ထိုင်၀မ်ကျွန်းလုံခြုံရေးဆိုပြီး ကုန်သင်္ဘောတွေကို တက်ရောက်စစ်ဆေးဖို့ တရုတ်အမိန့်ထုတ် - ဧပြီ ၆ ရက် ကြာသပတေး ညနေခင်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ကမ်းစောင့်တပ်တွေ သင်္ဘောပေါ်တက် စစ်ဆေးတာကို လျစ်လျူရှုထားဖို့ သူတို့နိုင်ငံက ကုန်တင်သင်္ဘောတွေကို မှာကြားထားတယ်လို့ ထိုင်ဝမ် ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သွားတဲ့ ကုန်တင်သင်္ဘောတွေကို စစ်ဆေးဖို့ တရုတ်အစိုးရက သူ့ရဲ့ ကမ်းစောင့်တပ်တွေကိုအမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်းနဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌကယ်လ်ဗင်မက္ကာသီတို့ တွေ့ဆုံပြီးနောက် ထွက်ပေါ်လာတာပါ။
အခုလို တွေ့ဆုံမှုဟာ ထိုင်ဝမ်ကို သူတို့နိုင်ငံရဲ့ တစိတ်တဒေသ အဖြစ် သတ်မှတ်ထားတဲ့ တရုတ်အစိုးရအပေါ် ဒေါသထွက်စေတာ ဖြစ်ပါတယ်။
ထိုင်ဝမ်လုံခြုံရေးအတွက် ခိုင်မာပြီး တင်းကျပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ တရုတ်က ပြောပါတယ်။
အသရေဖျက်မှုနဲ့ ChatGPT ကိုတရားစွဲဖို့ သြစတြေးလျ အုပ်ချုပ်ရေးမှူးကို ပြင်ဆင်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဉာဏ်ရည်တု နည်းပညာ AI အခြေခံထားတဲ့ ChatGPT ရဲ့ ကုမ္ပဏီ OpenAI ကို အသရေဖျက်မှုနဲ့ တရားစွဲမယ်လို့ သြစတြေးလျ က ပြည်နယ်အုပ်ချုပ်ရေးမှူးတယောက်က ပြောပါတယ်။
ဗစ်တိုရီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး Brian Hood ဘရိုင်ယန် ဟု့ဒ်ဟာ အဂတိမှုနဲ့ ထောင်ကျဖူးတယ်လို့ မမှန်မကန် စွပ်စွဲပြောဆိုထားတာကြောင့် လို့ ဆိုပါတယ်။
တကယ်တော့သူဟာ အဂတိ အရှုပ်တော်ပုံ တခုအတွက် ဖွင့်ချ ထုတ်ပြန်ပြောဆိုခဲ့သူပါ။
အခုလို ChatGPT အမှားကြောင့် သူ့အနေနဲ့ အံ့သြတုန်လှုပ်မိတယ်လို့ မစ္စတာ ဟုဒ့်က ပြောပါတယ်။
ဒါဟာ AI ပါဝင်ပတ်သက်နေတဲ့ ပထမဆုံး ဥပဒေကြောင်းအရ တရားစွဲဆိုမှု ဖြစ်ပြီး ကုမ္ပဏီတွေ အနေနဲ့ သူတို့ပေးတဲ့ ဝန်ဆောင်မှုတွေမှာ သတင်းအချက်အလက်အမှားတွေ ထုတ်ခွင့်ရှိမရှိ ဆိုတာကို အဆုံးအဖြတ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
အမေရိကန်ကုမ္ပဏီဖြစ်တဲ့ OpenAI ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေး ပြောကြားတာ မရှိသေးပေမယ့် သူတို့ရဲ့ တချို့အဖြေတွေဟာ တိကျပြည့်စုံမှုမရှိဘူးလို့ChatGPT က ရှင်းလင်းချက် သတိပေးမှု ဆက်လက် ဖော်ပြလျက် ရှိပါတယ်။
ငွေတိုးပွားအောင်လုပ်မယ်ဆိုပြီး ငွေလိမ်ယူတဲ့ နတ်ဆရာအိမ်တဝိုက် အလောင်းတွေတွေ့လို့ ဖမ်းဆီး တရားစွဲထား

ဓာတ်ပုံ ရင်းမြစ်, KOMPAS
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာရှိတဲ့ ရွာတရွာက နတ်ဆရာကို ရဲက လူသတ်မှုနဲ့ ဖမ်းဆီး တရားစွဲထားပါတယ်။
သူ့အိမ်နားတဝိုက်မှာ အလောင်းတော်တော်များများ မြှုပ်ထားတာ တွေ့ခဲ့ရပြီးနောက် ရဲက အခုလို အရေးယူလိုက်တာပါ။
Slamet Tohari ကို အနည်းဆုံး လူ ၁၂ ယောက်သတ်ဖြတ်မှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။
ဂျာဗားကျွန်းအလယ်ပိုင်းက သူပိုင်မြေမှာ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေ မြှုပ်ထားတယ်လို့ ဝန်ခံထားကြောင်း ရဲက ပြောပါတယ်။
သူ့ရဲ့မှော်အတတ်ပညာတွေသုံးပြီး သူ့ကိုကိုးကွယ်သူတွေရဲ့ ငွေကို တိုးပွားအောင် လုပ်ပေးမယ်လို့ ဆိုကာ ငွေတွေကို ယူထားလေ့ရှိတာပါ။
အဲဒီနောက် ကိုးကွယ်သူတွေက သူတို့ငွေတွေပြန်တောင်းတဲ့အခါ နတ်ဆရာက အဆိပ်ခတ်သတ်ပစ် လေ့ရှိတယ်လို့ စွပ်စွဲပြောဆိုလျက်ရှိကြပါတယ်။
သူကတော့ သူ့ကိုးကွယ်သူတွေကို အစဉ်အလာအရ နေ့ဘက်ဆုတောင်းပေးဖို့ ဆိုပြီး သူ့အိမ်ကို ဖျားယောင်းခေါ်ကာ ပိုတက်ဆီယမ် ဆိုင်ရင်နိုက် နဲ့ စိတ်ငြိမ်ဆေးတွေကို ဖျော်ရည်ထဲ ထည့်တိုက်ခဲ့တာလို့ ပြောပါတယ်။
ပိတ်ထားတဲ့ နှစ်နိုင်ငံစက်မှုဇုန်ကို ပြန်ဖွင့်သုံးနေတဲ့ မြောက်ကိုရီးယားကို အရေးယူမယ်လို့ တောင်ကိုရီးယား ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယားမှာရှိတဲ့ နှစ်နိုင်ငံစက်မှုဇုန်ကို ခွင့်ပြုချက်မရှိဘဲ သုံးနေတာမရပ်ရင် လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ရမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
ကေဆောင်း စက်မှုဇုန်ကို နှစ်နိုင်ငံ ပြန်ပေါင်းစည်းရေး အထိမ်းအမှတ် အဖြစ် တချိန်က တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီမှာ မြောက်ကိုရီးယား အလုပ်သမားတွေက တောင်ကိုရီးယား ကုမ္ပဏီတွေ အတွက် ပစ္စည်းထုတ်ပေးခဲ့ရာက ၂ဝ၁၆ မှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေကြောင့် စက်မှုဇုန်ကို ပိတ်သိမ်းခဲ့တာပါ။
အဲဒီ စက်မှုဇုန်ပိုင် ဘတ်စကားတွေကို ပြုံယမ်းမှာ အသုံးပြုနေတာကို မြောက်ကိုရီးယား သတင်းစာတွေမှာ ဖော်ပြထားတာကို တောင်ကိုရီးယားက ထောက်ပြ ပြောဆိုနေပါတယ်။
တကယ်လို့ ကေဆောင်းစက်မှုဇုန်က စက်ရုံတွေ လည်ပတ်မှုကို မြောက်ကိုရီးယားက မရပ်ရင် တောင်ကိုရီးယား အရေးယူမယ်လို့ ဆိုပေမယ့် ဘယ်လို အရေးယူမလဲ ဆိုတာကိုတော့ ပြောမထားပါဘူး။








