင် ထိခိုက်လွယ်သူတွေကို ကြိုတင်ရွှေ့ပြောင်းထားကြဖို့ကိုလည်း သတိပေးထားကြပါတယ်။
လေကြောင်းရန်ကို သတိထားကြဖို့နဲ့ ဗုံးခိုကျင်းတွေ မဖြစ်မနေ တူးထားဖို့ကိုလည်း အရပ်ဖက် အဖွဲ့အစည်းတွေက သတိပေးနေကြပါတယ်။
ငလျင်ကြောင့် သေဆုံးသူ ၃၈၀၀ ကျော်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန
အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၃၈၃၉ ယောက် ရှိလာပြီလို့ စစ်ကောင်စီက မေ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ထိခိုက်ဒဏ်ရာရသူက ၅,၁၀၅ ယောက်ရှိပြီး ပျောက်ဆုံးသူ ၁၀၁ ယောက်ရှိနေပါတယ်။
ပြည်ပရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ပြည်တွင်း ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်သူ ၆၅၃ ယောက် ကိုကယ်တင်ပေးနိုင်ပြီး သေဆုံးသူ ၇၈၆ ယောက်ကို ရှာဖွေပေးနိုင်ခဲ့တယ်လို့ မေ ၂ ရက်အထိရရှိတဲ့ စာရင်းအရ သိရပါတယ်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက မေ ၃ ရက် မနက်ပိုင်းမှာ မန္တလေးမြို့ Sky Villa အဆောက်အဦပြိုကျတဲ့ နေရာကနေ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်း ၊ မေ ၂ ရက်မှာ အမျိုးသမီး သုံးယောက်ရဲ့ ရုပ်အလောင်းတို့ကို ရှာဖွေထုတ်ယူနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်တွင်း လူမှုကူညီရေးအဖွဲ့တွေက အရေးပေါ်ကယ်ဆယ်တာ၊ ရှာဖွေရေးလုပ်တာ၊ ရှင်းလင်းဖြိုချတာ၊ ပြန်လည်တည်ဆောက်တာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်တာ၊ ပြန်လည်ထူထောင်ဖို့ ကူညီထောက်ပံ့ပေးတာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ နမ့်လတ် လူမှုကူညီကယ်ဆယ်ရေးကနေ သိရပါတယ်။
လက်ရှိမှာတော့ လူနေဖို့ မသင့်တော်တဲ့ ငလျင်ဒဏ်သင့် အဆောက်အဦတွေကို ရှင်းလင်းဖြိုချတာ၊ ပြန်လည်တည်ဆောက်တဲ့ အဆင့်ကို ရောက်နေကြပြီလို့လည်း နမ့်လတ်လူမှုကူညီရေးအဖွဲ့က ပြောထားပါတယ်။
ကူမင်းဆွေးနွေးပွဲ မအောင်မြင်တဲ့နောက်ပိုင်း မိုးကုတ် ဆက်တိုက်ဗုံးကြဲခံရ

ဓာတ်ပုံ ရင်းမြစ်, TNLA
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက မေ ၂ ရက် ညနေပိုင်းနဲ့ မေ ၃ ရက် မနက်ပိုင်းတွေမှာ ဗုံးကြဲခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ TNLA နဲ့ စစ်ကောင်စီတပ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဧပြီ လကုန်ပိုင်းက တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့နောက် စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲခဲ့တာပါ။
မေ ၂ ရက် ည ၁၁ နာရီနဲ့ ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ပေါင် ၂၅၀ ဗုံးနှစ်လုံး ပစ်ချခဲ့တာကြောင့် မိုးကုတ်မြို့ အနောက်ပိုင်း အုတ်ပြင်ရပ်ကွက်ဓမ္မာရုံနဲ့ ပြည်သူနေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မေ ၃ ရက် ဒီနေ့မနက်ပိုင်းကြဲခဲ့တဲ့ ဗုံးဟာ မိုးကုတ်မြို့ အနောက်ပိုင်း၊ ကသဲရပ်ကွက် ဘုန်းကြီးကျောင်းနားကို ကျရောက်ပေါက်ကွဲပြီး လမ်းခင်းနေတဲ့ ပန်းရံဆရာတစ်ယောက် ဗုံးဆံ ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ပြောထားပါတယ်။
ကူမင်းဆွေးနွေးပွဲမှာ မြန်မာစစ်တပ်ဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တွေကနေ နမ့်ဆန်နဲ့ မန်တုံမြို့နယ်ထဲ အထိ ပြန်ဆုတ်ခွာဖို့ TNLA ကို တောင်းဆိုခဲ့တာကြောင့် သဘောမတူနိုင်တဲ့အတွက် နှစ်ဘက်အပြန်အလှန် ဆွေးနွေးမှု တဆင့် မတိုးနိုင်ခဲ့ဘူးလို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာ စတာတွေကို ရပ်တန့်ဖို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ ၊ ကိုးကန့်တပ်ဖွဲ့ MNDAA လို တဆင့်တိုး အပစ်ခတ်ရပ်စဲရေး လုပ်နိုင်ဖို့ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်က ကြားဝင်ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီက ငလျင်ဒဏ်သင့် အဆောက်အဦတွေကို စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, မန္တလေးနေ့စဉ်
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ကျွမ်းကျင်ပညာရှင်တွေ မြန်မာနိုင်ငံကိုရောက်နေပြီး မန္တလေးမြို့ထဲက ငလျင်ဒဏ်သင့် အဆောက်အဦတချို့ရဲ့ ကြံ့ခိုင်မှုတွေကို တိုင်းတာစစ်ဆေးခဲ့ပါတယ်။
IAEA ကျွမ်းကျင် ပညာရှင် ၄ ယောက်၊ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက ပညာရှင်တွေ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ဟာ နည်းပညာတက္ကသိုလ် (မန္တလေး)နဲ့ မဟာမြတ်မုနိ ဘုရားတို့ကို စက်ပစ္စည်းတွေနဲ့ အသေးစိတ် တိုင်းတာ ဆန်းစစ်ခဲ့ကြတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ထုတ်ပြန်ပါတယ်။
IAEA ပညာရှင်တွေက ငလျင်ဘေးမှာ တိုင်းတာ စစ်ဆေးခဲ့တဲ့ အတွေ့အကြုံတွေ၊ မူရင်းမပျက် တိုင်းတာစစ်ဆေးမှု နည်းပညာကို သုံးပြီး ခေတ်မီတိုင်းတာရေး စက်ပစ္စည်းတွေရဲ့ အသုံးပြုနည်းတွေကိုလည်း ပုသိမ်ကြီးမြို့နယ်ထဲက နည်းပညာတက္ကသိုလ် (မန္တလေး) မှာ မျှဝေခဲ့တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ဟာ မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ မေ ၁ ရက်မှာ တွေ့ဆုံပြီး ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှု တိုင်းတာစစ်ဆေးတဲ့လုပ်ငန်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အပြည်အပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)အဖွဲ့ဟာ ၂၀၁၇ ခုနှစ်မှာ မက္ကစီကို၊ ၂၀၁၉ ခုနှစ်မှာ အယ်ဘေးနီးယား၊ ၂၀၂၃ ခုနှစ်မှာ အီကွေဒေါ၊ ၂၀၂၄ ခုနှစ်မှာ ဆီးရီးယား နိုင်ငံတွေက ငလျင်ဘေးတွေမှာ တိုင်းတာစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးနဲ့ နတ်တလင်းက တပ်စခန်း ၇ ခုကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၆ ခုနဲ့ နတ်တလင်းမြို့နယ်ထဲက ရဲကင်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ရရှိတယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
ရန်ကုန်ကနေ ကားနဲ့ ၄ နာရီဝန်းကျင်သာ ခရီးဝေးတဲ့ နတ်တလင်းမြို့နယ်ထဲက ဒမငယ်ကျေးရွာမှာ တပ်စွဲထားတဲ့ ရဲကင်းစခန်းကို မေ ၂ ရက်မှာ သိမ်းပိုက်နိုင်တယ်လို့ ထုတ်ပြန်လာတာပါ။
ဒမငယ်ရွာ ရဲကင်းစခန်းကို ဝင်တိုက်တာ တစ်နာရီဝန်းကျင်သာ ကြာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးပြီး ကျန်တဲ့သူတွေက စခန်းစွန့်ခွာ ထွက်ပြေးသွားကြတာကြောင့် ၆၀ မမ စိန်ပြောင်း၊ လက်နက်ငယ်တွေ၊ နင်းမိုင်းနဲ့ ယာဉ်ဖျက်မိုင်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့နယ်ထဲမှာတော့ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါ စတဲ့ ကျေးရွာတွေနဲ့ နောင်ကုန်းတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းတွေကို သိမ်းပိုက်နိုင်ကြတာ ဖြစ်ပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်က တပ်တွေ ပူးပေါင်းပြီး ဧပြီ ၂၈ ရက်မှာ တချိန်တည်း ထိုးစစ်ဆင် တိုက်ခိုက်ကြတာလို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲ အခြေအနေတွေအကြောင်းကို သိရဖို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲကိုလည်း ဘီဘီစီက ဆက်သွယ်တဲ့အခါ ""ဧပြီ ၂၈ တစ်ရက်တည်းမှာပဲ အကုန်လုံး ဝင်သိမ်းတာပါ။သူတို့တွေ ဆုတ်ပြေးချိန်မှာ အလောင်းတွေ သိမ်းသွားတယ်။ ကျွန်တော်တို့က သူတို့စခန်းကို သိမ်းပိုက် ဖျက်ဆီးရှင်းလင်းပြီး ပြန်လာခဲ့တယ် " လို့ တာဝန်ရှိသူက ပြောပါတယ်။
တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ ထုတ်ပြန်ချက်အရ ဒီစခန်းသိမ်း တိုက်ပွဲမှာ ဒုတပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး ဆုတ်ခွာထွက်ပြေးကြတာကြောင့် စစ်လက်နက်ပစ္စည်းတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့သတင်းတွေ ဖြန့်ဝေနေတဲ့ တယ်လီဂရန်မှာလည်း မုန်းနဲ့ ကျောက်ကြီးမြို့နယ်ထဲက စခန်းငယ် ၅ ခုကို ကရင်အမျိုးသား အစည်းအရုံး (KNU) က တိုက်ခိုက်သလို ပဲခူးအနောက် နတ္တလင်းအရှေ့ခြမ်း ဒမငယ်ရဲကင်း တိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်ထားကြပါတယ်။








