မေလ ၁၄ ရက်ထိပ်တန်းရောက်သတင်းစုစည်းချက် - မိုခါမုန်တိုင်း စစ်တွေမြို့အနီးကို စတင်ဖြတ်ကျော်နေပြီ၊ အညိုရောင်အဆင့်ရောက်ရှိ
ချင်းနဲ့မကွေးမှာ လေပြင်းပိုတိုက်လာ ၊ မုန်တိုင်းကြိုတင်ပြင်ဆင်မှုလုံလုံလောက်လောက်မရှိဘူးလို့ ဒေသခံတွေပြော

ဒီကနေ့ မေလ ၁၄ ရက် ညနေ ၅ နာရီနောက်ပိုင်းမှာ ချင်းပြည်နယ်နဲ့ မကွေးတိုင်းဘက်မှာ မိုးအဆက်မပြတ်ရွာပြီး လေပြင်းတွေပိုတိုက်ခတ်လာပြီလို့ မြေပြင်မှာရှိနေတဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ချင်း၊ မကွေးဒေသတွေမှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့အပြင် ဖုန်းလိုင်းတချို့ပါ ပြတ်တောက်ခံထားရတာကြောင့် အားအလွန်ကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေမရသလို ကြိုတင်ပြင်ဆင်မှုလုံလုံလောက်လောက်မရှိနေဘူးလို့ ပြောကြပါတယ်။
"ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ရင်က ဒီဘက်ကို အဖျားခတ်လေ့ရှိပေမဲ့ ပြင်းပြင်းထန်ထန်မဖြစ်ဘူးတော့ မုန်တိုင်းရှောင်ဖို့ပြောပေမဲ့ မပြောင်းကြတာတွေ၊ လက်လှမ်းမမှီကြတာတွေဖြစ်နေတယ်။ အခုက တောင်ယာခုတ်ချိန်ဆိုတော့ တောင်ယာတဲထဲမှာပဲ စစ်ရှောင်ရင်း အကုန်နေနေကြတော့တာ။ စစ်ကြောင်းတွေလည်းထိုးလေ့ရှိတော့ ရွာထဲပြန်နေဖို့ မပြေကြဘူး" လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က ပြောပါတယ်။
မကွေးတိုင်းဘက်မှာလည်း မနက်ပိုင်းကတည်းက လေပြင်းတွေတိုက်နေတာဖြစ်ပေမဲ့ ညနေပိုင်းမှာ သိသိသာသာများနေပြီး ဂန့်ဂေါဘက်မှာဆိုရင် သစ်ပင်ပြိုလဲတာတွေပါရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
"သစ်ပင်အကိုင်းတွေလဲကျနေတာကိုတော့ ကျွန်တော်တို့မြင်နေရတယ်။ အခုခိုင်မယ်ထင်တဲ့ နေရာမှာ ကျွန်တော်တို့တချို့စုနေ နေကြတယ်။ အများစုက တောထဲမှာ စစ်ရှောင်ရင်း နေကြတာ။ မိုးကာတဲတို့ သက်ကယ်တဲတို့ဆိုတော့ အခုလေနဲ့မိုးနဲ့က လဲမှာဗျ။ အပြင်ထွက်မရတော့ မသိရသေးဘူး" လို့ ဂန့်ဂေါ၊ နှမ်းခါးရွာသားတဦးက ပြောပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ အရပ်ဖက်မိုးလေဝသစောင့်ကြည့်သူတွေက ခန့်မှန်းထားတဲ့ ချင်းပြည်နယ်ထဲက မတူပီ၊ ဟားခါးအပါအဝင် မကွေးတိုင်းထဲက ထီးလင်းဘက်ကို မုန်တိုင်းအခြေအနေမေးမြန်းဖို့ ဘီဘီစီက ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်းတွေဆက်သွယ်လို့မရခဲ့ပါဘူး။
မိုခါဆိုင်ကလုန်းမုန်တိုင်းနောက်ဆုံးရအခြေအနေ - နောက်တနေ့နေ့ခင်းပိုင်းအထိ စစ်တွေဒေသခံတွေအပြင်မထွက်ကြသေးဖို့ မိုးဇလသတိပေး

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
ဒီကနေ့ညနေပိုင်းမှာ ချင်းနဲ့မကွေးကို မုန်တိုင်းဆက်ဝင်မယ်
ရခိုင်ကမ်းရိုးတန်းဒေသ၊ စစ်တွေမြို့ကို မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ အဆုံးပိုင်း က ဝင်ရောက်တိုက်ခတ်နေပြီဖြစ်တာကြောင့် ဒီကနေ့ည ၁၀ နာရီဝန်းကျင်အထိ မုန်တိုင်းဆက်တိုက်နေမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဆီကသိရပါတယ်။
ဒါကြောင့် စစ်တွေဒေသခံတွေအနေနဲ့ နောက်တနေ့ မေလ ၁၅ ရက် နေ့လယ်ပိုင်းအချိန်အထိ အပြင်မထွက်ကြဖို့ တိုက်တွန်းထားပြီး ကယ်ဆယ်ရေးလုပ်ဆောင်သူတွေ ကူညီပေးတဲ့အခါမှသာ အပြင်ထွက်ကြဖို့ သတိပေးပါတယ်။
ဒီကနေ့ မေလ ၁၄ ရက် ညနေပိုင်းမှာတော့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲကို အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ ဆက်ဝင်ရောက်မှာဖြစ်ပြီး မနက်ဖြန် မေလ ၁၅ ရက်မှာတော့ စစ်ကိုင်းတိုင်းထဲကို ကုန်းတွင်းမုန်တိုင်းငယ်အနေနဲ့ ဆက်ရွေ့လျားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
အမြင့်ဆုံးလေတိုက်နှုန်းအနေနဲ့ ရခိုင်ပြည်နယ်မှာ တနာရီကို မိုင် ၉၀ ကနေ မိုင် ၁၀၀ ခန့်အထိ၊ စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ ချင်းပြည်နယ်တို့မှာ တနာရီကို မိုင် ၆၀ ကနေ မိုင် ၇၀ ခန့်အထိ တိုက်ခတ်ဖို့ရှိနေပြီး ကျန်ဒေသတွေမှာတော့ မိုင် ၄၀ ကနေ မိုင် ၅၀ ခန့်အထိ ရှိမယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ ပျက်စီးမှုရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိုခါမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဒုက္ခသည်အကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ RRRC က ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းက အဆောက်အအုံတွေက ယာယီအဆောက်အအုံတွေပဲ ဖြစ်လို့ မုန်တိုင်းကြောင့် ပျက်စီးမှုတချို့ ရှိခဲ့တယ်၊ ဒါပေမဲ့ ပျက်စီးမှုအသေးစိတ်ကို မသိရသေးဘူးလို့ RRRC အဖွဲ့က ကော်မရှင်နာ မီဇန်နာ ရာမန်က ပြောပါတယ်။
လောလောဆယ်အချိန်ထိတော့ အဆောက်အအုံ ၅၀၀ လောက် ပျက်စီးသွားတယ်၊ တချို့က လုံးဝပျက်စီးသွားသလို တချို့က တစ်ပိုင်းတစ်စ ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
သစ်ပင်တွေ လဲကျတာ နဲ့ မြေပြိုတဲ့ ဖြစ်စဉ် ၂ ခုလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ မြန်မာပြည်က ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် ရှိနေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ပြည်နယ်နဲ့တိုင်း ၄ ခုမှာ သေဆုံးသူ ၅ ယောက်ရှိလို့ NUG ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, NUG
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဝင်ရောက်နေတဲ့ အင်အားကြီးမားတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတွေမှာ သေဆုံးသူ ၅ ယောက်ရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ မေ ၁၄ မှာ ထုတ်ပြန်ပါတယ်။
သေဆုံးရတဲ့ အကြောင်းအရင်းတွေကိုတော့ မဖော်ပြထားပါဘူး။
လက်ရှိအချိန်မှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နဲ့ ရခိုင်ကမ်းရိုးတမ်းကို ဝင်ရောက်တိုက်ခတ်နေပြီး လေတိုက်နှုန်းပြင်းထန်တာကြောင့် ဆက်သွယ်ရေး တာဝါတိုင်ကျိုးကျပျက်ဆီးတဲ့အတွက် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့အကြောင်း၊ စစ်တွေမြို့ပေါ်မှာ နှစ်ရှည်သစ်ပင်တချို့ လဲတာ၊ နေအိမ်တွေ အမိုးလန်ပျက်စီးတာတွေ ဖြစ်ပွားခဲ့သလို ဂွမြို့နယ်မှာ၊ ရွှေဦးကင်းကျေးရွာမှာလည်း နေအိမ် ၅၀ လောက် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အနီရောင်အဆင့် သတ်မှတ်ထားတဲ့ မြို့နယ် ၇ ခုနှာလည်း လေပြင်းတိုက်တာ၊ လှိုင်းကြီးတာတွေ ဆက်ဖြစ်ပေါ်နေတဲ့အပြင် စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာလည်း စစ်ကြောင်းထိုးတာ၊ ၃ ရက်ဆက်တိုက် မိုးရွာတာကြောင့် စစ်ဘေးရှောင်တွေ ဖျားနာနေတယ်လို့လည်း ဆိုပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် စစ်ဘေးရှောင်တွေရဲ့ သတင်းအချက်လက်တွေ ရရှိဖို့ ခက်ခဲနေတယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
စစ်တွေမှာ ဆက်သွယ်ရေးလိုင်းအကုန်ပြတ်တောက်

ဓာတ်ပုံ ရင်းမြစ်, Western News
မိုခါဆိုင်ကလုန်းဝင်ရောက်တိုက်ခတ်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ဒေသခံတွေဆီ ဖုန်းလိုင်းဆက်သွယ်လို့ မရတော့ပါဘူး။
"အမ်ပီတီဖုန်းလိုင်းအကုန်လုံးပြတ်တောက်သွားပါပြီ၊ အော်ရီဒူးတောင် တတိုင်ပဲတက်တော့တယ်။ အခုအိမ်တွေက သစ်သားအိမ်၊ တဲအိမ်ဆိုအကုန်ပြိုသွားပြီ။ ခိုင်ခံ့တဲ့တိုက်အိမ်တွေက အမိုးအကုန်မရှိတော့ဘူ" လို့ ဘီဘီစီဆက်သွယ်လို့ရခဲ့တဲ့ စစ်တွေဒေသခံက ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်တွေမြို့ပေါ်မှာ ဘယ်သူမှ အပြင်ထွက်သွားလာလို့မရသလို ကယ်ဆယ်ရေးတွေမရှိနေဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နာရီပိုင်းအတွင်း စစ်တွေမြို့ကနေအိမ်တွေထဲ ပိတ်မိနေတာကြောင့် ကူညီကယ်ဆယ်ပေးဖို့ လူမှုကွန်ယက်စာမျက်နှာပေါ်ရေးသားအကူအညီတောင်းခဲ့တဲ့ ဖုန်းနံပါတ်တွေကိုလည်း ဆက်သွယ်လို့မရတော့ပါဘူး။ ဒါ့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေ အနီရောင်အဆင့်ကြေညာထားတဲ့ စစ်တွေအပါအဝင် ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောနဲ့ မာန်အောင်စတဲ့ ဒေသခံတွေရဲ့ ဖုန်းလိုင်းတွေကိုလည်း ဆက်သွယ်လို့မရတော့ဘဲ ဆက်သွယ်မှုဧရိယာပြင်ပဖြစ်နေပါတယ်။
ဂွမှာ လေပြင်းတိုက်လို့ နေအိမ် ၅၀ ကျော်ပျက်စီး

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွှေဦးကွင်းကျေးရွာမှာ ဒီနေ့ မေ ၁၄ ရက် မနက် ၅ နာရီခွဲဝန်းကျင်လောက်က လေပြင်းတိုက်ခိုက်တာကြောင့် နေအိမ် ၅၀ ကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနက်ပိုင်း ၅ ခွဲဝန်းကျင်ကနေ ၆ နာရီဝန်းကျင်လောက်အထိ လေပြင်းတိုက်ခိုက်တာကြောင့် ဓာတ်တိုင်တွေလဲတာ၊ သစ်ပင်တွေလဲတာ၊ နေအိမ်တွေပြိုကျပျက်စီးတာတွေရှိပေမဲ့ လူအထိအခိုက်တော့ မရှိဘူးလို့ ဂွမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“သူက ပင်လယ်နဲ့လည်းဝေးတယ်။ ညကတည်းက လေပြင်းတွေ တိုက်နေတာ၊ မနက်ကျတော့ နေအိမ်တွေပါ ပြိုတယ်။ တခြားရွာတွေတော့ ဘာမှမဖြစ်ဘူး၊ အဲ့ရွာပဲဖြစ်တာ။ မိုခါမုန်တိုင်းကြောင့်လား၊ လေပြင်းတိုက်တာကြောင့်ပဲလားတော့ မပြောတတ်ဘူးပေါ့၊ အခုလည်း ပုံမှန်ပဲ လေက တိုက်လိုက်၊ ရပ်လိုက်တော့ဖြစ်နေတာ၊ မြို့ထဲမှာတောင့် ထရန်စဖော်မာတစ်လုံးတော့ လဲသွားသေးတယ်”လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
ပြိုကျပျက်စီးနေတဲ့ နေရာတွေကို မီးသတ်ဌာနအပါအဝင် လူမှုအဖွဲ့အစည်းတွေက သွားရောက်ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
ကနီနဲ့ ခင်ဦးက ဒေသခံ တသောင်းခွဲကျော် မုန်တိုင်းမိုးရေထဲ စစ်ရှောင်နေရ

ဓာတ်ပုံ ရင်းမြစ်, Pyae Aung Naing Kani
မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးအဆက်မပြတ်ရွာနေချိန်မှာပဲ စစ်ကိုင်းတိုင်း၊ ကနီနဲ့ ခင်ဦးမြို့နယ်တွေက ဒေသခံ တသောင်းခွဲကျော် ဟာ စစ်ကြောင်းထိုးခံရတာကြောင့် စစ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ကနီမြို့နယ်ထဲမှာဆိုရင် ကျေးရွာအုပ်စု ၅ ခုကနေ ဒေသခံ ၁ သောင်း ၃ ထောင်ကျော်နဲ့ ခင်ဦးအနောက်ခြမ်းမှာလည်း စစ်ရှောင်ဒေသခံ ၃ ထောင်ကျော် ရှိနေတယ်လို့ ကူညီပေးနေသူတွေပြောပါတယ်။
“အခုက ကနီမှာ ၁၂ ရက်ကတည်းက မိုးတွေရွာတယ်။ စစ်ကြောင်းကလည်းထိုးတယ်။ မုန်တိုင်းအန္တရာယ်ထက် စစ်ကြောင်းအန္တရာယ်ကို ကြောက်နေရလို့ မိုးထဲလေထဲ ၊ ချောင်းတွေရေလျှံနေတဲ့ကြားကနေ ပြေးနေကြရတယ်”လို့ ကနီဒေသခံ ကိုပြည့်အောင်နိုင်က ပြောပါတယ်။
ဒီစစ်ကြောင်းတွေထဲ ကနီ၊ တွင်းရွာမှာဆိုရင် အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ယောက် အဖမ်းခံထားရသလို ခင်ဦး၊ အင်းပတ်ရွာမှာလည်း အသက် ၄ နှစ်အရွယ် ကလေးငယ် တဦး ဒီကနေ့မနက်ပိုင်းမှာ ကျည်ထိမှန်တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
အခုလိုစစ်ကြောင်းထိုးနေတဲ့ စစ်ကိုင်းတိုင်းဟာ အလွန့်အလွန်အားကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းမယ့်လမ်းကြောင်းပေါ်မှာတည်ရှိနေပြီး အမြင့်ဆုံးလေတိုက်နှုန်းအနေနဲ့ တနာရီကို မိုင် ၇၀ ကနေ ၉၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ပုဂံ - ညောင်ဦးဒေသမှာ စံချိန်တင်မိုးရွာပြီး ချောင်းရေလျှံ ၊ ပုဂံဘုရားတွေထိခိုက်မှုမရှိသေးဘူးလို့ ပြော

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Service Department
ဒီကနေ့ မေလ ၁၄ ရက် မနက်ပိုင်းကစလို့ မန္တလေးတိုင်း၊ ပုဂံ - ညောင်ဦးဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ချောင်းရေတွေလျှံနေတာကြောင့် ယာဉ်မောင်းနှင်သွားလာတာတွေ လုပ်လို့မရတော့ဘူးလို့ လူမှုကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ ပုံမှန်ထက်ပိုပြီး လေပြင်းတိုက်ခတ်တာတွေရှိနေတယ်လို့ ဆိုကြပြီး ဘီဘီစီမေးမြန်းတဲ့ ညနေ ၃ နာရီခွဲဝန်းကျင်အထိ ပုဂံဘုရားတွေ ထိခိုက်တာမရှိသေးဘူးလို့ ပြောကြပါတယ်။
"ပုဂံကော ညောင်ဦးမှာရော ရှိသမျှ ချောင်းတွေအကုန်ရေကျော်နေပြီ။ ရေစီးလည်းတအားသန်တယ်၊ တုတ်တုတ်တွေဆို ဖြတ်လို့ကိုမရဘူး။ ပုဂံမြို့ပေါ်မှာတော့ အခုမနက်ကတည်းက သစ်ပင်ကြီး ၆ ပင်လောက်ရှိပြီ၊ အိမ်တွေပေါ်လဲလို့အကုန်ရှင်းလင်းရေးလုပ်ပေးနေတယ်" လို့ ပုဂံလူမှုကူညီရေးအသင်းဝင်တဦးက ဆိုပါတယ်။
ညောင်ဦးဒေသမှာဆိုရင်လည်း မင်းနန်သူ၊ သူဋ္ဌေးကန်၊ မိုးနက်ကုန်းစတဲ့ ချောင်းတွေအကုန်ရေကျော်နေပြီး စံချိန်တင်မိုးရွာသွန်းနေတယ်လို့ ညောင်ဦးကူညီသူတွေကဆိုပါတယ်။
မေလ ၁၃ ရက်က ညောင်ဦးမြို့မှာ ရွာခဲ့တဲ့ မိုးရေချိန်ဟာ နှစ်ပေါင်း ၅၈ နှစ်အကြာမှာ အများဆုံး မိုးရွာသွန်းတဲ့ စံချိန်သစ်လည်း တင်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
လာမယ့်တနာရီခွဲအတွင်း မိုခါမုန်တိုင်းဗဟိုချက် စစ်တွေကိုဖြတ်ဖို့ရှိ

အလွန့်အလွန်အားကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဗဟိုချက်ဟာ လာမယ့်တနာရီခွဲအတွင်း စစ်တွေမြို့ကို ဖြတ်ဖို့ရှိနေပြီလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဘီဘီစီကို ပြောပါတယ်။
လက်ရှိ စစ်တွေမြို့မှာလည်း လူတစ်ယောက် မတ်တပ်မရပ်နိုင်လောက်တဲ့အထိ လေပြင်းတွေဆက်တိုက် တိုက်ခတ်နေသလို ရေဝင်ရောက်မှုတွေပါရှိနေပြီး အပျက်အစီးများနိုင်တယ်လို့ ဒေသခံတွေက နေ့လယ် ၂ နာရီအချိန်မှာ ပြောပါတယ်။
“မုန်တိုင်းက အတော်ဆိုးမယ် အပျက်စီးက အတော်များမယ်။ ဒီအချိန်မှာ ကျနော်တို့က ဘာကိုစိတ်ပူနေရလဲဆိုရင် လူမသေဖို့၊ လူ့အသက်တစ်ချောင်းက အရေးကြီးနေတယ်။ ပစ္စည်းတွေ တော်တောများများ ပျက်စီးမယ်ဆိုတာကတော့ ပုံသေကားချပ် ပြောလို့ရတယ်။” လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။
မုန်တိုင်းဗဟိုချက် စစ်တွေကို ဖြတ်ပါက တနာရီကို ၁၂၅မိုင်ခန့် တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ဒီကနေ့ နေ့လယ်ပိုင်းမှာ ပြောထားပါတယ်။
မြန်မာပြည်သား တယောက်မကျန်ကူညီဆောင်ရွက်ပေးသွားဖို့လိုတယ်လို့စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, Popular News Journal
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ထိခိုက်မှုဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာရှိတဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်ပေးနိုင်ဖို့ ဆေးဝါးတွေ၊ ဆေးဝန်ထမ်းတပ်ဖွဲ့တွေကို ကြိုတင်ဖွဲ့စည်းထားဖို့နဲ့ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်တွေကို ဒီကနေ့ကစပြီး အသင့်ပြင်ဆင်ထားဖို့ စစ်ခေါင်းဆောင်က ထုတ်ပြောလာပါတယ်။
ဒီကနေ့ မေလ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်ဦးစီးပြီး အစည်းအဝေးပြုလုပ်ကာ အရေးပေါ်စားနပ်ရိက္ခာတွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို အသင့်တင်ဆောင်ထားဖို့ စတဲ့ ရိက္ခာ၊ ဆေးဝါးသယ်ယူပို့ဆောင်ရေးတွေကို မှာကြားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာဖော်ပြပါတယ်။
စစ်ကောင်စီဟာ မြန်မာနိုင်ငံသားအားလုံးတယောက်မကျန်ကူညီဆောင်ရွက်ပေးဖို့ ဝန်ကြီးဌာနအသီးသီးနဲ့ ဆောင်ရွက်တာအပြင် အာဆီယံလူသားချင်းစာနာကူညီမှု ညှိနှိုင်းဆောင်ရွက်ရေးဌာန AHA Center နဲ့ပါပူးပေါင်းဆောင်ရွက်ရေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း မုန်တိုင်းဝင်ရောက်နိုင်ချေရှိတဲ့ဒေသတွေမှာရှိတဲ့ အရပ်ဖက်အဖွဲ့တွေက မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ဖို့နဲ့ မုန်တိုင်းကာလအတွက် ကူညီနိုင်ဖို့ပါ ပြင်ဆင်နေသလို ဒေသအသီးသီးမှာရှိနေတဲ့ လက်နက်ကိုင်အင်အားစုတွေကပါ ကူညီပေးနေတာကို ဒေသခံတွေဆီက သိရပါတယ်။
လာမယ့်နာရီပိုင်းအတွင်း မုန်တိုင်းဗဟိုချက် စစ်တွေမြို့ကိုဆက်ဖြတ်မယ် ၊ မိုခါမုန်တိုင်းကြာချိန် ၁၂ နာရီအထိရှိနိုင်မယ်လို့ မိုးဇလခန့်မှန်း

ဒီကနေ့ မေလ ၁၄ ရက်မနက်ပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းက ရခိုင့်ကမ်းရိုးတန်း၊ စစ်တွေမြို့ကို စတင်ဝင်ရောက်နေပြီး လာမယ့်နာရီပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းဗဟိုချက် စစ်တွေကိုဆက်ဖြတ်သွားမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနဆီက သိရပါတယ်။
"လက်ရှိပင်လယ်ထဲက မုန်တိုင်းရဲ့ဗဟိုမှာက ၁၃၇ မိုင်နှုန်းနဲ့ တိုက်ခတ်နေတယ်။ ဗဟိုနဲ့ နီးလေ လေတိုက်ခတ်နှုန်းက လျော့လေဆိုတော့ စစ်တွေမြို့ကို မုန်တိုင်းဗဟိုဖြတ်ချိန်မှာ ၁၂၅ မိုင်နဲ့ တိုက်မယ်လို့ မှန်းတယ်။ အများကြီးတော့ လေတိုက်နှုန်းမလျော့သွားဘူး" လို့ မိုးဇလရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက ပြောပါတယ်။
စစ်တွေမြို့ပေါ်မှာတော့ သစ်ပင်အများစုသာမက သစ်သားအိမ်တွေပါ ပြိုကျနေပြီလို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။
"လမ်းလျှောက်ရင်ကို လွင့်ထွက်သွားမယ့်အနေအထားဖြစ်နေပြီ" လို့ စစ်တွေဒေသခံက ပြောပါတယ်။
ဒီကနေ့မနက် ၆ နာရီဝန်းကျင်ကနေ မုန်တိုင်းစဝင်နေတာဖြစ်ပြီး အားကောင်းတဲ့မုန်တိုင်းတွေရဲ့သဘာဝအရ မုန်တိုင်းကြာချိန် ၁၂ နာရီခန့် ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအခြေအနေအချိန်တော့ မိုခါမုန်တိုင်းဟာ ဘယ်မြို့နယ်တွေကို ဖြတ်သန်းသွားမလဲဆိုတာကို အတိအကျ ပြောလို့မရနိုင်သေးဘူးလို့လည်း မိုးဇလကပြောပါတယ်။
ကနဦးခန့်မှန်းချက်တွေအရ ရခိုင့်ကမ်းရိုးတန်းကနေ ချင်းပြည်နယ်၊ အဲ့ကတဆင့် မကွေး၊ စစ်ကိုင်းနဲ့ ကချင်ကို ဦးတည်သွားမယ်လို့ ပြောထားပါတယ်။
မုန်တိုင်းဗဟိုချက် စစ်တွေမြို့မှာ ဘာတွေဖြစ်နေပြီလဲ။

ရခိုင့်ကမ်းရိုးတန်းဒေသ၊ စစ်တွေမြို့ ကို ဒီကနေ့ မေလ ၁၄ ရက် ၁၁ နာရီ ခွဲ အချိန်မှာ အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
စစ်တွေမြို့မှာ လေတိုက်နှုန်းက ပြင်းထန်လာပြီး အပင်အိုတချို့ သစ်ပင်ပြိုလဲတာ၊ နေအိမ်အချို့ အမိုးလန်ပျက်စီးတာတွေဖြစ်နေပြီလို့ မြေပြင်မှာရှိနေသူတွေကပြောပါတယ်။
ဒီကနေ့ မေလ ၁၄ ရက်မနက် ၁၀နာရီခွဲအချိန် ဘီဘီစီရဲ့ ဒေသခံတွေဆီမေးမြန်းချက်အရ အနီရောင်အဆင့်သတ်မှတ်ခံထားရတဲ့ ရခိုင်က ၇ မြို့နယ်အများစုမှာ လေပြင်းတိုက်ခတ်နေပြီလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
ဒီကနေ့ မေလ ၁၄ ရက် မနက် ၁၀ နာရီခွဲအချိန်တိုင်းထွာချက်အရ အလွန့်အလွန်အားကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင့်ကမ်းရိုးတန်းဒေသတွေကို စစ်တွေမြို့အနီးကနေ စတင်ဖြတ်ကျော် ဝင်ရောက်နေပြီဖြစ်ပြီး အညိုရောင်အဆင့်အဖြစ် သတ်မှတ်ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လာပါတယ်။
မုန်တိုင်းဗဟိုချက် လေဖိအားက ၉၃၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းက တနာရီကို မိုင် ၁၃၀ ကနေ မိုင် ၁၃၇ မိုင်အထိ တိုက်ခတ်မယ်လို့ ပြောပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ ဗဟိုချက်ဟာ နေ့လယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ပြောထားပြီး အဲ့ဒီကတဆင့် မြောက်-အရှေ့ မြောက်ဘက်ကို ဆက်ရွေ့လျားကာ ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ ကချင်ဒေသတွေဆီ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ ရွေ့မယ်လို့ ခန့်မှန်းထားကြပါတယ်။
ရခိုင်ပြည်နယ်မှာ အမြင့်ဆုံးလေတိုက်နှုန်းအနေနဲ့ တနာရီကို မိုင် ၁၁၀ ကနေ မိုင် ၁၂၀ ခန့်အထိ၊စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ ချင်းပြည်နယ်တွေမှာ အမြင့်ဆုံး လေတိုက်နှုန်းက တနာရီကို လျှင် မိုင် ၇၀ ကနေ မိုင် ၉၀ ခန့်အထိနဲ့ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ကချင်၊ ရှမ်းနဲ့ ကယားစတဲ့ ဒေသတွေမှာတော့ အမြင့်ဆုံးလေတိုက်နှုန်းက တနာရီကို မိုင် ၄၀ ကနေ မိုင် ၆၀ ခန့် အထိ တိုက်ခတ်မယ်လို့ မိုးဇလက ပြောပါတယ်။
မုန်တိုင်းအနီရောင်အဆင့်သတ်မှတ်ထားတဲ့ ၇ မြို့နယ်က နောက်ဆုံးရအခြေအနေ

အနီရောင်အဆင့်သတ်မှတ်ခံထားရတဲ့ ရခိုင်က ၇ မြို့နယ်မှာ ဒီကနေ့ မေလ ၁၄ ရက်မနက်အစောပိုင်းကစလို့ လေပြင်းတိုက်ခတ်တာတွေကြုံနေရပြီး ရသေ့တောင်၊ မောင်တောစတဲ့ အချို့မြို့နယ်တွေမှာတော့ မိုးခပ်စိပ်စိပ်ရွာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ရသေ့တောင်တခုလုံးမှာ စစ်ရှောင် ၅ သောင်းလောက်ရှိပါတယ်။ မြို့ပေါ်ကို အကုန်ရွှေ့ထားတယ်။ မိုးကတော့ ရွာလိုက်ရပ်လိုက်ပဲ။ လေတိုက်တာကတော့ မိုင် ၂၀ နှုန်းလောက်ရှိနိုင်တယ်" လို့ ရသေ့တောင်ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။
တခါ မာန်အောင်နဲ့ ပေါက်တောမြို့နယ်တွေမှာတော့ ဒီကနေ့ မနက်အစောပိုင်းကစလို့ မိုးကြီးနေသလို လေပြင်းလည်းတိုက်ခတ်နေပြီလို့ ဆိုပါတယ်။ ပေါက်တောမြို့နယ်မှာဆိုရင် တောင်ဘက်ခြမ်းက ကျေးရွာတွေဆီက ဒေသခံ ထောင်နဲ့ချီ မြို့ပေါ်ကို တိမ်းရှောင်နေကြပြီလို့ ပေါက်တောဒေသခံတွေက ဆိုပါတယ်။
မြောက်ဦးမြို့ပေါ်မှာလည်း မုန်တိုင်းရှောင်သူ သောင်းနဲ့ချီရှိနေပြီး မနက်ပိုင်းမှာတော့ မြို့ပေါ်မှာ ဟင်းသီးဟင်းရွက်၊သားငါးရောင်းချတာတွေရှိနေပေမဲ့ စျေးကြီးပေးဝယ်နေရတဲ့အနေအထားလို့ သိရပါတယ်။ မုန်တိုင်းဗဟိုချက်ဖြစ်တဲ့ စစ်တွေမှာတော့ လျှပ်စစ်မီး၊ အင်တာနက် နဲ့ ဖုန်းလိုင်းတချို့ ပြတ်တောက်နေတယ်လို့ မြေပြင်မှာရှိနေတဲ့ ဘီဘီစီသတင်းထောက်ကပြောပါတယ်။
ရခိုင်က စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောနဲ့ မာန်အောင်စတဲ့ ၇ မြို့နယ်ကို အနီရောင်အဆင့်အဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားပါတယ်။
ဆိုင်ကလုန်းမိုခါမတိုက်ခိုက်ခင် အရေးပေါ်ကယ်ဆယ်ရေးတွေ အသင့်ပြင်၊ ရန်ပုံငွေတွေလည်းလိုအပ်တယ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေထုတ်ပြန်

မြန်မာနိုင်ငံတွင်းကို မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မတိုက်ခိုက်မီ အရေးပေါ်အခြေအနေ အကြီးစားတုံ့ပြန်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ထုတ်ပြန်ထားပါတယ်။
စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးအထောက်အပံ့တွေ၊ မော်တော်ယာဉ်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေကို ကြိုတင်နေရာချထားပြီး ရခိုင်ပြည်နယ်နဲ့ အနီးအနားဒေသက လူဦးရေပေါင်း ၄ သိန်းကျော်အတွက် တစ်လစာ ထောက်ပံ့ပေးနိုင်တဲ့ စားနပ်ရိက္ခာတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ WFP က မနေ့က ထုတ်ပြန်ထားတာပါ။
ဆိုင်ကလုန်းမိုခါရဲ့ လမ်းကြောင်းဟာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတွေကိုခံစားနေရပြီး ကြံ့ကြံ့ခံနိုင်မှုအားနည်းတဲ့ ဒေသတွေကို ဦးတည်နေတာကြောင့် နောက်ထပ်ဘေးအန္တရာယ်တစ်ခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိဘူးလို့လည်း WFP မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ်က ပြောထားပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး OCHA ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေက နိုင်ငံတော်အဆင့်အပြင်၊ ရခိုင်ပြည်နယ်နဲ့ ချင်း၊ မကွေး၊ စစ်ကိုင်းတို့အတွက် အရေးပေါ်တုံ့ပြန်မှုတွေ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်က ၁၀ ရာခိုင်နှုန်းသာ ထောက်ပံ့ထားပြီး ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုနဲ့ နောက်ဆက်တွဲရေကြီးမှုတွေ တုံ့ပြန်ဖို့အတွက် ရန်ပုံငွေလိုအပ်နေတယ်လို့လည်း UNOCHA က ဆိုပါတယ်။
ဆိုင်ကလုန်းမိုချာဟာ ဒီနေ့ မေ ၁၄ ရက် မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံ ကျောက်ဖြူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်စ် ဘဇား ကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
နာဂစ်ကြုံခဲ့ရတဲ့ လပွတ္တာကျေးရွာတွေက လေဘေးရှောင်လာသူဦးရေ တသောင်းကျော်လာ

ဓာတ်ပုံ ရင်းမြစ်, နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့
ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ကို မြစ်ကမ်းဘေးကျေးရွာတွေကနေ လေဘေးရှောင်လာသူ တသောင်းကျော်ရှိနေသလို မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေရှိတဲ့ကျေးရွာတွေမှာလည်း ရှောင်တိမ်းလာသူ ထောင်နဲ့ချီရှိလာပြီလို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
"ဖိုးလောင်းရွာမှာဆိုရင် နှစ်ထောင်လောက်ရှိပြီ။ လပွတ္တာမြို့ပေါ်ကတော့ တသောင်းကျော်က ရှေ့ရက်တွေထဲက လာရှောင်တိမ်းနေကြတာပါ။ မြို့ပေါ်က လေဘေးရှောင်တွေကတော့ အခက်အခဲမရှိအောင် ကူညီထားပါတယ်" လို့ နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တဦးက ပြောပါတယ်။
လပွတ္တာမြို့ရဲ့ ရာသီဥတုအခြေအနေကတော့ မနက် ၉ နာရီဝန်းကျင်အထိ မိုးရွာသွန်းတာမရှိသေးပေမဲ့ လေပြင်းတွေတိုက်ခတ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က လူပေါင်း တစ်သိန်း သုံးသောင်းကျော် သေဆုံးခဲ့တဲ့ မုန်တိုင်းနာဂစ်မှာ လပွတ္တာတစ်မြို့နယ်တည်းမှာတင် လူပေါင်း ရှစ်သောင်းကျော် သေဆုံးခဲ့ပါတယ်။
မုန်တိုင်းပထမဆုံးဝင်ရောက်မယ့်မြို့ဖြစ်တဲ့ စစ်တွေမှာ လျှပ်စစ်မီး၊ အင်တာနက် နဲ့ ဖုန်းလိုင်းတချို့ ပြတ်တောက်

ဒီကနေ့ မေလ ၁၄ ရက် မနက်အစောပိုင်း ရခိုင်ပြည်နယ် စစ်တွေ့မြို့ ရဲ့ ရာသီဥတု မြင်ကွင်းတွေဖြစ်ပါတယ်။
လေတိုက်တာ မိုးရွာတာတွေရှိနေပြီး တချက်တချက်လေပြင်းတဲ့ အခြေအနေရှိတယ်လို့ အဲဒီမှာရောက်နေတဲ့ ဘီဘီစီသတင်းထောက်က ပြောပြပါတယ်။
လျှပ်စစ်မီးပြတ်တောက်တာ ၊အင်တာနက် နဲ့ ဖုန်းလိုင်းတချို့ ပြတ်တောက်တာတွေစရှိပြီး ရာသီဥတုပြောင်းလဲမှုကို မြို့ခံတွေက သတိနဲ့စောင့်ကြည့်နေကြတဲ့ အခြေအနေပါ။
အများစုကတော့ စစ်တွေမြို့က ပေ၄၀ နဲ့ ၅၀ ကြားမြင့်တဲ့ ကုန်းမြေနေရာတွေကအဆောက်အဦတွေဆီကို ရွှေ့ပြောင်းထားကြတာဖြစ်ပါတယ်။ မြို့တွင်းလူသွားလူလာလုံးဝမရှိသလောက်ဖြစ်ပြီးဆိုင်ကယ်ကယ်ရီသမားတချို့ ကတော့ အသက်ကယ်အင်္ကျီဝတ်ပြီး သွားလာမှုရှိတယ်နေတယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ဇလဗေညွှန်ကြားမှုဦးစီးဌာနကတော့ အင်အားပြင်း လေတိုက်နှုန်း တစ်နာရီ ၁၂၅ မိုင်ရှိတဲ့ မိုခါ မုန်တိုင်းဟာ စစ်တွေမြို့ကို ဒီကနေ့ မေ၁၄ ရက် နေ့လယ်ပိုင်းမှာ ဖြတ်သန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။








